သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD စိတ်မပူပါနဲ့


NLD ပုလဲမြို့နယ်မဲဆန္ဒ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်မှ အရေးကြီးအဆိုတင်သွင်းနေစဉ်
NLD ပုလဲမြို့နယ်မဲဆန္ဒ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်မှ အရေးကြီးအဆိုတင်သွင်းနေစဉ်

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၅ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပုလဲအမတ် ဒေါ်ခင်စန်းလှိုင်က မကြာခင် အာဏာလွဲှပြောင်းပေးရတော့မယ့် ဦးသိန်းစိန် အစိုးရ အဖွဲ့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြထားတဲ့ အရေးကြီး အဆို တစ်ရပ် တင်ပါတယ်။ ဒီ အဆိုနဲ့ ပတ်သက်ပြီး အစိုးရဘက်က တာဝန်ရှိသူတွေ လွှတ်တော်တွင်း လာရောက် ဖြေရှင်း ပြောဆိုတာမျိုး မလုပ်ကြပါဘူး။ အချိန် မလုံလောက် လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လွှတ်တော်ကို စာရေးသားပေးပို့ အကြောင်းပြန်ခဲ့တာ ဖြစ်ပါတယ်။ အဆိုနဲ့ ပတ်သက်ပြီး အမတ်တွေ ဆွေးနွေးစဉ် တစ်ချိန်မှာတော့ တပ်မတော်သား အမတ်တွေ အားလုံး မတ်တပ်ထ ကန့်ကွက်တာမျိုးလည်း ကြုံကြရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လွှတ်တော်ဘက်ကတော့ ဒေါ်ခင်စန်းလှိုင်ရဲ့ အဆိုနဲ့ ပတ်သက်ပြီး မဲခွဲဆုံးဖြတ် အတည်ပြုပေးလိုက်ပါတယ်။ ဒီ ပြသနာတွေဟာ သက်တန်းကုန်ဆုံးတော့မယ့် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့နဲ့ အာဏာလွဲှပြောင်းရယူတော့မယ့် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အင်န်အယ်လ်ဒီ ပါတီ အကြား ပွတ်တိုက်မှုလား၊ ပဋိပက္ခ ဖြစ်မှုလား၊ လက်ရှိ နောက်ဆုံး အချိန် အစိုးရအဖွဲ့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီ ဘက်က စိတ်ပူပန်သင့်သလား ဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

လွှတ်တော်ထဲမှာ ဒေါ်ခင်စန်းလှိုင် တင်သွားတဲ့ အရေးကြီးအဆို အပြည့်အစုံကတော့ ခုလို ဖြစ်ပါတယ်။ “နိုင်ငံတော် အစိုးရက ရွေးကောက်ပွဲ အပြီးနောက် ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင် စက်ရုံများ၊ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ၊ အလျင်စလို ငှားရမ်း လွဲှပြောင်း ရောင်းချမှု၊ ပုဂ္ဂလိကပိုင် ပြုလုပ်မှု၊ စီမံကိန်းများကို နေရာတကျ မစီမံပဲ အဆောတလျင် ခွင့်ပြုနေမှု၊ ကျူးကျော်များကို အားဓမ္မ ဖယ်ရှားမှု၊ နိုင်ငံပိုင် သယံဇာတ များကို လိုအပ်သော ဆောင်ရွက်မှုများ သဘောတူညီမှုများ မပြုလုပ်ပဲ အစိုးရတာဝန် မလွဲှပြောင်းမီ အလျင်အမြန် စီမံခန့်ခွဲနေမှု၊ စသည်တို့ကို နိုင်ငံတော်နှင့် နိုင်ငံသား တို့ အကျိုးစီးပွားအတွက် အသေးစိတ် စီစစ်ဟန့်တား၍ ထိန်းကျောင်း တည့်မတ် ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” ဆိုပြီးဖြစ်ပါတယ်။

please wait

No media source currently available

0:00 0:06:19 0:00
တိုက်ရိုက် လင့်ခ်

အဆိုနဲ့ ပတ်သက်ပြီး ဒေါ်ခင်စန်းလှိုင်က ဥပမာ တစ်ချို့ပေးပြီး ရှင်းလင်း ပြောဆိုခဲ့ပါသေးတယ်။ သူပြောတဲ့အထဲမှာ ရန်ကုန် ဆေးရုံအနားက မြေဧက ၄၀ ကျော်မှာ မြန်မာ-စင်ကာပူ ဖက်စပ် ပုဂ္ဂလိက ဆေးရုံ ဆောက်ခွင့်ပေးလိုက်တဲ့ ကိစ္စ၊ စက်မှုဝန်ကြီးဌာနပိုင် စက်ရုံတွေကို ပုဂ္ဂလိက လက် လွဲှပြောင်းပေးနေတဲ့ ကိစ္စ၊ ရွှေတိဂုံ စေတီအနားမှာ တည်ဆောက်လို့ ရပ်ဆိုင်းလိုက်ရတဲ့ ဒဂုံစီးတီး စီမံကိန်း အတွက် သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာန ပိုင် မြေကို အစားထိုး ပြန်ပေးလိုက်တဲ့ ကိစ္စ၊ နိုင်ငံရဲ့ ရှားပါး သယံဇာတ ဖြစ်တဲ့ ၂၆၀၀ မဂ္ဂါဟပ်စ် Spectrum သုံးစွဲခွင့် အတွက် တင်ဒါ ခေါ်ယူနေတဲ့ ကိစ္စ၊ သံလွင်မြစ်မှာ ရေကာတာတေ ွဆောက်ပြီး ရေအားလျှပ်စစ် ထုတ်ယူရေး ဆိုင်ရာ သဘောတူ စာချုပ်ချုပ်ဆိုနေတယ် လို့ သတင်းဖြစ်ပေါ်နေတဲ့ ကိစ္စ၊ အစိုးရပိုင် လောင်စာဆီ ဆိုင် ၇၀ ပုဂ္ဂလိကကို လွဲှပြောင်းပေးမယ် ဆိုတဲ့ ကိစ္စ၊ ပြင်ဦးလွင်က ရာနဲ့ချီတဲ့ မြေကို စက်မှုဇုံ မြေကွက်တွေ အဖြစ် ချထားပေးမယ် ဆိုတဲ့ ကိစ္စ၊ ရန်ကုန်မြို့သစ် စီမံကိန်းကို စတင်တော့မယ် ဆိုတဲ့ ကိစ္စ၊ ကျူးကျော်တွေကို အလျင်စလို ဖယ်ရှားနေတဲ့ ကိစ္စ၊ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကနေ ကြေးနီတွေ ထုတ်ယူနိုင်တော့မယ် ဆိုတဲ့ ကိစ္စ၊ ကျောက်မီးသွေးကနေ လျှပ်စစ်ဓာတ်အား ထုတ်ယူမယ့် စက်ရုံ တည်ဆောက်ဖို့ ခွင့်ပြုလိုက်တယ် ဆိုပြီး သတင်းထွက်ပေါ်နေတဲ့ ကိစ္စ စတာတွေ ပါဝင်ပါတယ်။

တကယ်တော့ ဒေါ်ခင်စန်းလှိုင် တင်ပြတဲ့ ကိစ္စတွေဟာ သေခြာပေါက် အလောသုံးဆယ် လုပ်ကိုင်နေတဲ့ ကိစ္စတွေ ပါသလို၊ တကယ်လုပ်ကိုင်ခြင်း မရှိတာတွေနဲ့ သတင်း ခပ်သဲ့သဲ့ ထွက်တာတွေလည်း ပါဝင်ပါတယ်။ အားလုံး ကံသေကံမ လုပ်ကိုင်နေတယ်လို့တော့ မဆိုနိုင်ပါဘူး။ ဒီအတွက် အဆို တင်သွင်းတဲ့ဆီမှာ “နိုင်ငံတော်နှင့် နိုင်ငံသား တို့ အကျိုးစီးပွားအတွက် အသေးစိတ် စီစစ်ဟန့်တား၍ ထိန်းကျောင်း တည့်မတ် ပေးပါရန်” လို့ တင်မယ့် အစား အခြား သင့်တော်ရာ အသုံးအနှုန်းမျိုးနဲ့ မေးခွန်းထုတ်တာမျိုး မျိုးဆို ပို သင့်တော်နိုင်ပါတယ်။ တစ်ဖက် အစိုးရဘက်ကလည်း လွှတ်တော်က အရေးကြီး အဆို တင်တာဖြစ်လို့ မှန်သည် မှားသည် အသာထား၊ တကယ် လုပ်ကိုင်နေတဲ့ ကိစ္စတွေ လွှတ်တော်ထဲ သွားပြီး ရှင်းပြဖို့ တာဝန်ရှိတာကလည်း အမှန်ပဲ ဖြစ်ပါတယ်။

လက်တွေ့ကတော့ အဲလို မဖြစ်ခဲ့ပါဘူး။ အစိုးရဘက်က အခု တင်ပြတဲ့ အချက်တွေ များလွန်းလို့ လွှတ်တော်ထဲ လာဖြေဖို့ အချိန်ယူရမယ်၊ ဒါကြောင့် အချိန်ပေးပါ ဆိုပြီး မေးခွန်းတွေကို မဖြေပဲ ရှောင်ရှားခဲ့ပါတယ်။ လွှတ်တော် ဘက်ကလည်း ဥပဒေ နည်းဥပဒေ အရ ဆိုပြီး လွှတ်တော်တွင်း ဆွေးနွေး၊ မဲခွဲ ပြီးနောက် အဆိုကို အတည်ပြုကြောင်း ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒီ ပြသနာနဲ့ ပတ်သက်ပြီး အစိုးရ အဖွဲ့ဘက်က လွှတ်တော်တွင်း သွားမရှင်းပြပေမယ့် ရုပ်သံနဲ့ အစိုးရပိုင် သတင်းစာတွေကနေ အကြောင်းအရာ တစ်ခုခြင်း ပြန် ရှင်းလင်း တင်ပြတာ၊ နောင် အစိုးရ အဖွဲ့သစ် တက်လာမှ ဖြေရှင်းဖို့ ချန်ရစ်ထားခဲ့တဲ့ ကိစ္စရပ်တွေကို ဖော်ပြတာမျိုး လုပ်ခဲ့ပါတယ်။

ဒီ ပြသနာကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် အာဏာလက်လွှတ်ရတော့မယ့် အစိုးရအဖွဲ့နဲ့ အာဏာကို ဆက်ခံမယ့် ပါတီ အကြား ပြေလည်မှု မရှိဘူး ဆိုတဲ့ အဖြေ ထွက်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ အသွင်သဏ္ဍာန် မတူတဲ့ အစိုးရတစ်ဖွဲ့ဆီကနေ အခြား တစ်ဖွဲ့ဆီ အာဏာလွဲှပြောင်းပေးတယ်ဆိုတာမျိုး မရှိခဲ့တာ ရာစုနှစ် တစ်ဝက်ကျော်ခဲ့ပါပြီ။ အခုလို သမိုင်းဝင် အာဏာလွဲှပြောင်းပေးမှုကို ရှောရှောရှူရှူ ဖြစ်အောင် လုပ်နေကြတယ်လို့ ဘယ်လောက်ပဲ ပြောပြော အဖုအထစ်တွေ တွေ့ကြရတာ ဖြစ်ပါတယ်။

ပြောရရင် စစ်အာဏာရှင်တွေ၊ စစ်တပ်ကို ကျောထောက်နောက်ခံ ပြုပြီး အုပ်ချုပ်သူတွေအနေနဲ့ တိုင်းပြည်ကို ထင်သလို စီမံခန့်ခွဲလာတာ ခုမှ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ အခု အာဏာ လွဲှပြောင်းကာနီး လုပ်ပိုင်ခွင့်တွေကို ကမန်းကတန်း အသုံးပြုနေတာမျိုးကလည်း သိပ်ပြီး ထူးဆန်းတဲ့ လုပ်ရပ်မျိုးတော့ မဟုတ်ပါဘူး။ တကယ့်တကယ် ဖြစ်သင့်တာကတော့ အင်န်အယ်လ်ဒီ ပါတီ အနေနဲ့ အာဏာလက်လွှတ်ရတော့မယ့် အစိုးရအဖွဲ့ သိက္ခာ ထပ်ကျအောင် ပြောဆိုနေမယ့်အစား၊ အခြားသော စကားလုံး အခြားသော နည်းနာတွေနဲ့ သတိပေးတာမျိုးက ပိုပြီး သင့်တော်နိုင်ပါတယ်။

အရေးကြီးတာကတော့ သိပ်မကြာခင် ကာလ အတွင်း တပ်မတော်က ကိုင်တွယ်တဲ့ ကိစ္စတွေလောက်ကလွဲရင် တိုင်းပြည်ရဲ့ အရေးအရာ အားလုံးနီးပါးလောက် အင်န်အယ်လ်ဒီ က စီမံခန့်ခွဲခွင့် ရလာပါတော့မယ်။ အဲဒီ အခါ အရင် အစိုးရ လုပ်ကိုင်သွားခဲ့သမျှ ဥပဒေနဲ့ အညီ ဟုတ်မဟုတ်၊ ပြန် ဆန်းစစ်နိုင်ပါတယ်။ ဥပဒေနဲ့ မညီတာတွေကို ကိုင်တွယ် အရေးယူနိုင်သလို၊ တစ်ချို့ သဘောတူညီချက်တွေ စီမံကိန်းတွေကို ဖျက်သိမ်းနိုင်ပါတယ်။ ဒီထက် ပိုအရေးကြီးတာက အရင် အစိုးရ အဆက်ဆက်နဲ့ မတူညီတဲ့၊ ပြည်သူတွေနဲ့ တိုင်းပြည်အကျိုးစီးပွားကို လုပ်ကိုင်ဆောင်ရွက်နည်းမျိုး လုပ်ပြကြဖို့ လိုပါတယ်။ ဒါကြောင့် လက်ရှိ တာဝန်ကနေ အနားယူရတော့မယ့် အစိုးရအဖွဲ့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး သိပ် စိတ်မပူသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG