နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ အားလုံးသိချင်နေကြတဲ့ အဖြေတစ်ခုကို ပေးလိုက်ပါပြီ။ အဲဒါကတော့ သူ့အနေနဲ့ နောက်ထပ် သမ္မတ သက်တန်းတစ်ခု ထပ်ပြီး တာဝန်ထမ်းဆောင် လိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်တာပါ။ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့က နီကီအေးရှားရီဗျူး သတင်းဌာနနဲ့ တွေ့ဆုံရာမှာ ခုလို ပြောဆိုလိုက်တာဖြစ်ပြီး ရွေးကောက်ပွဲ ဝင်မယ် မဝင်ဘူး ဆိုတာကိုတော့ ယတိပြတ် ထုတ်ဖော်ပြောဆိုလိုက်တာတော့ မရှိသေးပါဘူး။ အင်တာဗျူးမှာ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံရဲ့ လက်ရှိ တည်ဆဲ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတ တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိသူ တစ်ယောက် အနေနဲ့ ရွေးကောက်ပွဲ မဝင်ပဲနဲ့လည်း ဖြစ်နိုင်တယ် ဆိုတာ ရှင်းပြခဲ့တဲ့အကြောင်း ဖတ်ရှုကြရပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ အခု ဆုံးဖြတ်ချက် ဘာကို ရည်ညွှန်းနေတာလဲ၊ သူ့အနေနဲ့ ပြည်ခိုင်ဖြိုး ပါတီတွင်းမှာ ဘာအခက်အခဲတွေနဲ့ ကြုံတွေ့နေရသလဲ၊ ရှေ့ဘာဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
သမ္မတနဲ့ နီးစပ်တဲ့ ဝန်ကြီးတွေ၊ သမ္မတ ရုံးအသိုင်းက လူတွေ ပြောဆိုချက်အရ ပုံမှန်အားဖြင့် ဆိုရင်တော့ ဦးသိန်းစိန်ဟာ နောက်ထပ် သမ္မတ ရာထူး တာဝန် ထပ်ပြီး မယူလိုတော့ဘူး၊ လက်ရှိ အပြောင်းအလဲ လုပ်ပေးနိုင်တဲ့ အခြေအနေကိုပဲ အနိုင်နဲ့ ပိုင်းပြီး အနားယူလိုက်ချင်နေပြီလို့ ပြောဆိုကြပါတယ်။ ဒါပေမယ့် လက်ရှိ ပြည်ခိုင်ဖြိုးကို ချုပ်ကိုင်ထားတဲ့ ဥက္ကဌ သူရဦးရွှေမန်း ဦးဆောင်တဲ့ အုပ်စုနဲ့ တပ်မတော်ခေါင်းဆောင်တွေ၊ လက်ရှိ အစိုးရအဖွဲ့ဝင်တွေ ပါဝင်တဲ့ အုပ်စု နှစ်စုကြားက အာဏာအားပြိုင်ပွဲမှာ ဘေးထွက် ထိုင်လို့ မရတဲ့ အခြေအနေကြောင့် ခုလို သမ္မတ ဆက်လုပ်ချင်ပါတယ် ပြောပြီး နိုင်ငံရေး ဖြစ်စဉ်မှာ ဆက်ပါဝင်ဖို့ ဆုံးဖြတ်ရတာလို့ ဆိုကြပါတယ်။ သူတို့ ပြောဆိုတာ ဘယ်လောက် မှန်တယ် မမှန်ဘူး အတည်မပြုနိုင်ပေမယ့် လက်ရှိ အချိန်ထိ အဲဒီ အုပ်စု နှစ်စုအတွင်း ပဋိပက္ခတွေ ပြင်းထန်နေသေးသလို ဘယ်သူနိုင်ပြီး ဘယ်သူရှုံးသွားတယ် ဆိုတဲ့ အဖြေမျိုးလည်း တိတိကျကျ မထွက်သေးပါဘူး။
ပြသနာကို ရှင်းပြရရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စကို အရင် ပြောဖို့ လိုပါလိမ့်မယ်။ တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာဟာ စစ်ဘုရင်မင်းဆက် တည်တံ့နိုင်အောင် စနစ်တကျ ရေးဆွဲ ပြဌာန်းပေးထားတဲ့ ဖွဲ့စည်းပုံပါ။ လက်နက်ကိုင်ထားတဲ့ တပ်မတော်ခေါင်းဆောင်တွေဟာ တပ်မတော်ကို အပြည့်အ၀ ထိန်းချုပ်နိုင်ခွင့်အပါအဝင် အခွင့်အထူး အမျိုးမျိုး ရယူထားပါတယ်။ အဲဒီထဲမှာ လွှတ်တော်ထဲ အမတ်နေရာ ၂၅ ရာခိုင်နှုန်း ရယူခွင့်၊ အဲဒီ အမတ်တွေဟာ ဒုသမ္မတ တစ်ယောက် ရွေးချယ်တင်မြှောက်ခွင့်နဲ့ တိုင်းပြည်ရဲ့ အထွဋ်အထိပ် သမ္မတ တစ်ယောက် ရွေးချယ်ရာမှာ မဲပေးရွေးချယ်ခွင့် ရနေတာပဲ ဖြစ်ပါတယ်။ ဒီအတွက် စစ်ခေါင်းဆောင် တစ်ယောက်ဟာ တပ်မတော်သား ကိုယ်စားလှယ်တွေ တင်သွင်းတဲ့ ဒုသမ္မတ အဖြစ်ခံယူ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အမတ်တွေထဲက သူ့ကို ထောက်ခံတဲ့ အမတ်တွေရဲ့ အကူအညီနဲ့ သမ္မတ ဖြစ်လာနိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။ ဒီအတွက်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဆိုတဲ့ နိုင်ငံရေး ဖျာတစ်ချပ် ဖန်တီးပြီး အဆင်သင့်လည်း ခင်းထားပြီးပါပြီ။ အဓိပ္ပါယ်ကတော့ ပြည်ခိုင်ဖြိုးပါတီ ဆိုတာဟာ တပ်မတော်က တင်တဲ့ တစ်ယောက်ယောက် သမ္မတ ဖြစ်လာရေး ကူညီဆောင်ရွက်ပေးရမယ့် ဖျာတစ်ချပ်သာ ဖြစ်ပါတယ်။
"ဒါပေမယ့် လက်ရှိ အခြေအနေကတော့ အရင် စစ်အာဏာရှင်တွေ ချမှတ်သွားတဲ့ အစီအစဉ်အတိုင်း ဖြစ်မလာတော့ပါဘူး။ ဦးသိန်းစိန်ဟာ သမ္မတ တာဝန်ထမ်းဆောင်ချိန် ပါတီတာဝန်ယူလို့ မရတဲ့အတွက် သူရဦးရွှေမန်းက ပါတီဥက္ကဌ တာဝန် ရယူနိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သူရဦးရွှေမန်းဟာ လွှတ်တော်ထဲ ရောက်သွားပြီးမှ အာဏာပြန်လိုချင်တဲ့ အရင် စစ်အစိုးရခေတ် ဝန်ကြီးဟောင်း၊ တစ်ချို့ရဲ့ အင်အားကို စုစည်းပြီး သမ္မတ ဖြစ်ရေး ကြိုးပမ်းမှု ဆက် အကောင်အထည် ဖော်ပါတယ်။ အဲဒီ ပုဂ္ဂိုလ်တွေဟာ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တွေလည်း ဖြစ်တာကြောင့် သူရဦးရွှေမန်းဟာ ပါတီကို ကောင်းကောင်း ချုပ်ကိုင်လာနိုင်ပါတယ်။ ဒါကို တပ်မတော် ခေါင်းဆောင်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေက လက်မခံနိုင်ကြပါဘူး။ ဒီလိုနည်းနဲ့ အုပ်စုနှစ်စုဟာ ဂိုဏ်းဂဏ အသွင် ဆောင်လာတာပါ။ ကြားထဲမှာ ကိုယ့်ဖာသာကိုယ် ရွေးချယ်ရ ခက်ခဲသွားတာက သမ္မတ ဦးသိန်းစိန်ပါ။ သူသာ သမ္မတ ဆက်မလုပ်တော့ပဲ အနားယူလိုက်မယ် ဆိုရင် တပ်မတော်နဲ့ အစိုးရအဖွဲ့ဝင်တွေ ဘက်မှာ ခေါင်းဆောင်မှု ကင်းမဲ့သွားတဲ့ အခြေအနေ ရောက်သွားနိုင်ပါတယ်။ အလားတူ ရွေးကောက်ပွဲ မဝင်ဘူး ဆိုပြန်ရင်လည်း မဲဆွယ် စည်းရုံးပွဲကာလ ပြည်ခိုင်ဖြိုးပါတီထဲ ပြန်လာပြီး ပါတီထဲမှာ ခေါင်းဆောင်မှု ပြန်လည်ထူထောင်နိုင်မယ့် အခွင့်အရေး ဆုံးရှုံးသွားပါလိမ့်မယ်။
ဒါကြောင့်လည်း ခုလို နောက်ထပ် သမ္မတ သက်တန်းတစ်ခု တာဝန်ပြန်ယူချင်သေးတယ် ဆိုပြီး ထုတ်ပြောလိုက်တာပါ။ ဒါပေမယ့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုပြီး ရွေးကောက်ပွဲ ဝင်မယ် မဝင်ဘူး မပြောနိုင်သေးပါဘူး။ အကြောင်းကတော့ ပြည်ခိုင်ဖြိုး အမတ်လောင်း စိစစ်ရေး ခေါင်းဆောင်သူရဦးရွှေမန်းဟာ သမ္မတ ဦးသိန်းစိန်ကို မဲဆန္ဒနယ်မြေ ရွေးချယ်ခွင့်မပေးပဲ အရင် သူဝင်ပြိုင်ခဲ့ဖူးတဲ့ နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်ကနေပဲ ဝင်ပြိုင်ခွင့်ပေးလို့ ဖြစ်ပါတယ်။ တကယ်တော့ နေပြည်တော် မြို့နယ်တွေမှာ ဝင်ပြိုင်ရင် အခြေအနေ မဟန်မှန်းသိလို့ သူရဦးရွှေမန်းကိုယ်တိုင် သူ့ဇာတိ ပဲခူးတိုင်း ဖြူးမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းတောင် သွင်းလိုက်ပါပြီ။
အခုဆိုရင် တပ်မတော် အရာရှိကြီး ၁၄၀ ဝန်းကျင်ကလည်း ပြည်ခိုင်ဖြိုးပါတီကနေ ရွေးကောက်ပွဲဝင်ဖို့ စာရင်းပေးထားတယ်လို့ သိရပါတယ်။ အဓိပ္ပါယ်ကတော့ ပါတီထဲ ဝင်ရောက်ပြီး ပြည်ခိုင်ဖြိုးပါတီကို လွှမ်းမိုးထားတဲ့ သူရဦးရွှေမန်း အုပ်စုကို ထိန်းညှိဖို့နဲ့ ရွေးကောက်ပွဲအပြီး ဒုသမ္မတလောင်း၊ ဒုသမ္မတ၊ သမ္မတ ရွေးချယ်ရာမှာ တပ်မတော်ဘက်က လိုလားသူ ဒုသမ္မတ၊ သမ္မတ ဖြစ်လာရေး မဲများများ ရစေဖို့ပါ။ ဒီအချက်ကို သူရဦးရွှေမန်း အုပ်စုဘက်ကလည်း ကောင်းကောင်းသိပါတယ်။ ဒါကြောင့် တပ်မတော်ဘက်က အဆိုပြုလာသလောက် အရည်အတွက်ကို ပြည်ခိုင်ဖြိုးပါတီကနေ တဆင့် ရွေးကောက်ပွဲ ဝင်ခွင့် မပေးပါဘူး။ သုံးပုံတစ်ပုံလောက်နဲ့ ညီမျှတဲ့ အယောက် ၅၀ ဝန်းကျင်ကိုပဲ ဝင်ခွင့်ပေးမယ်လို့ ဆိုပါတယ်။ အလားတူ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကိုလည်း သူတို့ အရင် ရွေးကောက်ခံရတဲ့ မဲဆန္ဒနယ်မြေက လွဲပြီး အခြားနေရာတွေကနေ ဝင်ခွင့်ပေးဖို့ တောင်းဆိုတာကိုလည်း ခွင့်မပြုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး ဥက္ကဌ တာဝန်ရယူထားတဲ့ သူရဦးရွှေမန်းရဲ့ အဲလို တုန့်ပြန်ချက်ကို တပ်မတော်ခေါင်းဆောင်တွေကရော အစိုးရဝန်ကြီးတွေကပါ မကျေနပ်ပေမယ့် ဘာမှတော့ တတ်နိုင်ကြသေးပုံ မပေါ်ပါဘူး။
ဒီလို အာဏာရရေး လမ်းကြောင်းမှာ ပါတီတွင်း အကွဲအပြဲ ပြသနာတွေနဲ့ ကြုံနေရလို့လည်း သမ္မတ ဦးသိန်းစိန်ဟာ ဘေးထွက်ထိုင်နေလို့ မရတော့ပဲ တပ်မတော်နဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ ခေါင်းဆောင် အဖြစ် ရပ်တည်ပေးရခြင်း ဖြစ်နိုင်ပါတယ်။ ဒါတင်မက ရွေးကောက်ပွဲ မတိုင်ခင် ပါတီတွင်း အာဏာလွန်ဆွဲပွဲမှာ ဝင်ပါခွင့်ရဖို့အတွက် ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ရွေးကောက်ပွဲ ဝင်၊ ပါတီကို ပြန်လာမှ ရမှာပါ။ အဲလို ပြန်လာပြီး ရွေးကောက်ပွဲ ဝင်လိုက်လို့ ရွေးကောက်ပွဲမှာ ရှုံးခဲ့ရင်လည်း အရှက်ရစရာ အခြေအနေ ကြုံရဦးမှာ ဖြစ်ပါတယ်။ ပြောရရင် ရှေ့တိုးလည်းခက် နောက်ဆုတ်လည်း ခက်တဲ့ အနေအထားမျိုးပါ။
အလားတူ တပ်မတော် အရာရှိကြီးတွေနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ချို့ ပြည်ခိုင်ဖြိုး အလံတော်အောက်က ရွေးကောက်ပွဲ ဝင်ခွင့်မရရင်၊ ပြည်ခိုင်ဖြိုးပါတီက ရွေးချယ်ပေးတဲ့ မဲဆန္ဒနယ်က ဝင်ပြိုင်ချင်စိတ် မရှိရင် ဘာလုပ်ကြမှာလဲ ဆိုတာကလည်း အလွန်စိတ်ဝင်စားစရာ ကောင်းပါတယ်။ သူတို့တွေဟာ အာဏာရရေး လမ်းကြောင်းအတွက် ခင်းထားတဲ့ ပြည်ခိုင်ဖြိုးပါတီဆိုတဲ့ ဖျာကြီးကိုတော့ လွယ်လွယ် စွန့်လွှတ်ထွက်သွားကြမှာတော့ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သမ္မတ ဦးသိန်းစိန် အုပ်စုနဲ့ သူရဦးရွှေမန်း အုပ်စု နှစ်ဖက် ပဋိပက္ခ ဖြစ်နေကြတဲ့ ပြသနာဟာ တိုင်းပြည်ရဲ့ အထွဋ်အထိပ် သမ္မတ နေရာကို သူရ ကိုယ်ရ ယှဉ်ပြိုင်နေကြတဲ့ သဘောလည်း ဖြစ်သလို၊ အာဏာရရေး ခင်းထားတဲ့ ပြည်ခိုင်ဖြိုးပါတီ ဆိုတဲ့ ဖျာကြီးကို အပြိုင်လုနေကြတဲ့ အနေအထားမျိုးလည်း ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။