မြန်မာ့စီးပွားရေးမှာ စစ်တပ်ပိုင်းလုပ်ငန်း အများအပြား ပါဝင်ပေမယ့် ဘယ်လောက် အချိုးအစား ရှိတာကို ခန့်မှန်းတာမျိုး မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်တွေဟာ သဘာဝသယံဇာတ ထွက်ပေမယ့် အကျိုးမခံစားကြရတာ များပါတယ်။ ၂၀၁၄ အစိုးရအသုံးစရိတ်မှာ စစ်တပ်အတွက် (၂၃) ရာခိုင်နှုန်း သတ်မှတ်တာမို့ တိုင်းပြည်အသားတင် ထုတ်လုပ်မှုရဲ့ (၅) ရာခိုင်နှုန်းကို စစ်တပ်အတွက် သုံးတယ်လို့ ဆိုနိုင်ပါတယ်။ အစိုးရ ကာကွယ်ရေး အသုံးစရိတ်ကိုသာ သိနိုင်ပြီး စစ်တပ်စီးပွားရေးလုပ်ငန်းရဲ့ အတိုင်းအဆကိုတော့ မသိနိုင်ဘဲ ဖြစ်နေပါတယ်။ စစ်တပ်လုပ်ငန်းတွေ ကြီးစိုးတာကိုသာ ယေဘုယျ သိကြပါတယ်။
သဘာဝသယံဇာတရတဲ့ အကျိုးအမြတ်ကို ဖယ်ဒရယ်သဘောတရားနဲ့အညီ မျှမျှတတ ခွဲဝေပေးနိုင်အောင် ဆောင်ရွက်မယ်လို့ NLD အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ဖော်ပြထားပါတယ်။ ပြုပြင်ရေးနဲ့ ငြိမ်းချမ်းရေးအစီအစဉ်မှာ သဘာဝသယံဇာတ မျှမျှတတ ခွဲဝေရေးဟာ အဓိကကျတယ်လို့ ပြည်နယ်ခေါင်းဆောင်ပိုင်းနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းအချို့က မြင်ပါတယ်။ ဒီအတောအတွင်း လန်ဒန်၊ နယူရော့ခ် နဲ့ ဝါရှင်တန်ဒီစီ အခြေစိုက် Natural Resource Governance Institute က လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလက Sharing the Wealth ‘ဥစ္စာဓန ခွဲဝေကြ’ ဆိုတဲ့ စာတမ်းထုတ်ဝေပါတယ်။
မြန်မာ့သယံဇာတကို မျှမျှတတ ခွဲဝေနိုင်တဲ့ နည်းလမ်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။ ရခိုင်၊ ကချင် နဲ့ ရှမ်းပြည်နယ်တွေက သယံဇာတ ခွဲဝေပေးဖို့ အတိအလင်း တောင်းဆိုနေချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ထုတ်ဝေလိုက်တဲ့ စာတမ်း ဖြစ်ပါတယ်။ ဖယ်ဒရယ်ကို ဆွေးနွေးရင် သဘာဝသယံဇာတ ခွဲဝေရေးကိုပါ မလွှဲမသွေ ဆွေးနွေးရပါလိမ့်မယ်။ ကျောက်မျက်ဒေါ်လာသန်း (၁၂၃၀၀) ဖိုး မြန်မာက တရုတ်ကို တင်ပို့တယ်လို့ ကုလသမဂ္ဂစာရင်းအရ သိရပေမယ့် Global Witness အဖွဲ့ကတော့ အဲဒီနှစ်မှာ ကျောက်စိမ်း ဒေါ်လာသန်း (၃၁၀၀၀) ဖိုး ထွက်တယ်လို့ ဆိုပါတယ်။ မှောင်ခိုလုပ်ငန်း အမြဲရှိနေတာမို့ သယံဇာတ ရောင်းရငွေဟာ အစိုးရကြေညာတာထက် ဆယ်ဆကျော် ပိုများမယ်လို့ ခန့်မှန်းပါတယ်။ သယံဇာတဝင်ငွေ ခွဲဝေရေးကို စဉ်းစားရင် လုပ်ငန်းဝင်ငွေသိဖို့ လိုအပ်ပေမယ့် ဦးသိန်းစိန်အစိုးရက မကြေညာပါဘူး။
ပြည်သူ့ပါတီ NLD ဦးစီးတဲ့ လွှတ်တော်နဲ့ အစိုးရ ပေါ်ထွက်လာတာကြောင့် အခွန်ဘဏ္ဍာခွဲဝေရေး နဲ့ ဖယ်ဒရယ်စနစ် တည်ဆောက်ရေးအတွက် တောင်းဆိုသံဟာ အရင်ကထက်ပိုပြီး ကျယ်လောင်လာပါတယ်။ သဘာဝသယံဇာတကရတဲ့ ဝင်ငွေကို ဖယ်ဒရယ်သဘောတရားနဲ့အညီ မျှမျှတတ ခွဲဝေနိုင်အောင် ဆောင်ရွက်မယ်လို့ NLD က ကြေညာထားတဲ့အတွက် သယံဇာတ အကျိုးအမြတ်ကို တိုင်းနဲ့ပြည်နယ်ကို ခွဲဝေပေးရေးဟာ အလေးအနက် ဆွေးနွေးရမယ့်ကိစ္စ ဖြစ်လာပါတယ်။ Arakan Oil Watch အဖွဲ့ကလည်း ဒီအကြောင်းကို ဖေဖေါ်ဝါရီလက အစီရင်ခံစာ ထုတ်ထားပါတယ်။ ဒီစာတမ်းအကြောင်း နောင်အခါ တင်ပြပါမယ်။ သယံဇာတခွဲဝေမှုကြောင့် Peru နိုင်ငံမှာ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတာကို တွေ့ရတဲ့အတွက် ဒီကိစ္စကို အသေအချာ သင်ခန်းစာယူနိုင်ဖို့ အလွန်အရေးကြီးပါတယ်။
တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးကြီးတဲ့ အခန်းက ပါဝင်တဲ့ သယံဇာတဝင်ငွေ ခွဲဝေရေးကို အဆင့် (၈) ဆင့်နဲ့ ချည်းကပ်ဖို့ အကြံပေးထားပါတယ်။ ပထမအဆင့်က ခွဲဝေရေး လုပ်ရတဲ့ ရည်ရွယ်ချက်ကို သက်ဆိုင်သူအားလုံး သဘောတူဖို့ ဖြစ်ပါတယ်။ ဒုတိယအဆင့်မှာ ဗဟို နဲ့ ပြည်နယ်တွေအကြား ဘယ်လို ပုံစံနဲ့ ဝေခွဲမယ်ဆိုတာကို ဆုံးဖြတ်ရပါတယ်။ ဘယ်သယံဇာတကို ခွဲဝေမယ်ဆိုတာကို ဆုံးဖြတ်တာက တတိယအဆင့်ပါ။ စတုတ္ထကတော့ တိုင်းနဲ့ပြည်နယ်ကို ဘယ်ပုံဘယ်နည်းနဲ့ ဖြန့်ဝေမယ်ဆိုတာကို ဆုံးဖြတ်တာ ဖြစ်ပါတယ်။ လက်ခံရယူမယ့် အဖွဲ့အစည်း သတ်မှတ်တာက ဆဌမအဆင့် ဖြစ်ပါတယ်။ သိသာမြင်သာမှု နဲ့ ကြီးကြပ်မှုက သတ္တမအဆင့်ဖြစ်ပြီး၊ စတင်အကောင်အထည် ဖော်ဆောင်တာက အဌမအဆင့် ဖြစ်ပါတယ်။
သဘာဝသယံဇာတကရတဲ့ ဝင်ငွေကို ခွဲဝေရာမှာ ရည်ရွယ်ချက်အတိုင်း ဖြစ်မလာတာတွေလည်း ရှိပါတယ်။ သယံဇာတ ထုတ်ယူမှုကြောင့် နစ်နာသွားတဲ့ ဒေသခံလူ့အဖွဲ့အစည်းကို လျှော်ကြေးပေးရာမှာ ရည်ရွယ်တဲ့အတိုင်း ဖြစ်မလာဘဲ ပိုပြီးဆင်းရဲသွားတာလည်း ရှိပါတယ်။ ဒီလိုဖြစ်လာရင် တည်ငြိမ်အေးချမ်းမှု မရှိတော့တဲ့အတွက် အမျိုးသားညီညွတ်ရေးအတွက် အန္တရာယ်ကြီးလာပါတယ်။ မှောင်ခိုစီးပွားရေး အားကောင်းမှု၊ အခွန်တော်စနစ် အားနည်းမှု၊ စစ်တပ်ပိုင်လုပ်ငန်း ကြီးစိုးမှု စတာတွေကြောင့် သယံဇာတဝင်ငွေဟာ မြန်မာ့အစိုးရဘတ်ဂျက်မှာ အလွန်နည်းနေပါတယ်။ ဒီလို အခြေအနေမျိုးမှာ သယံဇာတ ခွဲဝေရေးလုပ်တာဟာ ပြဿနာ ရှိနိုင်တယ်လို့ ဆိုပါတယ်။
သယံဇာတဝင်ငွေ တိုးပွားလာအောင် အလေးအနက် မကြံဆောင်ဘဲ လက်ရှိအတိုင်း ခွဲဝေမယ်ဆိုရင် တိုင်းနဲ့ပြည်နယ်တွေဟာ အနည်းအကျဉ်းသာ အကျိုးခံစားရမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနဲ့ ဒေသဆိုင်ရာ ခေါင်းဆောင်တွေရဲ့ သဘောတူညီမှု ရယူပြီး ရေးဆွဲတဲ့ ခွဲဝေရေးဆိုင်ရာ ရည်ရွယ်ချက် ရှိဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့်မို့ သယံဇာတဝင်ငွေ မျှမျှတတ ခွဲဝေရေး စီမံကိန်းအောင်မြင်အောင် NLD အစိုးရအနေနဲ့ အကောင်အထည်ဖော်သင့်တာတွေကို Natural Resource Governance Institute ရဲ့ Sharing the Wealth စာတမ်းမှာ အကြံပေးတင်ပြထားပါတယ်။