သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံနဲ့ အညီပေါ်ပေါက်လာတဲ့ အစိုးရအဖွဲ့သစ်ကို တပ်မတော်က အပြည့်အ၀ အကာအကွယ် ပေး၊ ကူညီရမယ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၇၁)ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားတက်ရောက်လာစဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၇၁)ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားတက်ရောက်လာစဉ်

မတ်လ ၂၇ ရက်နေ့ဟာ တပ်မတော်နေ့ပါ။ အရင်တုန်းကတော့ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့တာကို အထိမ်းအမှတ်ပြုပြီး တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြပါသေးတယ်။ တစ်ပြိုင်နက်တည်းပါပဲ။ အခုရက်ပိုင်း မြန်မာနိုင်ငံမှာ သမိုင်းဝင် အချိန်ကာလ တစ်ခုကို ဖြတ်သန်းနေရပါတယ်။ နောက် သုံးရက်လောက်ဆိုရင် သမ္မတ ဦးသိန်းစိန်ဟာ ပြည်ထောင်စု လွှတ်တော်သစ်က ရွေးချယ်တင်မြှောက်ပေးလိုက်တဲ့ သမ္မတ အသစ် ဦးထင်ကျော်ကို တိုင်းပြည် တာဝန်လွဲှပြောင်း ပေးအပ်ပါတော့မယ်။ တစ်ပြိုင်နက်တည်းမှာပဲ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမ ဦးဆုံးအကြိမ်အဖြစ် ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သူတွေက ရွေးချယ်ပေးတဲ့ အစိုးရအဖွဲ့သစ်က တိုင်းပြည်ကို စီမံခန့်ခွဲပါတော့မယ်။ ဒါဟာ လက်ရှိ တပ်မတော် စစ်ခေါင်းဆောင်တွေအတွက်လည်း တစ်ကြိမ်တစ်ခါမှ မကြုံဘူး မဆုံဘူးတဲ့ အတွေ့အကြုံသစ်ပါ။ လက်ရှိ အခြေအနေကို တပ်မတော် စစ်ခေါင်းဆောင်တွေ ဘယ်လို သဘောထားသင့်သလဲ၊ တပ်မတော်အနေနဲ့ ဘာတွေ ဆောင်ရွက်ပေးသင့်သလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

အခုပေါ်ပေါက်လာမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရပြီး ဖွဲ့စည်းပုံနဲ့အညီ ဖြစ်ပေါ်လာတဲ့ အစိုးရအဖွဲ့ ဖြစ်လို့ တပ်မတော်က ကြိုဆိုရမှာပါ။ သမ္မတ အသစ် ရွေးကောက်တင်မြှောက်နိုင်တာ၊ အစိုးရအဖွဲ့သစ် ခန့်အပ်နိုင်တာနဲ့ ပတ်သက်လို့ အာဏာလက်လွှတ် ဆုံးရှုံးသွားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတစ်ချို့က လက်သင့်မခံနိုင်ဖြစ်မှာ မှန်ပေမယ့် တိုင်းရင်းသား ပြည်သူအများကတော့ ဝမ်းမြောက်ဝမ်းသာ ရှိနေကြတာ မြင်တွေ့ကြားသိနိုင်ပါတယ်။ တပ်မတော် ဆိုတာကလည်း ပြည်သူလူထုထဲက ပေါက်ဖွားလာတာမို့ တပ်မတော် မိသားစု အသိုင်းအဝိုင်းကြားမှာလည်း အခုလိုပဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြလိမ့်မယ်လို့ ယူဆ နိုင်ပါတယ်။ နိုင်ငံတကာ မိသားစုကြီးကလည်း အစိုးရအဖွဲ့သစ်ကို ကြိုဆိုနေကြတာ နေ့စဉ်နဲ့ အမျှပါပဲ။

တိုက်ရိုက် လင့်ခ်

ဒီလို အခြေအနေအောက်မှာ အစိုးရအဖွဲ့သစ်ကို တပ်မတော်က ကြိုဆို လက်ခံယုံတင်မက၊ အဲဒီ အစိုးရသစ် တိုင်းပြည်ကို တည်တည်ငြိမ်ငြိမ်နဲ့ စီမံခန့်ခွဲ နိုင်အောင် အာမခံချက်ပေး၊ အပြည့်အ၀ ကူညီပေးရပါလိမ့်မယ်။ အကြောင်းကတော့ တပ်မတော် စစ်ခေါင်းဆောင်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ့် တာဝန်ကို အပြည့်အ၀ ရယူထားတဲ့အတွက် ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာတဲ့ အစိုးရကို အပြည့်အ၀ ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိသွားလို့ပဲ ဖြစ်ပါတယ်။

နောက်ထပ် အရေးကြီးတာ တစ်ချက်က တိုင်းပြည်မှာ စစ်အာဏာရှင်စနစ် နောက်တစ်ကြိမ် ပြန်ပေါ်ပေါက်မလာအောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ဖို့ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ စစ်အာဏာရှင်စနစ် ကျင့်သုံးဖို့ ဆိုတဲ့ အချက် မပါသလို၊ အရင်က စစ်အာဏာရှင် စနစ် ကျင့်သုံးခဲ့လို့ တိုင်းပြည်ထဲမှာ ကိုယ့်အမျိုးသား အချင်းချင်းလဲ သွေးကွဲ၊ တိုင်းရင်းသားတွေနဲ့လည်း ပဋိပက္ခဖြစ်၊ တိုင်းပြည်လဲ ဆင်းရဲမွဲပြာကျ ဆိုတဲ့ အခြေအနေမျိုး ရောက်ခဲ့ဖူးလို့ပဲ ဖြစ်ပါတယ်။ ဒီအတွက် တပ်မတော်ဟာ အရင်တုန်းကတော့ ထိပ်ဆုံးက အာဏာရှင်ကြီး တစ်ယောက်ရဲ့ စကားကို မြေဝယ်မကျ နားထောင်တဲ့ တပ်မတော် အဖြစ်ကနေ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နာခံတဲ့ တပ်မတော်၊ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာတဲ့ နိုင်ငံ့ အထွဋ်အထိပ် သမ္မတ ကို လေးစားတဲ့ တပ်မတော်မျိုး ဖြစ်လာအောင် လှည့်ပြောင်းဖို့ လိုပါတယ်။

တစ်ချို့သော အာဏာနဲ့ လုပ်ပိုင်ခွင့် ဆုံးရှုံးသွားသူတွေကတော့ နိုင်ငံကို စစ်အုပ်ချုပ်ရေး ပြန်လာစေချင်တာမျိုး ရှိကောင်း ရှိနိုင်ပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံကို အားကျတာမျိုးလည်း ရှိနိုင်ပါတယ်။ တပ်မတော် စစ်ခေါင်းဆောင်တွေကတော့ ဒါတွေကို နားမယောင်ဖို့ လိုပါတယ်။ ဒါပြီးရင် အရေးအကြီးဆုံး အချက်ကတော့ တပ်မတော်ဟာ မူလ တာဝန်ဖြစ်တဲ့ အချုပ်အခြာ အာဏာထိမ်းသိမ်းစောင့်ရှောက်ရေးလို ပြသနာမျိုးကို ပြန်ပြီး အာရုံစိုက်ဖို့ပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် အရင် စစ်အာဏာရှင်တွေဟာ တိုင်းသူပြည်သားတွေကို နှိပ်စက်ဖို့လောက်၊ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေကို ဝေမျှစားသောက်ဖို့လောက် စိတ်ဝင်စားခဲ့ကြပြီး တကယ့် တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာ ကာကွယ်စောင့်ရှောက်ရေးကိုတော့ လျစ်လျူရှုခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှာ နိုင်ငံ့အချုပ်အခြာအာဏာ ပိုင်စိုးမှု လုံး၀ မရှိတဲ့၊ ဒီရေ၊ ဒီမြေဟာ မြန်မာ့ပိုင်နက် နယ်မြေပါလို့ ပြောလို့ မဖြစ်နိုင်လောက်တဲ့ နယ်မြေတွေ အထင်အရှား ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။ တာဝန်ယူတတ်မယ် ဆိုရင် တပ်မတော်စစ်ခေါင်းဆောင်တွေ အတွက် အရှက်ရစရာ ကောင်းတဲ့ အခြေအနေမျိုးပါ။ ဘယ်လိုပဲဖြစ်ဖြစ် ခေတ်သစ် စနစ်သစ် စတင်ချိန်မှာ တပ်မတော်ဟာ ဒီလို အချုပ်အခြာအာဏာ ပိုင်စိုးရေး ကိစ္စလိုမျိုးကို ကောင်းကောင်း အာရုံစိုက်သင့်ပါတယ်။ နောက်တစ်ချက်က တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်ဆောက်ရေး အတွက် လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး တည်ဆောက်ဖို့ပါ။ ဒီ ပြသနာနဲ့ ပတ်သက်ရင် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ဟာ ငြိမ်းချမ်းရေး အတွက် သမိုင်းတွင်မယ့် ကြိုးစား အားထုတ်မှုတွေ လုပ်ခဲ့သလို၊ အောင်မြင်မှုလည်း ရသင့်သလောက် ရခဲ့ပါတယ်။ ဒီလို အောင်မြင်မှု ရခဲ့တာကလည်း သမ္မတ ဦးသိန်းစိန် အစိုးရက ဆောင်ရွက်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို တပ်မတော်ဘက်က အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ခဲ့လို့ ဖြစ်ပါတယ်။ အခုလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ ငြိမ်းချမ်းရေး ကိစ္စတွေ ဆောင်ရွက်ပါတော့မယ်။ ဒီအခါ တပ်မတော် စစ်ခေါင်းဆောင်တွေဟာ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့လက်ထက်တုန်းကလိုပဲ ဒေါ်အောင်ဆန်းစုကြည် အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အပြည့်အ၀ အားပေးထောက်ခံ ပူးပေါင်းပါဝင်သင့်ပါတယ်။

နောက်တစ်ချက်ကတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောပြောနေတဲ့ Standard Army တည်ဆောက်ရေးပါ။ တပ်မတော်ကို ပြည်ထောင်စု တပ်မတော် ပုံစံ ဖြစ်လာအောင် ပေါ်လစီတွေ ပြုပြင်ပြောင်းလဲပြီး တည်ဆောက်ရမှာဖြစ်သလို၊ ရုပ်ပိုင်းဆိုင်ရာအရ ခေတ်မီ တပ်မတော်ဖြစ်ဖို့လည်း လိုပါတယ်။ ဒါနဲ့ ပတ်သက်ရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် နေပြည်တော်မှာ ပြောခဲ့တဲ့ စကား တစ်ခွန်းရှိပါတယ်။ အဲဒါကတော့ နိုင်ငံ့စီးပွားရေး ကောင်းမွန်လာမယ် ဆိုရင် နိုင်ငံရေး တည်ငြိမ်မှု ရှိပြီး၊ ကာကွယ်ရေး စွမ်းအားလည်း မြင့်မားလာမယ် ဆိုတဲ့ စကားပါ။ ဒါ အလွန်မှန်တဲ့ စကားပါ။ ဒီအတွက် တပ်မတော် စစ်ခေါင်းဆောင်တွေဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို တာဝန်ယူထားရတဲ့ အင်န်အယ်လ်ဒီ အစိုးရ တည်တည်ငြိမ်ငြိမ်နဲ့ အလုပ်လုပ်နိုင်အောင် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပေးကြရပါလိမ့်မယ်။

တိုင်းပြည်တည်ငြိမ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပါမှ တပ်မတော်ကိုလည်း ခေတ်မီတပ်မတော် အဖြစ် တည်ဆောက်နိုင်မှာပါ။ ဒါမှလည်း တိုင်းပြည်ကြီးထဲမှာ တိုင်းပြည်ငယ် လာဆောက်နေသူတွေက လေးစားခန့်ညားရတဲ့ တပ်မတော် ဖြစ်လာမှာဖြစ်ပြီး အချုပ်အခြာအာဏာကို တကယ်ကာကွယ်နိုင်မယ့် တပ်မတော်ကြီး ဖြစ်လာမှာပါ။ ခြုံပြီးပြောရရင် ခေတ်သစ် အစကို ရောက်ရှိချိန်မှာ တပ်မတော်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ ပေါ်ပေါက်လာတဲ့၊ တိုင်းပြည်ကို ငြိမ်းချမ်းအောင်၊ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ကျဉ်းပေးမယ့် အင်န်အယ်လ်ဒီ အစိုးရကို အပြည့်အ၀ အားပေးထောက်ခံ၊ အကူအညီ ပေးသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG