သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေး ပြောတာ ဘာအဓိပ္ပါယ် သက်ရောက်သလဲ


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး

ဒီတစ်ပါတ်အတွင်း နိုင်ငံရေးနဲ့ သတင်းလောကမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေတဲ့ သတင်းတစ်ပုဒ်ကတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးရဲ့ ပြောစကားတွေပါပဲ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့ ရန်ကုန် မီကာဆာ ဟိုတယ်မှာ ရုပ်ရှင်၊ ဂီတ အနုပညာရှင်တွေနဲ့ တွေ့ဆုံပွဲမှာ သူက လွှတ်တော်ထဲမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း ပါဝင်ခြင်းဟာ အာဏာ ပြန်မသိမ်းဖို့ အတွက်ဖြစ်တဲ့အကြောင်း၊ ဒါပေမယ့် တိုင်းပြည် မတည်ငြိမ် မအေးချမ်းဘူး ဆိုရင်တော့ စစ်တပ်က အာဏာသိမ်းရမှာပဲ ဖြစ်ကြောင်း ပြောလိုက်လို့ပါပဲ။

လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌလည်းဖြစ်၊ အရင် စစ်အာဏာရှင်ခေတ်က ထိပ်တန်းတာဝန်ယူခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်းလည်း ဖြစ်တဲ့ ဦးတင်အေး ပြောလိုက်တဲ့ စကား အပြည့်အစုံဟာ ဘာလဲ၊ ဘာရည်ရွယ်ချက်နဲ့ ပြောလိုက်တာလဲ၊ အကျိုးဆက်က ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

ဦးတင်အေး ပြောခဲ့တာတွေက ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းခဲ့တယ် ဆိုတာ အကျိုးအကြောင်း ခိုင်လုံပြီး မှန်ကန်တယ် ဆိုတဲ့အကြောင်း၊ အာဏာရှင် ဦးနေဝင်း အုပ်ချုပ်ခဲ့တဲ့ ၁၉၆၂ ကနေ ၁၉၈၈ ခုနှစ်အထိ ၂၆ နှစ်တာကာလ လုပ်ကိုင် ဆောင်ရွက်ခဲ့သမျှတွေဟာ မူဝါဒသဘောတရား ကောင်းမွန်ပေမယ့် အကောင်အထည် ဖော်သူတွေ အားနည်းလို့ မအောင်မမြင်ဖြစ်ပြီး ၁၉၈၈ အရေးအခင်း ဖြစ်ပေါ်လာတဲ့အကြောင်း၊ ၁၉၈၈ မှာလည်း စစ်တပ်ဟာ မလွှဲမရှောင်သာလို့ အာဏာသိမ်းခဲ့ရတာ ဖြစ်ကြောင်း၊ ဒါကြောင့် ၁၉၉၀ မှာ ရွေးကောက်ပွဲလုပ်ပေးခဲ့တာ ဖြစ်ပေမယ့် အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရတဲ့အခါ အာဃာတတရား ရှေ့ထားတဲ့အတွက် အာဏာ လွှဲမပေးခဲ့တာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

ဒါကြောင့် နောက်ပိုင်း အာဏာသိမ်းတာတွေ မဖြစ်အောင် ဖွဲ့စည်းပုံ ရေးဆွဲပြီး လွှတ်တော်ထဲမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း ရယူထားခဲ့တဲ့အကြောင်း၊ ဒါပေမယ့်လည်း တိုင်းပြည် မတည်မငြိမ်ဖြစ်လာရင်၊ ဆူဆူပူပူ ဖြစ်လာရင် အာဏာပြန်သိမ်းရမှာပဲ လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဦးတင်အေး ပြောတာတွေကို ခြုံငုံသုံးသပ်ကြည့်ရင် တိုင်းပြည်ကို ပျက်စီးစေခဲ့တဲ့၊ ကမ္ဘာ့အလည်မှာ အောက်ကျနောက်ကျ ဖြစ်စေခဲ့တဲ့ စစ်အာဏာရှင် စနစ်ကို အပြည့်အ၀ ကာကွယ်ပြောဆိုသွားတာ တွေ့ရမယ် ဖြစ်ပါတယ်။ တကယ်တော့ ဒီ ပြောဆိုမှုတွေဟာ အရင် စစ်အစိုးရခေတ်ကလည်း ခုလိုပဲ ထပ်တလဲလဲ ပြောဆို ဝါဒဖြန့်ခဲ့တာ ဖြစ်ပါတယ်။ ပြည်သူတွေကရော နိုင်ငံတကာကပါ ဘယ်သူကမှ လက်ခံတာ မဟုတ်ပါဘူး။

တကယ့်အဖြစ်မှန်ကတော့ ၁၉၆၂ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းတယ် ဆိုတာ ဘယ်လို တိုင်းပြည် ပြိုကွဲမယ့် အန္တရယ်ကြောင့်မှ မဟုတ်ပါဘူး။ အာဏာမက်မော လို့ကို အာဏာသိမ်းလိုက်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နောက်ပိုင်း တော်လှန်ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ ခေါင်းစဉ် အမျိုးမျိုးတပ်ပြီး ၂၆ နှစ်တိုင်တိုင် တစ်ဦးတည်း အာဏာရှင်စနစ်နဲ့ အုပ်ချုပ်သွားခဲ့တာ ဘယ်သူမှ ငြင်းလို့ရတဲ့ အချက်မဟုတ်ပါဘူး။ အာဏာရှင် စနစ်ကြောင့် တိုင်းပြည် အဖက်ဖက်က ချွတ်ခြုံကျ၊ ကုန်းကောက်စရာ မရှိတော့တဲ့ အခြေအနေကျမှ ပြည်သူတွေ အုံကြွပေါက်ကွဲလာပြီး ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒပြမှုတွေ ပေါ်ပေါက်လာတာပါ။

ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒပြတဲ့ ကာလ အတွင်း လူတစ်ချို့ မင်းမဲ့စရိုက်ဆန်တဲ့ လှုပ်ရှားမှု လုပ်တာ ရှိသလို၊ အဲလို မင်းမဲ့စရိုက် ဆန်ဆန် ပြသနာမျိုးပေါ်ပေါက်လာအောင် အာဏာပိုင်တွေကိုယ်တိုင် ဖန်တီးလုပ်ကိုင်ခဲ့တယ် ဆိုတဲ့ အထောက်အထားတွေလည်း အများကြီး ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းမဲ့စရိုက်တွေက ဆိုးရွားခဲ့တယ် ဆိုရင်တောင် စစ်တပ်အနေနဲ့ အလွန်ဆုံးလုပ်ရမှာက အဲဒီ မင်းမဲ့စရိုက် ပြုလုပ်သူတွေကို နှိမ်နင်းဖို့ပါပဲ။ အာဏာသိမ်းပြီး တိုင်းပြည်ကို ဆယ်စုနှစ်နဲ့ချီ အုပ်ချုပ်မင်းလုပ်ဖို့ လိုကို မလိုအပ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ မင်းမဲ့ စရိုက်ဖြစ်တာလေး အကြောင်းပြပြီး စစ်အာဏာရှင်တွေဟာ တိုင်းပြည်ကို နောက်ထပ် အနှစ် ၂၀ ကျော် အုပ်ချုပ်ခဲ့ပြန်ပါတယ်။

အဲဒီတစ်ကြိမ် အုပ်ချုပ်မှုကတော့ ပိုဆိုးပါတယ်။ အရင် အာဏာရှင် ဦးနေဝင်း လက်ထက်ကထက် ပိုဆိုးသလို အိမ်နီးချင်း စစ်အာဏာရှင်တွေထက်လည်း ပိုပြီး ဆိုးတဲ့ အကျိုးဆက်တွေ ဖြစ်စေခဲ့ပါတယ်။ အဲဒါတွေကတော့ တပ်မတော်ကို ဗမာလူမျိုးကြီးတွေရဲ့ တပ်မတော်ဖြစ်အောင် ဖန်တီးတာ၊ အစိုးရယန္တယားထဲ စစ်အရာရှိဟောင်းတွေကို ထည့်ပြီး ဗျူရိုကရေစီ ယန္တယားကို ဖျက်ဆီးတာ၊ အာဏာကို နည်းနည်းလေးမှ လာမခြိမ်းခြောက်နိုင်အောင် ပညာရေးစနစ်ကို ဖျက်ဆီးပစ်တာ စတာတွေအပြင် တိုင်းပြည်ရဲ့ အထွေထွေ စီးပွားရေး ကျဆင်းအောင်ပါ ပြုလုပ်ခဲ့လို့ ဖြစ်ပါတယ်။ ဒါတွေကို အထောက်အထားမဲ့ ပြောနေတာတော့ မဟုတ်ပါဘူး။ တပ်မတော်ထဲမှာ တိုင်းရင်းသားတွေကို အရာရှိကြီးအဆင့် ရောက်မလာအောင် တားမြစ်ခဲ့တဲ့အကြောင်း၊ အခုနောက်ပိုင်း အဲဒါကို ပြန်လည် ပြင်ဆင်ပြီး ပြည်ထောင်စု တပ်မတော် ဖြစ်အောင် လုပ်မယ့်အကြောင်း ဗိုလ်ချုပ်ဟောင်း တစ်ယောက်က တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲမှာ အသိပေးခဲ့ဖူးပါတယ်။ အစိုးရ ယန္တယားထဲ စစ်အရာရှိဟောင်းတွေ အများအပြား ထည့်သွင်းတာဟာလည်း ပြင်ဦးလွင် စစ်တက္ကသိုလ်က လက်ခံတဲ့ ဗိုလ်လောင်းအရည်အတွက် စာရင်းကို ကြည့်ရင်ပဲ သိနိုင်ပါတယ်။ ၁၉၈၈ မတိုင်ခင်က စစ်တက္ကသိုလ်မှာ (၄) နှစ်ပေါင်း ဗိုလ်လောင်း ၆၀၀ ဝန်းကျင်လောက်ပဲ ရှိပေမယ့် ၂၀၀၀ ခုနှစ် ဝန်းကျင်ရောက်တော့ (၃) နှစ်စာ ဗိုလ်လောင်း တစ်သောင်းနီးပါး လက်ခံ မွေးထုတ်သည် အထိ အဆ ၂၀ လောက် တိုးချဲ့ခဲ့တာ တွေ့နိုင်ပါတယ်။

တိုင်းပြည်ကို ဒီလို ရစရာ မရှိအောင် လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ စစ်အာဏာရှင်တွေကို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး အကာအကွယ်ပေးတာမှာ အကြောင်းနှစ်ကြောင်း ရှိနိုင်ပါတယ်။ တစ်ကြောင်းကတော့ စစ်အာဏာရှင်ဟောင်းတွေ၊ စစ်ဗိုလ်ချုပ်ဟောင်းနဲ့ စစ်အရာရှိဟောင်းတွေ အားလုံးကို စည်းရုံးလိုက်တာဖြစ်ပြီး လက်ရှိ တပ်မတော်ခေါင်းဆောင်တွေကိုလည်း အရင် အစဉ်အလာအတိုင်း ကိုယ်စီစဉ်သလို ဖြစ်မလာရင် အာဏာသိမ်းခွင့်ရှိတယ် ဆိုပြီး သွေးထိုး လှုံ့ဆော်လိုက်တဲ့ သဘောလည်း သက်ရောက်ပါတယ်။ အခြားတစ်ဖက်မှာလည်း အတိုက်အခံ အင်အားစုတွေနဲ့ ပြည်သူလူထုကြီးတစ်ရပ်လုံးကို တို့ စစ်တပ်နဲ့ စစ်အရာရှိဟောင်းတွေက မင်းတို့ကို ဒီမိုကရေစီ တစ်ဆင့်ပြီး တဆင့် ပေးနေတယ်၊ ပေးသလောက်ယူ၊ ပိုမတောင်းနဲ့ ပိုတောင်းရင် အာဏာသိမ်းပွဲပဲ ရမယ် ဆိုပြီး ခြိမ်းခြောက်လိုက်တဲ့ အဓိပ္ပါယ်လည်း သက်ရောက်နေပါတယ်။

ဦးတင်အေးဟာ သာမန် စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက် မဟုတ်ပါဘူး။ လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို စပြီး ရောက်မရောက် အဆုံးအဖြတ်ပေးမယ့် အလွန်အရေးကြီးတဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ဒိုင်လူကြီးသဖွယ် ဘက်မလိုက်ပဲ ကျင်းပပေးရမယ့် ပုဂိုလ်ကြီး ဖြစ်ပါတယ်။ ဒီ ပြိုင်ပွဲကြီးမှာ အဓိက ပြိုင်ကြမယ့် သူတွေဟာ အရင် စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ ပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဒိုင်လူကြီးသဖွယ် ရပ်တည်ပေးရမယ့် ကော်မရှင် ဥက္ကဌ တစ်ယောက်အနေနဲ့ စစ်အာဏာရှင်ဟောင်းတွေကို ကာကွယ်တာ၊ အတိုက်အခံ အင်အားစုတွေကို အပြစ်တင် ပြောဆိုတာတွေဟာ သင့်တော်မှု မရှိပါဘူး။ ဒီအတွက် လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို၊ ဘက်မလိုက်ပဲ လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးမယ် ဆိုတဲ့အပေါ် အများကြီး စိုးရိမ်စရာ ကောင်းနေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG