သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အုပ်ချုပ်ရေးယန္တရား ပြုပြင်ရေး


ပြည်သူ့အကျိုးစီးပွားအတွက် လိုအပ်တဲ့ ဥပဒေတွေကို လွှတ်တော်မှာ ပြဌာန်းမယ်လို့ NLD ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ NLD အစိုးရ နေ့စဉ်ရက်ဆက် တိုက်ရိုက်ထိတွေ့ဆက်ဆံရမှာက စစ်အစိုးရအဆက်ဆက်က ရှိခဲ့တဲ့ အုပ်ချုပ်ရေးယန္တရား ဖြစ်ပါတယ်။ ပြည်ထဲရေးဌာန လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဟာ အစိုးရဗျူရိုကရေစီ ယန္တရားတခုလုံးကို ချုပ်ကိုင်ထားပါတယ်။ အစိုးရအာဏာစက်ရဲ့ ကျောရိုးအဖြစ် ကိုလိုနီခေတ်က မွေးထုတ်ထားတဲ့ အုပ်ချုပ်ရေးဌာန ဖြစ်ပါတယ်။ အခုဆိုရင် ဒီဌာနမှာ ဝန်ထမ်းပေါင်း လေးသောင်းလောက် ရှိတယ်လို့ ခန့်မှန်းပါတယ်။

အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရခေတ်မှာ ပုံနှိပ်ထုတ်ဝေတဲ့ စာအုပ်စာတမ်း မရှိသလောက် ရှားပါးပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ လွတ်လပ်မှု အထိုက်အလျောက် ရှိလာတာကြောင့် နိုင်ငံခြားအဖွဲ့အစည်းနဲ့တွဲပြီး သုတေသနလုပ်ထားတဲ့ အုပ်ချုပ်ရေးစာတမ်းနှစ်စောင် ထွက်လာပါတယ်။ အထွေထွေအုပ်ချုပ်ရေးဌာနအကြောင်း ကြည်ပြာချစ်စော နဲ့ Matthew Arnold က သုတေသနလုပ်ပြီး ၂၀၁၄ အောက်တိုဘာမှာ စာတမ်းထုတ်ဝေထားပါတယ်။ သုတေသီတွေ ဖြစ်ကြတဲ့ David Hook, တင်မောင်သန်း နဲ့ Dr. Kim Ninh တို့ကလည်း အုပ်ချုပ်ရေးယန္တရားအကြောင်း ၂၀၁၅ ဇွန်လမှာ စာတမ်းထုတ်ထားပါတယ်။

ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်း၊ ပြည်နယ် အဆင့်ဆင့်ကို အုပ်ချုပ်တဲ့ အစိုးရယန္တရား ဖြစ်တာမို့ ပြည်သူ့ဘဝနဲ့ အထိတွေ့ဆုံးဟာ အထွေထွေအုပ်ချုပ်ရေးဌာန ဖြစ်ပါတယ်။ ဒီဌာနဟာ စစ်ဗိုလ်ဦးဆောင်တဲ့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံဖြစ်တဲ့အတွက် တတိုင်းပြည်လုံးကို စစ်ဗိုလ်က အုပ်ချုပ်နေတဲ့သဘော ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ရေးနဲ့ အလှမ်းဝေးနေတဲ့ ဌာနကြီးတခုလို့လည်း ပြောနိုင်ပါတယ်။ အုပ်ချုပ်ရေးဌာနာဟာ ရဲတပ်ဖွဲ့၊ အထူးစုံစမ်းရေးအဖွဲ့၊ အကျဉ်းဦးစီးဌာန၊ မီးသတ်အဖွဲ့ စတာတွေနဲ့ လက်တွဲပြီး တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ပါတယ်။ မြေယာ၊ အခွန်၊ ကျေးလက်ဖွံ့ဖြိုးရေး၊ အဖွဲ့အစည်း မှတ်တမ်းတင်မှု၊ ဘွဲ့တံဆိပ်ချီးမြှင့်မှု စတာတွေကို အမှုထမ်း လေးသောင်းနဲ့ လုပ်ကိုင်နေတဲ့ ဌာန ဖြစ်ပါတယ်။ ဝန်ထမ်းတယောက်က လူဦးရေ (၁၃၈၈) ယောက်ကို အုပ်ချုပ်နေတဲ့သဘောမျိုး ဖြစ်ပါတယ်။

ကြည်ပြာချစ်စော နဲ့ Matthew Arnold တို့ရဲ့စာတမ်းဟာ အထွေထွေအုပ်ချုပ်ရေးဌာန လုပ်ကိုင်ဆောင်ရွက်ပုံတွေကိုသာ ဖော်ပြပြီး ဝေဖန်သုံးသပ်တာမျိုး မလုပ်ပါဘူး။ David Hook, တင်မောင်သန်း နဲ့ Dr. Kim Ninh တို့ ပြုစုပြီး အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ထုတ်ဝေတဲ့ အစီရင်ခံစာကတော့ အုပ်ချုပ်ရေးယန္တရားကို ဝေဖန်သုံးသပ်ပြီး ပြုပြင်ရေးအတွက် အကြံဉာဏ်ပေးထားတဲ့အတွက် NLD အစိုးရအတွက် အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ (၂၀) ရာစု အစောပိုင်း အိန္ဒိယ နဲ့ မြန်မာကို ချုပ်ကိုင်တဲ့ အင်္ဂလိပ်ကိုလိုနီ အုပ်ချုပ်ရေးဌာန ဝန်ထမ်းတဦးာ နိုင်ငံသား (၆) သောင်းကျော်ကို အုပ်ချုပ်တာမို့ ဗမာ့အုပ်ချုပ်ရေးဟာ ကိုလိုနီအုပ်ချုပ်ရေးထက် ပိုပြီးတင်းကျပ်သလို ဖြစ်နေပါတယ်။ လူဦးရေ သန်း (၂၅၀) ရှိတဲ့ အိန္ဒိယ နဲ့ မြန်မာ ကိုလိုနီမှာ စစ်မှုထမ်း (၆) သောင်း နဲ့ အုပ်ချုပ်ရေးဝန်ထမ်း (၄) ထောင်ကိုသာ အင်္ဂလိပ်က သုံးပါတယ်။

ရန်ကုန် နဲ့ နေပြည်တော်က အရာရှိ၊ လွှတ်တော်အမတ်၊ အကြံပေးပုဂ္ဂိုလ်၊ ဝန်ထမ်း၊ သတင်းစာအယ်ဒီတာ၊ အရပ်သားအဖွဲ့၊ လယ်သမား နဲ့ အလုပ်သမားတွေကို ကိုတင်မောင်သန်းတို့အဖွဲ့က တွေ့ဆုံမေးမြန်းပါတယ်။ နိုင်ငံရေးအမြင်မတူပေမယ့် ပြုပြင်ရေးသမားအားလုံးဟာ အုပ်ချုပ်ရေးယန္ဆရားကို ပြုပြင်ပြောင်းလဲစေချင်တယ်လို့ ဆိုပါတယ်။ အငြိမ်းစားညွှန်ကြားရေမှူးချုပ် တဦးကတော့ မဆလခေတ် မတိုင်မီက သုံးခဲ့တဲ့ အုပ်ချုပ်ရေးနည်းနဲ့ လုပ်ထုံးလုပ်နည်းတွေကို လေ့လာသုံးသင့်တယ်လို့ ဆိုပါတယ်။ အဲဒီခေတ်က အတွင်းဝန်တွေဟာ လုပ်ငန်းကျွမ်းကျင်သူတွေ ဖြစ်ပါတယ်။ ၁၉၈၈ နောက်ပိုင်းမှာ ဝန်ထမ်းအဖွဲ့အစည်းတွေ ပျက်စီးယိုးယွင်းလာပြီး အထက်က ခိုင်းသမျှ လုပ်တော့တာ ဖြစ်ပါတယ်။ အဆင့်မြှင့်ရာထူးမှန်သမျှ စစ်ဗိုလ်လူထွက်တွေလက်ထဲ ရောက်ကုန်လို့ ကျွမ်းကျင်မှု မရှိတာလို့ ဆိုပါတယ်။

နိုင်ငံ့ဝန်ထမ်းရာထူးကို လက်ခံရယူတဲ့ စစ်ဗိုလ်ကြီးတွေဟာ ပေါ်လစီမူဝါဒနဲ့ ပတ်သက်လာရင် ဘာမှမသိဘဲ အမိန့်နာခံဖို့သာ သိတယ်လို့ လွှတ်တော်ကော်မတီဝင်တဦးက ဆိုပါတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးယန္တရား ပြုပြင်ရေးမှာ ဦးသိန်းစိန်အစိုးရရဲ့ အောင်မြင်မှုအချို့ကိုလည်း ဖော်ပြပါတယ်။ လွှတ်တော်၊ ပြည်သူလူထု နဲ့ နိုင်ငံ့ဝန်ထမ်းတွေကြားမှာ အားကောင်းတဲ့ ပုံမှန်ဆက်သွယ်ရေးလမ်းကြောင်း ရှိဖို့လိုတယ်လို့ ဆိုပါတယ်။ အုပ်ချုပ်ရေးယန္တရားမှာပါတဲ့ နိုင်ငံ့ဝန်ထမ်းက ကျွမ်းကျင်မှုကို ပြနိုင်ရင် နိုင်ငံသားတွေက ယုံကြည်လာလိမ့်မယ်လို့ ဆိုပါတယ်။ စစ်ဗိုလ်လူထု ရာထူးပေးတဲ့ဓလေ့ကို ရပ်ဆိုင်းဖို့လိုပါတယ်။

စစ်အာဏာရှင်စနစ်က ဒီမိုကရေစစီစနစစ်ကို အသွင်ကူးပြောင်းတဲ့အခါမှာ အာဏာရှင် သုံးခဲ့တဲ့ အုပ်ချုပ်ရေးယန္တရားကြီးကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်လာပါတယ်။ အုပ်ချုပ်ရေးယန္တရား ပြုပြင်ပြောင်းလဲရေးကို သမ္မတရုံးကစပြီး လုပ်နိုင်ပုံကိုလည်း ဖော်ပြပါတယ်။ ကျွမ်းကျင်တဲ့ ဝန်ထမ်းရရှိရေး၊ ၊ ကောင်းမွန်တဲ့ ဘဏ္ဍာရေး၊ တိုင်းနဲ့ပြည်နယ် အစိုးရတွေ အားကောင်းရေး၊ ပြည်သူ့ဝန်ဆာင်မှုလုပ်ငန်း ကောင်းမွန်ရေး၊ သန့်ရှင်းတဲ့အစိုးရ ဖြစ်ပေါ်ရေး။ နိုင်ငံ့စီးပွားရေးလုပ်ငန်း ပြုပြင်ပြောင်းလဲရေး စတာတွေကို အဓိကထားဖို့ David Hook, တင်မောင်သန်း နဲ့ Dr. Kim Ninh တို့က အကြံပေးထားပါတယ်။

XS
SM
MD
LG