သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျူးကျော်မှုလား၊ ပြည်တွင်းစစ်လား


TNLA တအောင်းတပ်က ရဲမေများ
TNLA တအောင်းတပ်က ရဲမေများ

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ခုဆိုရင် ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ မှာ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်လိုက်တဲ့ အဆင့် ရောက်သွားပါပြီ။ တိုက်ပွဲတွေကတော့ ဆက်ပြီးဖြစ်ပွားနေဆဲပါ။ တိုက်ပွဲတွေကြောင့် ထွက်ပြေးပြီး မြန်မာပြည် အတွင်းပိုင်း ပြန်လာသူ ရှစ်ထောင်လောက်နဲ့ နယ်စပ်ဖြတ် တရုတ်နိုင်ငံဘက် ထွက်ပြေးခိုလှုံသူ တစ်သိန်းနီးပါး ရှိလာပြီလို့ သိရပါတယ်။ လက်ရှိ ကိုးကန့်တိုက်ပွဲ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထူးခြားချက်တစ်ခုကတော့ တိုက်ပွဲ စတင်ကာစ အစိုးရ တပ်မတော်ဘက်က အထိအခိုက် အကျအဆုံး အလွန်များခဲ့တာမို့ အဲဒါကို အကြောင်းပြုပြီး တပ်မတော်ကို ငွေကြေး ရုပ်ဝတ္တုပစ္စည်း လှူဒါန်းတာတွေ၊ တပ်မတော်ကို ထောက်ခံကြောင်း သဘောထားကြေငြာချက် ထုတ်ပြန်တာတွေ တွေ့လာရပါတယ်။ လက်ရှိ လက်နက်ကိုင် တိုက်ပွဲ ပဋိပက္ခ ပြသနာတွေအတွင်း နိုင်ငံတော်အချုပ်အခြာ အာဏာကို ထိပါးနေပြီဆိုတဲ့ အယူအဆနဲ့ ဝါဒဖြန့်ပြောဆိုမှုတွေကြောင့် ရေရှည်ငြိမ်းချမ်းရေးအတွက်ဘယ်လိုအကျိုးသက်ရောက်သွားနိုင်မလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

လက်ရှိ ကိုးကန့် တိုက်ပွဲ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော်ဘက်က ပုံဖော်တာကတော့ အချုပ်အခြာ အာဏာ ထိပါးခံရတယ် လို့ အဓိပ္ပါယ် ဖွင့်ဆိုပါတယ်။ သတင်းထုတ်ပြန်ချက်တွေမှာ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုတာ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တယ်၊ ဒီ အစိတ်အပိုင်းတစ်ခုကို သူပုန်တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တယ် ဆိုတာဟာ အချုပ်အခြာ အာဏာကို ထိပါးတာဖြစ်တယ်ဆိုပြီး စွတ်စွဲတာ ဖြစ်ပါတယ်။ ဒါနဲ့ပါတ်သက်ပြီး အနီးဆုံး ဖြစ်စဉ်တစ်ခုကြည့်ရင် နယ်ခြားစောင့်တပ် ဖွဲ့တာကို လက်မခံတဲ့ တပ်မှူး စောလားပွယ်ခေါ် ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ တပ်ဖွဲ့ဟာ အစိုးရ ရုံးစိုက်ရာ နယ်စပ် မြဝတီမြို့ကို ဝင်ရောက်တိုက်ခိုက်တဲ့ ဖြစ်စဉ် တစ်ခု ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒါကို အစိုးရဘက်က အချုပ်အခြာအာဏာကို ထိပါးတာ ဆိုပြီး ပုံဖော်တာမျိုးတော့ မကြားမသိခဲ့ရပါဘူး။

ကျူးကျော်မှုလား၊ ပြည်တွင်းစစ်လား
please wait

No media source currently available

0:00 0:05:53 0:00
တိုက်ရိုက် လင့်ခ်

တကယ်တော့ အပစ်အခတ် ရပ်စဲမထားတဲ့ အစိုးရအဖွဲ့နဲ့ သူပုန် အဖွဲ့ဆိုတာဟာ ကိုယ်က သူ့နယ်မြေ သူ့စခန်း ဝင်တိုက်၊ သူကလည်း ကိုယ့်နယ်မြေ ကိုယ့်စခန်း ဝင်တိုက် တစ်ဖက်ကို တစ်ဖက် လက်ဦးအောင် တိုက်ခိုက်နေကြတဲ့ ဖြစ်စဉ်ပါ။ သိပ် အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။ ကိုယ့်နယ်မြေ သူများလက် ပါမသွားအောင် ခုခံကာကွယ်ရတာဟာ တပ်မတော်ဘက်ကရော၊ သူပုန်အဖွဲ့ဘက်ကပါ ကြိုးစားကြရတာပါ။ အခု ကိုးကန့်ဖြစ်စဉ်မှာတော့ တပ်မတော်ဘက် အထိအခိုက် အကျအဆုံး အလွန်များတာ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ တစ်ခုလုံး တည်ငြိမ်မှု ပျက်ပြားသွားတာကို အကြောင်းပြုပြီး အချုပ်အခြာ အာဏာ ထိပါးတယ် လို့ အဓိပ္ပါယ် ဖွင့်လိုက်ပုံရပါတယ်။ ဒါကြောင့်လည်း သူဌေးကြီးတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အနုပညာရှင်တွေက တပ်မတော်ကို ငွေကြေးနဲ့ ရုပ်ဝတ္တုတွေ လှူဒါန်းကြ၊ အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး လို အဖွဲ့နဲ့ အဖွဲ့အစည်းတစ်ချို့က တပ်မတော်ကို ထောက်ခံကြောင်း ကြေငြာချက်တွေ ထုတ်ကြတာ ဖြစ်ပါတယ်။

အခု တိုက်ပွဲဖြစ်စဉ်နဲ့ ပါတ်သက်ပြီး စဉ်းစားရမှာ နှစ်ချက်ရှိပါတယ်။ ပြည်ပ ကျူးကျော်မှုလား၊ ပြည်တွင်းစစ်လား ဆိုတာပါ။ အခုရက်ပိုင်းအတွင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပြည်တွင်း မီဒီယာ (၆) ခုနဲ့ အင်တာဗျူး လုပ်ထားပြီး အခု ကိုးကန့်တိုက်ပွဲ ပြသနာတွေကိုလည်း ဖြေကြားထားပါတယ်။ သူ့ဖြေကြားချက်တွေထဲမှာ အိမ်နီးချင်း တရုတ်နိုင်ငံ တနည်းအားဖြင့် ပြည်ပ ကျူးကျော်ရန်စမှု၊ တရုတ်အစိုးရရဲ့ အားပေးကူညီမှု ပါတယ်လို့ တစ်ခွန်းတစ်ပါဒမှ ပြောမထားပါဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကိုယ်တိုင် အခုကိစ္စ တရုတ်နိုင်ငံ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ ဆိုထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ပြသနာကို ပြည်ပ ကျူးကျော်မှုပြသနာ သို့မဟုတ် ဝင်ရောက်စွက်ဖက်မှု ပြသနာ၊ အချုပ်အခြာ အာဏာ ပြသနာအဖြစ် ပုံဖော်တာ မှန်ကန်မှု မရှိပါဘူး။

နောက်တစ်ချက် ဒီ ကိုးကန့်တပ်ဖွဲ့ MNDAA ဟာ လက်နက်ကိုင် တိုင်းရင်းသားတွေ စုပေါင်းထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင် ဖြစ်တဲ့အပြင် သူတို့နဲ့အတူ အခြား တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေလည်း ကူညီ တိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။ အစိုးရနဲ့ အပစ်ရပ်ရေး ဆွေးနွေးရာမှာ ပါတဲ့ တအောင်းပလောင် တပ်ဖွဲ့နဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင် AA အဖွဲ့ပါတယ်ဆိုတာ အဲဒီ တပ်ဖွဲ့ တာဝန်ရှိသူတွေကိုယ်တိုင်က မှန်ကန်တယ် ဆိုပြီး အတည်ပြုထားပြီ ဖြစ်ပါတယ်။ ကေအိုင်အေ နဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်ကတော့ သူတို့မပါဘူးလို့ ငြင်းဆိုထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဖြစ်စဉ်ဟာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် သူပုန်အုပ်စုတွေရဲ့ တိုက်ပွဲဖြစ်ပြီး ပြည်တွင်းစစ် အစိတ်အပိုင်း တစ်ခုပဲဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရဟာ တက်လာကတည်းက ပြည်တွင်းစစ် ပြသနာကို အပစ်ရပ်ရေး၊ နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာရေး နည်းလမ်းနဲ့ ငြိမ်းချမ်းရေး တည်ဆောက်သွားမယ် ဆိုပြီး ပြောဆို အကောင်အထည် ဖော်နေပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ ဗမာအပါအဝင် တိုင်းရင်းသား ညီအကို မောင်နှစ်မတွေအားလုံးဟာ စစ်ပွဲကို မဟုတ်ပဲ ငြိမ်းချမ်းရေးကို အားပေးအားမြှောက် ပြုသင့်ပါတယ်။ လက်ရှိ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ တိုက်ပွဲမှာ တပ်မတော်ဘက်က အကျအဆုံး အထိအခိုက် များတာကို အကြောင်းပြုပြီး နိုင်ငံတော်အချုပ်အခြာ အာဏာကို ထိပါးတာဖြစ်တယ်ဆိုတဲ့ စွတ်စွဲချက်ကိုပါအသားပေးဝါဒဖြန့်လာကြယင် အမုန်းတရားတွေ ပိုပွား၊ ပြည်တွင်းစစ်မီးကြီး ပိုတောက်လောင်လာဖို့ပဲ ရှိပါတယ်။

အားလုံးမှတ်မိကြပါဦးမယ်။ သိပ်မကြာသေးခင် ကာလ တုန်းက တပ်မတော်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကေအိုင်အို လိုင်ဇာ စခန်းက တိုင်းရင်းသားဗိုလ်လောင်း ၂၀ ကျော် တစ်ပြိုင်နက်တည်း အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ် ရှိခဲ့ဖူးပါတယ်။ အဲဒီ ဖြစ်စဉ်ကြောင့်ဆိုပြီး ကချင်တွေ၊ ရခိုင်တွေ၊ ပလောင်တွေက KIA တို့ AA တို့ TNLA တို့ကို အားပေး ကူညီ ထောက်ခံခဲ့မယ်ဆိုရင် ပဋိပက္ခတွေ ဘယ်တော့မှ ပြီးဆုံးတော့မှာ မဟုတ်ပါဘူး။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဆိုတာ လွတ်လပ်ရေးနဲ့ အတူ ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ ပြည်တွင်းစစ် ရှည်ကြာလာတာနဲ့ အမျှ တိုင်းပြည်လည်းနစ်နာ၊ ပြည်သူတွေလည်း အတိဒုက္ခရောက်ခဲ့ရပါတယ်။ တစ်ဖက်မှာ ဗမာစစ်ဘုရင်တွေ ပေါ်ပေါက်ခဲ့သလို တိုင်းရင်းသား စစ်ဘုရင်တွေလည်း ပေါ်ပေါက်လာ၊ ပြည်တွင်းစစ် ရှည်သထက် ရှည်ကြာနေရတာ ဖြစ်ပါတယ်။ ဗမာ အပါအဝင် တိုင်းရင်းသား ညီအစ်အစ်ကို မောင်နှစ်မတစ်တွေဟာ ကိုယ့်ညီအစ်ကို အချင်းချင်း သတ်ဖြတ်နေကြတဲ့ ဒီ စစ်ပွဲမှာ စစ်ပွဲရှည်ကြာစေမယ့် ဘယ် ဘက်တစ်ဖက်ဖက်ကမှ ရပ်တည်အားပေးတာမျိုး မလုပ်သင့်ပဲ ငြိမ်းချမ်းရေး ကိုသာ တစိုက်မတ်မတ် တောင်းဆိုသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG