သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်မှု အလွဲသုံးစားမှု နဲ့ အခွင့်ထူးခံစားမှု


စစ်အစိုးရဟာ ၁၉၈၈ ကနေ ဒီကနေ့အထိ တိုင်းပြည်မှာ လိုအပ်နေတဲ့ အခြေခံကောင်းတွေကို တည်ဆောက်ပေးခဲ့တယ်လို့ အစိုးရသစ်မူဝါဒ ရှင်းလင်းတဲ့မိန့်ခွန်းမှာ သမ္မတဦးသိန်းစိန်က ပြောပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်အစိုးရရဲ့ သက်တမ်းတနှစ်အတွင်းမှာ ဝန်ကြီးဌာန (၁၅) ခုဟာ ကျပ်သန်းပေါင်း ငါးသောင်းကျော်နဲ့ အမေရိကန်ဒေါ်လာနှစ်သိန်းကျော် အလွဲသုံးစားလုပ်ထားကြောင်း စာရင်းစစ်ချုပ်ဦးသိန်းထိုက်ကျော်က ပြည်ထောင်စုလွှတ်တော်ကို နိုဝင်ဘာလ (၁၄) ရက်နေ့က တင်ပြပါတယ်။ မွေးမြူးရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနက သန်းလေးသောင်းကျော် အလွဲသုံးစားလုပ်ထားက အများဆုံးပါ။

ကျန်တဲ့ဝန်ကြီးဌာန (၁၄) ခုကလည်း သန်းပေါင်းရာထောင်ချီပြီး အလွဲသုံးစားလုပ်ကြပါတယ်။ စာရင်းစစ်ချုပ်ရုံးက အရေးယူတဲ့အတွက် ပြန်ပေးကြတာရှိပေမယ့် ကျန်သန်းလေးသောင်းကျော်နဲ့ အမေရိကန်ဒေါ်လာ ခုနှစ်သောင်းကျော်ဆပ်ဖို့ ကျန်ရှိသေးတယ်လို့ ဆိုပါတယ်။ ကောင်းမွန်တဲ့အုပ်ချုပ်ရေးနဲ့ သန့်ရှင်းတဲ့အစိုးရ တည်ဆောက်ရေးဟာ အစိုးရသစ်ရဲ့ အရေးကြီးဆုံး လုပ်ငန်းဖြစ်တယ်လို့ ဦးသိန်းစိန်ပြောပြီး တနှစ်အကြာမှာ ဝန်ကြီးဌာန (၁၅) ခုရဲ့ မသမာမှုတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ယခင်စစ်အစိုးရအကြီးအကဲတွေဖြစ်တဲ့ ဦးသန်းရွှေနဲ့ ဦးမောင်အေး အပါအဝင် အငြိမ်းစားဗိုလ်ချုပ် (၇၀) အတွက် ကျပ်ငွေ (၁၇) သန်း အိုးအိမ်ဦးစီးဌာနက ဖြည့်စွက်ဘတ်ဂျက် တောင်းခံတာကို ပြည်ထောင်စုလွှတ်တော်က နိုဝင်ဘာ (၂၃) ရက်နေ့က အတည်ပြုလိုက်ပါတယ်။ ဒီပုဂ္ဂိုလ် (၇၀) ရဲ့ ထမင်းချက်၊ အိမ်ဖော်၊ ခြံလုပ်သား စတဲ့ ဝန်ထမ်းတွေအတွက် ထောက်ပံ့ကြေးတောင်းရတာလို့ ဆိုပါတယ်။ ဒီကိစ္စကိုဆွေးနွေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက်မှ မရှိကြောင်း ဧရာဝတီစာစောင်က နိုဝင်ဘာ (၂၆) မှာ သတင်းဖော်ပြပါတယ်။ လာမယ့် ဇန်နဝါရီ လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးဖွယ်ရှိပါတယ်။ နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတတွေ တာဝန်ပြီးဆုံးလို့ အနားယူရင် ဥပဒေနဲ့အညီ အငြိမ်းစားလစာနဲ့ သင့်တင့်လျောက်ပတ်တဲ့ ထောက်ပံ့မှု ရရှိစေရမယ်လို့သာ အခြေခံဥပဒေအပိုဒ် (၇၀) မှာ ဖော်ပြထားပါတယ်။

အခွင့်ထူးခံစားမှုနဲ့ အလွဲသုံးစားလုပ်မှုဟာ လုပ်ရိုးလုပ်စဉ်လို ဖြစ်ခဲ့တာမို့ အကျင့်ဟောင်းကို စွန့်လွှတ်ဖို့ ခက်ခဲနေပုံရပါတယ်။ အလွဲသုံးစားလုပ်တဲ့ ဝန်ကြီးဌာနဝန်ထမ်း (၇၀) ကျော်ကို အရေးယူခဲ့ပါတယ်။ ဒါပေမယ့် ပေးဆပ်စရာကျန်ရှိနေတဲ့ ဝန်ကြီးဌာန (၆) ခုဟာ လာမယ့် မတ် (၃၁) ရက်နေ့ မတိုင်မီ မပေးဆပ်နိုင်ရင် တရားစွဲဆိုပြီး ဒဏ်ငွေဆောင်ခိုင်းမယ်လို့ ပြည်သူ့ငွေစာရင်းကော်မတီကဆိုကြောင်း Weekly Eleven သတင်းစာမှာ နိုဝင်ဘာ (၁၈) ရက်နေ့က ဖော်ပြပါတယ်။ အဂတိလိုက်စားသူများတဲ့အတွက် ဖြုတ်ပစ်လိုက်ရင် အလုပ်လုပ်မယ့်သူ မရှိမှာကိုလည်း စိုးရိမ်ကြပုံရပါတယ်။ ကျွမ်းကျင်တဲ့ဝန်ထမ်းကို အစားထိုးဖို့မလွယ်တာကြောင့် အဂတိစားတိုင်း ချက်ချင်းဖြုုတ်ပစ်လို့ မဖြစ်နိုင်ကြောင်း ရန်ကုန်တိုင်းအစိုးရဝန်ကြီး ဦးဉာဏ်ထွန်းဦးက မနှစ်ကပြောဖူးပါတယ်။

တရားမျှတမှု၊ လွတ်လပ်မှုနဲ့ညီမျှမှု ထွန်းကားအောင် အစွမ်းကုန်ကြိုးစားရမယ်လို့ ဦးသိန်းစိန်က ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ စစ်တပ်နဲ့ ပတ်သက်တဲ့အဖွဲ့အစည်းတွေမှာ အချင်းချင်းအရေးယူဖို့ အခက်အခဲရှိပုံရပါတယ်။ MEC မြန်မာ့စီးပွားရေးကော်ပိုးရေးရှင်း တရားလက်လွှတ် လုပ်ကိုင်နေတာတွေဟာ ဝန်ထမ်းတစုက တိုင်ကြားထားတဲ့အတိုင်း ဖြစ်နေတာတွေ့ရပေမယ့် အရေးယူဖို့ စစ်ထောက်ချုပ်က တုံ့ဆိုင်းနေတဲ့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ သမ္မတဆီ တိုင်ကြားစာပေးပို့ထားတာကို သစ်ထူးလွင်စာစောင်မှာ ဖော်ပြပါတယ်။ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှာ ထင်သလိုကိုယ်ကျိုးရှာနေတာကို သက်ဆိုင်ရာက အရေးမယူတဲ့အတွက် အဖိနှိပ်ခံဝန်ထမ်းတစုက အချက်အလက် အပြည့်အစုံကိုးကားပြီး အထက်လူကြီးတွေကို သြဂုတ်လက တိုင်းကြားထားတာ ဖြစ်ပါတယ်။

အရပ်သားတပိုင်း ဦးသိန်းစိန်အစိုးရရဲ့ တာဝန်ဝတ္တရားတွေထဲမှာ ဦးသန်းရွှေနဲ့ အသိုင်းအဝိုင်းကို ကာကွယ်စောင့်ရှောက်တာလည်း ပါဝင်နေပုံရပါတယ်။ အငြိမ်းစား အခွင့်ထူးခံ သူဌေးဗိုလ်ချုပ်တွေရဲ့ အိမ်အလုပ်သမားလစာအတွက် အသုံးစရိတ်တောင်းတာကို ပြည်ထောင်စုလွှတ်တော်က မေးမြန်းစုံစမ်းခြင်းမရှိဘဲ အတည်ပြုလိုက်တာကိုကြည့်ရင် ဥပဒေအထက်မှာ လူပုဂ္ဂိုလ်တွေရှိနေတာကို သက်သေပြသလို ဖြစ်နေပါတယ်။ ဒီဖြစ်ရပ်ဟာ သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေရဲ့ အဆိုအမိန့်တွေကို ပေါ့တန်စေပါတယ်။ ပြုပြင်ရေးလုပ်တဲ့ ရည်ရွယ်ချက်ဟာ စစ်အုပ်စုအသိုင်းအဝိုင်းရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့သာ ဖြစ်တယ်ဆိုတဲ့ သင်္ကာမကင်းတဲ့ အယူအဆကိုလည်း ဒီဖြစ်ရပ်က ထောက်ခံသလို ဖြစ်နေပါတယ်။

စစ်အာဏာရှင်အစိုးရလက်ထက်မှာ မတရားအနိုင်ကျင့်တာတွေကို နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ ပြည်သူလူထုဟာ စစ်အုပ်စုကပဲဆက်ပြီး အကျိုးအမြတ်ခံစားတာကို စက်ဆုပ်ရွံရှာနေကြပုံ ရပါတယ်။ တရုတ်နဲ့စစ်အုပ်စု ကျိတ်ဝိုင်းလုပ် အမြတ်ထုတ်တာတွေဟာ ပြည်သူလူထုအတွက် မသတီစရာ ဖြစ်လာပါတယ်။ ဒါကြောင့် တဖက်က စစ်အုပ်စုအကျိုးစီးပွားရေးကို ကာကွယ်ပြီး တဖက်က ပြည်သူ့အကျိုးသယ်ပိုးမယ်ဆိုတာဟာ အလွန်ခက်ခဲပြီး အလွန်အချိန်ကြာမယ့် အလုပ်ပဲဖြစ်ပါတယ်။
XS
SM
MD
LG