ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူအမတ် ဦးဘရှိန်က မေးခွန်းတစ်ခုမေးပါတယ်။ ဒါကို လက်ရှိ ပို့ဆောင်ရေးဝန်ကြီး ဦးသန့်စင်မောင်က ပွင့်ပွင့်လင်းလင်း ပြန်ဖြေပါတယ်။ အမေးအဖြေဟာ ရယ်စရာ ကောင်းသလို၊ တိုင်းရင်းသားတွေ အတွက်ရော၊ မြန်မာနိုင်ငံ အတွက်ပါ ဝမ်းနည်းစရာလည်း ကောင်းပါတယ်။ ဦးဘရှိန် မေးတာက ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် မတ်လအထိ ရခိုင်ပြည်နယ်မှာ စစ်တွေ-မြေပုံ- ကျောက်ဖြူ-ရမ်းဗြဲ- တောင်ကုတ်- မာန်အောင် ခရီးစဉ်ကို ပြည်တွင်းရေကြောင်းက ပြေးဆွဲပေးခဲ့တယ်၊ နောက်တော့ အောင်တံခွန် ၃ သင်္ဘော နစ်မြုပ်ခဲ့ချိန်ကစ ဒီကနေ့အချိန်ထိ ဘာသင်္ဘောမှ ပြေးဆွဲပေးခြင်းမရှိတော့ဘူး၊ ပြည်သူတွေ ဒုက္ခရောက်ကြတယ်၊ ဒါကြောင့် အဲဒီ ခရီးစဉ် ဘယ်တော့ ပြန်ပြေးဆွဲပေးနိုင်မလဲ မေးတာပါ။ ပို့ဆောင်ရေးဝန်ကြီးပြန်ဖြေတာကတော့ သင်္ဘောဆောက်ဖို့ စီစဉ်နေတယ်၊ ဒါပေမယ့် သံပြားတွေ၊ သံကိုင်းတွေတောင် မမှာရသေးဘူး ဆိုတာပဲ ဖြစ်ပါတယ်။ ဒီ ပြသနာ ဘယ်လို ပြသနာမျိုးလဲ၊ ပို့ဆောင်ရေးကဏ္ဍမှာ တိုင်းရင်းသားတွေနဲ့ ပြည်သူတွေ ဘယ်လောက် ခက်ခဲနေသလဲ၊ ဒီပြသနာ လက်ရှိ အင်န်အယ်လ်ဒီ အစိုးရ ဘယ်လို ကိုင်တွယ် ဖြေရှင်းသင့်သလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
လွှတ်တော်တွင်း ဦးဘရှိန်မေးတဲ့ မေးခွန်း အပြည့်အစုံကတော့ အရင် နှစ်ပေါင်းများစွာကတည်းက ရခိုင်ပြည်နယ် စစ်တွေနဲ့ တောင်ဘက် မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ မာန်အောင် မြို့တွေကို အစိုးရပိုင် ပြည်တွင်းရေကြောင်း သင်္ဘောတွေနဲ့ ပြေးဆွဲပေးခဲ့တဲ့အကြောင်း၊ ပြီးခဲ့တဲ့နှစ် မတ်လမှာ အဲဒီခရီးစဉ် ပြေးဆွဲနေတဲ့ အောင်တံခွန်-၃ ရေယာဉ် နစ်မြုပ်ပြီး လူပေါင်း ၁၆၀ လောက်သေ၊ သင်္ဘောကိုလည်း ပြန်ဆယ်မရ ဖြစ်ခဲ့ကြောင်း၊ အဲဒီအချိန်ကစ ပြည်တွင်းရေကြောင်းကနေ သင်္ဘောခရီးစဉ် ပြေးဆွဲပေးခြင်း မရှိလို့ ရခိုင်ပြည်သူတွေ အခက်အခဲတွေ့ခဲ့ကြောင်း ပြောပြပါတယ်။ လက်ရှိ ပုဂ္ဂလိကပိုင်အဖြစ် ရှပ်ပြေးရေယာဉ် ပြေးဆွဲပေမယ့် အရင် ပြည်တွင်းရေကြောင်းက ကျပ် ၃၀၀၀ လောက်ယူတဲ့ ခရီးကို ကျပ် ၁၆၀၀၀ လောက် ယူနေတဲ့အကြောင်း၊ နောက်ပိုင်း ပိုပြီးဆိုးတာက ရှပ်ပြေးရေယာဉ်တွေဟာ ဆီကုန်လို့ဆိုပြီး မြေပုံမြို့ကို ဝင်ရောက် ဆိုက်ကပ်တာ မလုပ်တော့ကြောင်း၊ ဒီအတွက် မြေပုံမြို့နယ်က ပြည်သူတွေဟာ ငွေတတ်နိုင်ရင် မော်တော်စင်းလုံးငှားရင်ငှား မငှားနိုင်ရင် အခက်အခဲတွေ့နေရကြောင်း ရှင်းပြပါတယ်။ ဒီအတွက် အဲဒီ ခရီးစဉ်တွေကို ပြည်တွင်းရေကြောင်းအနေနဲ့ ဘယ်အချိန် ပြန်ပြီး ပြေးဆွဲပေးနိုင်မလဲ ဆိုပြီး မေးတာ ဖြစ်ပါတယ်။
ပို့ဆောင်ရေးဝန်ကြီး ဦးသန့်စင်မောင် ပြန်ဖြေတာက အဲဒီ စစ်တွေနဲ့ တောင်ဘက် မြို့တွေရဲ့ ခရီးစဉ်ကို အရင်က အောင်တံခွန် သင်္ဘောတွေ၊ အလောင်းဘုရား၊ အလင်းရောင် စတဲ့ သင်္ဘောတွေနဲ့ ပြေးဆွဲပေးခဲ့တာဖြစ်ကြောင်း၊ အဲဒီသင်္ဘောတွေဟာ ကမ်းရိုးတန်းသွားအတွက် တည်ဆောက်ထားတာ မဟုတ်ပဲ မြစ်ကြောင်းသွား သင်္ဘောတွေဖြစ်တဲ့အပြင် နှစ်ပေါင်း ၂၀ ကျော် သက်တန်းကြာမြင့်ခဲ့ပြီလည်း ဖြစ်ကြောင်း၊ အောင်တံခွန် သင်္ဘော နစ်မြုပ်မှုဖြစ်ခဲ့ပြီးနောက် အဲဒီ သင်္ဘောတွေ ပြေးဆွဲတာကို ရပ်နားလိုက်တဲ့အကြောင်း ရှင်းပြပါတယ်။
ဒီအတွက် စစ်တွေနဲ့ တောင်ပိုင်း မြို့တွေကို ပြေးဆွဲပေးနိုင်ရေး သင်္ဘောတစ်စီးရဖို့ အရင် ပို့ဆောင်ရေးဝန်ကြီးက ဂျပန်နိုင်ငံကို အကူအညီတောင်းခဲ့ကြောင်း၊ ဂျပန်ကတော့ သက်ကယ်ပစ္စည်းတွေ အပါအဝင် ဂျပန်ယန်း သန်း ၂၀၀၊ အမေရိကန်ဒေါ်လာ ၂ သန်းဝန်းကျင်လောက်ပဲ ကူညီနိုင်မယ့်အကြောင်း ပြောတယ်လို့ ဆိုပါတယ်။ ဒီအခါ ပို့ဆောင်ရေးဝန်ကြီးဟောင်းက ဂျပန်က အကူအညီပေးမယ့် ဒေါ်လာ ၂ သန်းလောက်ကို တောင်းခံပြီး၊ ဒေါ်လာ ၃ သန်းခွဲလောက်တန်တဲ့ ကမ်းရိုးတန်းသွား သင်္ဘော တစ်စီး တည်ဆောက်မယ်၊ ဒီအတွက် သံပြားတွေ၊ သံကိုင်းတွေ ဂျပန်ကိုမှာမယ်လို့ စီစဉ်ထားတဲ့အကြောင်း၊ ပထမ အဆင့်အနေနဲ့ ရေယာဉ် ဒီဇိုင်းရေးဆွဲရေး ကက်တီပီလာ ကုမ္ပဏီနဲ့ စကားပြောတဲ့အခါ ကျပ် သိန်း ၇၀၀၀ တောင်းလို့ မတတ်နိုင်ကြောင်း၊ လက်ရှိ ပြည်တွင်း အင်ဂျင်နီယာ အဖွဲ့မှာ ကျပ် သိန်း ၁၀၀၀ နဲ့ အပ်နှံဖို့ စကားပြောထားဆဲ ရှိကြောင်း၊ ဂျပန်ဆီက ရမယ့် ငွေကလည်း မရသေးကြောင်း၊ ဒါကြောင့် အဲဒီ ပြည်တွင်းရေကြောင်း ခရီးစဉ် ဘယ်အချိန် ပြန်ပြေးဆွဲပေးနိုင်မလဲ အတိအကျ မပြောနိုင်တဲ့အကြောင်း ရှင်းပြပါတယ်။
ဒီအခါ ဦးဘရှိန်က နောက်ဆက်တွဲ မေးခွန်းအနေနဲ့ အဲဒီ စစ်တွေမှာ ဆိုက်ကပ်ထားတဲ့ သင်္ဘောဟောင်းတွေကို ပြုပြင်ပြီးတော့ ပြေးဆွဲခိုင်းရင် မဖြစ်ဘူးလား၊ အန္တရယ်ရှိတယ် ဆိုတာ ရခိုင်ပြည်သူတွေ သိပါတယ်၊ အဲဒီ အန္တရယ်တွေကြားထဲကပဲ ဝမ်းပေါက်တာကို ဘိလပ်မြေနဲ့ ဖာတန်ဖာ၊ ပိတ်တန်ပိတ်၊ ဒီသဘောၤတွေကိုပဲ နှစ်ပေါင်းများစွာ စီးလာခဲ့တာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။ ပို့ဆောင်ရေးဝန်ကြီးကတော့ သင်္ဘောဆွဲပြီ ဆိုကတည်းက ဝန်ထမ်းတွေရော၊ အရာရှိတွေရော အဆင့်ဆင့် တာဝန်ယူ တာဝန်ခံရတာ ဖြစ်ကြောင်း၊ ဒါကြောင့် အန္တရာယ် မကင်းတဲ့ အနေအထားမှာ ပြုပြင်ဖါထေးပြီး ပြေးဆွဲဖို့ မဖြစ်နိုင်ကြောင်း၊ သူ့အနေနဲ့ တာဝန်ယူတာ မကြာသေးတဲ့အတွက် အခြားသော နည်းနာတွေရှာပြီး လုပ်ကိုင်ဆောင်ရွက်မှာ ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။
စိတ်မောစရာပါပဲ။ တကယ်တော့ ပြည်တွင်းရေကြောင်းဟာ အစိုးရဘတ်ဂျက်ကနေ ထွက်ခဲ့ပြီးနောက် ဌာန ရံပုံငွေနဲ့ လည်ပတ်တဲ့ အဖွဲ့အစည်းအဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်ပါတယ်။ အရင်က ပြည်တွင်းရေကြောင်းမှာ တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ ရေယာဉ်လိုင်းပေါင်း ၆၄ လိုင်းရှိနေရာကနေ တွက်ခြေမကိုက်တဲ့ လိုင်းတွေ ဖြုတ်ပစ်လိုက်လို့ အခုဆို ၁၈ လိုင်းလောက်ပဲ ကျန်ပါတော့တယ်။ ဒါကို ကော်ပိုရေးရှင်းအဖြစ် ပြောင်းမှာလား၊ ပုဂ္ဂလိကကို လွဲှမလား၊ ဘာမှ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။ လက်တွေ့အခြေအနေမှာတော့ ပြည်သူတွေ အတိဒုက္ခရောက်နေတာ သိသာထင်ရှားပါတယ်။
တကယ်တော့ ပို့ဆောင်ရေးကဏ္ဍ ဆိုတာဟာ ပြည်သူတွေအတွက် အလွန်အရေးကြီးပါတယ်။ အရင် အစိုးရအဆက်ဆက်ဟာ ဒီကဏ္ဍနဲ့ ပတ်သက်ပြီး လက်တွေ့ကျကျ အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက် မပေးနိုင်ခဲ့ပါဘူး။ စီမံခန့်ခွဲမှုညံ့ဖျင်းတာ၊ အဂတိလိုက်စားတာတွေကြောင့် တိုင်းပြည်ဘဏ္ဍာလဲကုန်၊ ပြည်သူတွေလည်း အကျိုးမခံစားရ ဆိုတာမျိုး ဖြစ်ခဲ့တာပါ။ အခု ရခိုင်ပြည်နယ်က ရေကြောင်းခရီးစဉ်ကိုကြည့်ရင် ကမ်းရိုးတန်းသွား သင်္ဘောတစ်စီး ဒေါ်လာ ၃ သန်းခွဲကျော်လောက် ကုန်မှာမို့ ဘယ် ပုဂ္ဂလိက ကမှ ရင်းနှီးမြှုပ်နှံချင်မှာ မဟုတ်ပါဘူး။ ဒီလို အနေအထားမျိုးမှာ ပြည်သူတွေအတွက် အစိုးရကပဲ ဝင်ရောက်ကိုင်တွယ် ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။ ဒီအတွက် အစိုးရဟာ အခွန်အကောက်လို နေရာမျိုးကနေ တိုင်းပြည် ဘဏ္ဍာ များများရအောင် ရှာပြီး ပြည်သူတွေအတွက် ဘတ်ဂျက် များများ အသုံးပြုဖို့ လိုနေပါတယ်။
လက်ရှိ ပြသနာဟာ ရခိုင်ပြည်နယ်က ရေကြောင်းခရီးစဉ် တစ်ခုအကြောင်းပဲ ရှိပါသေးတယ်။ အခြားသော တိုင်းနဲ့ ပြည်နယ် အသီးသီးက ပို့ဆောင်ရေးကဏ္ဍမှာ ပြသနာတွေ အများကြီးရှိနေပါသေးတယ်။ ဘတ်ဂျက်ငွေတွေကို တကယ်လိုတဲ့နေရာမှာ မသုံး၊ မလိုတဲ့နေရာမှာ ဖြုန်းပစ်နေတာလဲ အများကြီးပါ။ ဥပမာ ရန်ကုန်မှာ လူသိပ်မစီးတဲ့ လျှပ်စစ်ရထား စက်ခေါင်း ဝယ်ပြီး ပြေးပြတာမျိုး၊ ခေါက်တိုပြေး RBE ရထားတွေ ဆွဲပြတာမျိုး ဒေါ်လာသန်းချီ ဖြုန်းတီးပစ်ခဲ့တာတွေ တွေ့နိုင်ပါတယ်။ လက်ရှိ အင်န်အယ်လ်ဒီ အစိုးရအနေနဲ့ကတော့ တိုင်းပြည်အတွက် ဘဏ္ဍာငွေများများရှာ၊ ထိရောက်တဲ့ စီမံခန့်ခွဲမှု စနစ်နဲ့ ပြည်သူတွေလိုအပ်နေတဲ့ ကဏ္ဍအသီးသီးအတွက် ငွေများများသုံးနိုင်မှသာ ပြည်သူတွေ နေထိုင်မှုဘ၀ အဆင်ပြေလာမှာဖြစ်သလို၊ တိုင်းပြည် စီးပွားရေးလည်း လိုက်ပါ တိုးတက်လာမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။