သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်ချုပ်နေရာ ဆက်ယူသင့်သလား


union peace conference (photo: Senior General Min Aung Hlaing)
union peace conference (photo: Senior General Min Aung Hlaing)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ၁၉၅၆ ခုနှစ်မှာ မွေးဖွားပြီး အခု ၂၀၁၆ ခုနှစ်မှာ အသက် ၆၀ ပြည့်ပါတယ်။ နိုင်ငံ့ဝန်ထမ်း ဥပဒေ အရ အသက် ၆၀ ပြည့်ပြီဆိုရင် သက်ပြည့် ပင်စင်ယူရမှာပါ။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တွေ တွေ့ဆုံခဲ့စဉ်တုန်းက ကောင်စီဝင် တစ်ယောက်ကနေ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ၂၀၁၆ မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အဖြစ်ကနေ အငြိမ်းစားယူမှာလား ဆိုပြီး မေးမြန်းခဲ့ဖူးပါတယ်။ ဒီမေးမြန်းမှုနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယတိပြတ် အဖြေမပေးခဲ့သလို၊ အနားမှာ အတူရှိနေတဲ့ စစ်ဥပဒေချုပ်ကလည်း တပ်မတော်ဥပဒေအရ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ တာဝန် ဆက်လက်ရယူနိုင်သေးတဲ့ အခြေအနေရှိတဲ့အကြောင်း ဖြေခဲ့ပါတယ်။ အခုရက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတစ်ပုဒ်မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အသက် ၆၅ နှစ်အထိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန် ဆက်ယူမယ် လို့ ဆိုပါတယ်။ ဒီသတင်းကို အတည်ပြုလို့ မရသေးပေမယ့် နိုင်ငံရေးသမားတွေရော၊ ပြည်တွင်းက နိုင်ငံခြား သံတမန် အသိုင်းအဝိုင်းကပါ အလွန် စိတ်ဝင်စားကြပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အသက် ၆၀ ကျော်သည်အထိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန် ဆက်ယူသွားဦးမလား ဆိုတာ လေ့လာ တင်ပြသွားပါ့မယ်။

လက်ရှိ တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာ ထူးခြားတဲ့ အခြေခံ ဥပဒေ တစ်ခုလို့ ဆိုရမှာပါ။ တပ်မတော်ဟာ သမ္မတ ဒါမှမဟုတ် အစိုးရအဖွဲ့ လက်အောက်မှာ ရှိနေတာမျိုး မဟုတ်ပဲ သီးခြားတည်ရှိတဲ့ အဖွဲ့အစည်းအဖြစ် ပြဌာန်းထားပါတယ်။ တိုင်းပြည်ရဲ့ အထွဋ်အထိပ် အကြီးအကဲလို့ ဆိုတဲ့ သမ္မတကို ဘယ်နည်းဘယ်ပုံ ရွေးချယ်ရမယ်၊ ဘယ်နည်းဘယ်ပုံ ပြန် ဖြုတ်ချနိုင်တယ် ဆိုပြီး တိတိကျကျ ရေးဆွဲပြဌာန်းထားတာ ရှိပေမယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တစ်ယောက်ကို ဘယ်နည်းဘယ်ပုံ ခန့်အပ်နိုင်တယ်၊ အဲဒီ တပ်ချုပ် ဘယ်အချိန် အနားယူရမယ် ဆိုတာမျိုးကိုတော့ တိတိကျကျ ပြဌာန်းထားတာ မတွေ့ရပါဘူး။ သမ္မတဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်ခွင့်မရှိပါဘူး။ အဖွဲ့ဝင် ၁၁ ယောက်ပါတဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) လို့ခေါ်တဲ့ အဖွဲ့ကသာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်အပ်နိုင်တယ် ဆိုပြီး ပြဌာန်းထားတာ ဖြစ်ပါတယ်။

Senior General Min Aung Hlaing’s continuing military leader post
please wait

No media source currently available

0:00 0:06:50 0:00
တိုက်ရိုက် လင့်ခ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်နိုင်တဲ့ ကာလုံရဲ့ အဖွဲ့ဝင် ၁၁ ယောက်ထဲမှာ တပ်ချုပ် အပါအဝင် သူကခန့်ထားတဲ့ ဒုတပ်ချုပ်၊ ဒုသမ္မတ တစ်ယောက်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီး ပေါင်း (၆) ယောက်တောင် ရှိနေလေတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နောက်တစ်ယောက်ကို လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကပဲ ခန့်အပ်နိုင်တဲ့ အဓိပ္ပါယ် သွားသက်ရောက်စေပါတယ်။ တစ်ချိန်တည်းမှာပဲ စစ်ဥပဒေအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ အသက် ၆၀ ပြည့်သည့်တိုင် ပင်စင်မယူပဲ နေလို့ရတယ် ဆိုထားပြန်လေတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တစ်ယောက်အနေနဲ့ သူ့ဖာသာသူ အနားမယူမချင်း ဖွဲ့စည်းပုံအရဖြစ်စေ၊ ဥပဒေအရ ဖြစ်စေ၊ သမ္မတ က ဖြစ်စေ အနားယူအောင် လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိဘူး ဆိုတဲ့ အဖြေ သွားထွက်ပါတယ်။ ဒါဟာ ဒီမိုကရေစီနိုင်ငံက တပ်မတော်တစ်ခုအတွက် ကောင်းမွန်တဲ့ ပုံစံ မဟုတ်သလို၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တည်ဆောက်ချင်နေတဲ့ Standard Army ပုံစံနဲ့လည်း အံဝင်ဂွင်ကျ မဖြစ်စေပါဘူး။ ဒီနေရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ဘာလုပ်သင့်လဲ စဉ်းစားရမှာပါ။

နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ ပါတီ အပြတ်အသတ် အနိုင်ရပြီး ပြည်ခိုင်ဖြိုးပါတီ လုံး၀ အရေးနိမ့်သွားတာမို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နိုင်ငံရဲ့ အမြင့်ဆုံး သမ္မတ တာဝန်ကို မရနိုင်တော့ဘူး၊ တပ်မတော် အစုအဖွဲ့ရဲ့ တင်မြှောက်မှုနဲ့ ဒုသမ္မတ ဖြစ်နိုင်ပေမယ့် ဒီရာထူးလောက်ကိုတော့ လိုချင်မှာ မဟုတ်ဘူး၊ ဒါကြောင့် အသက် ၆၀ ပြည့်သွားတဲ့တိုင် အနားမယူသေးပဲ သမ္မတ နီးပါး သြဇာအာဏာ ရှိတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ကိုပဲ ဆက်ပြီး ယူထားလိမ့်ဦးမယ် ဆိုပြီးဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံဟာ စစ်အာဏာရှင် စနစ်နဲ့ လမ်းခွဲပြီး ဒီမိုကရေစီ စနစ်ဆီ သွားဖို့ ခြေလှမ်းပြင်ရုံ အဆင့်လောက်ပဲ ရှိပါသေးတယ်။ ဒီမိုကရေစီ စနစ်ရဲ့ အခြေခံအုတ်မြစ်တွေ ချနိုင်ဖို့ လိုသလို၊ အာဏာရှင်စနစ် နောက်တစ်ကြိမ် ပြန်မလာနိုင်အောင် ကြိုးစားနေရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ခုဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေတည်ပြီး တိုင်းပြည်မှာ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင် သီးခြားစီဖြစ်အောင် တည်ဆောက်နေဆဲ ကာလပါ။ တစ်ယောက်တည်းနဲ့ တစ်သက်လုံး အာဏာရယူမထားနိုင်အောင် သမ္မတ တစ်ယောက်အနေနဲ့ အလွန်ဆုံး ၅ နှစ်သက်တန်း ၂ ကြိမ် ထမ်းဆောင်နိုင်တယ် ဆိုပြီးတော့လည်း ဖွဲ့စည်းပုံထဲ ပြဌာန်းနိုင်ခဲ့ပါပြီ။ ဒါပေမယ့် အာဏာရှင်စနစ် ပြန်လည် ထွန်းကားမလာရေးအတွက် အရေးကြီးတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တွေဟာ အချိန်တန်ရင် အနားယူရမယ် ဆိုတဲ့ ပြဌာန်းချက် တစ်ခု ရှိမနေသေးတာကတော့ စိုးရိမ်စရာပါ။

အခြားတစ်ဖက်က ကြည့်လိုကပြန်ရင်လည်း တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆိုတာဟာ အရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တာဝန်ပေးသွားလို့ တပ်ချုပ် ဖြစ်လာသူပါ။ ဒါပေမယ့် သူဟာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အလွန်ခြားနားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံ၊ သမ္မတ ဦးသိန်းစိန်နဲ့ လက်တွဲပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးရအောင် ကြိုးစားခဲ့သူလို့ ဆိုရင်လည်း မမှားပါဘူး။ သူ့ရဲ့ အဓိက တာဝန်ဖြစ်တဲ့ တပ်မတော် တည်ဆောက်ရေးကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ တပ်မတော်ရဲ့ အာဏာရှင် လက်ထက်က ရှိခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု လျော့နည်းအောင် လုပ်တာ၊ တပ်တွင်းမှာ ကလေးစစ်သား ကင်းစင်အောင် ဆောင်ရွက်တာ၊ ပြည်သူတွေကို မြှေမြှုပ်မိုင်းရှင်း အထမ်းသမား ပေါ်တာအဖြစ် အတင်းအားဓမ္မ စေခိုင်းတဲ့ လုပ်ရပ်တွေကို ရပ်တန့်တာ၊ စစ်ဗျူရိုကရေစီ ယန္တယား ကြီးမားအောင် စစ်အရာရှိအများအပြား မွေးထုတ်နေတာတွေကို ကန့်သတ်တာ စသဖြင့် အများကြီး စွမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေနဲ့ လုပ်စရာ တစ်ခုပဲ ကျန်ပါတယ်။ အလွန်လည်း အရေးကြီးတဲ့ တာဝန်တစ်ရပ်ပါ။ အဲဒါကတော့ တပ်မတော်ကို Standard Army ပီသစွာ တပ်ချုပ်တစ်ယောက်ကနေ နောက်တစ်ယောက်ကို စနစ်တကျ တာဝန်လွဲှပေးသွားခဲ့တာမျိုးပါ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွေဟာ အာဏာကို မမက်မောပဲ အသက်ပြည့်သည်အထိ တာဝန်ထမ်းဆောင်ပြီးတာနဲ့ နောက်တစ်ယောက်ကို တာဝန်လွဲှအပ်ပေးပြီး အငြိမ်းစားယူသွားတာမျိုးပါ။

ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ တိုင်းပြည်အတွက် အရေးအကြီးဆုံးနဲ့ နောက်ဆုံး တာဝန်ဖြစ်တဲ့ တပ်ချုပ်တစ်ယောက်ကနေ နောက် တပ်ချုပ်တစ်ယောက်ကို စနစ်တကျ တာဝန်လွဲှပြောင်း ပေးအပ်သွားခြင်းကသာလျင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ အငြိမ်းစားယူပြီးနောက် ဒုသမ္မတ တာဝန်ယူပြီး နိုင်ငံရေးတာဝန်တွေ ဆက် ထမ်းဆောင်ချင် ထမ်းဆောင်သွားနိုင်ပါသေးတယ်။ အဲဒီလိုသာ ဆောင်ရွက်နိုင်ခဲ့ရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တပ်မတော်ကို Standard Army ဖြစ်အောင် တည်ဆောက်ခဲ့သူ ခေါင်းဆောင်ကောင်း တစ်ယောက်၊ တိုင်းပြည် အသွင်ကူးပြောင်းရေးမှာ အကောင်းဆုံး ဆောင်ရွက်ခဲ့သူ တစ်ဦး အနေနဲ့ မှတ်တမ်းတင်ခံရမှာဖြစ်ပြီး နောင် နိုင်ငံ့အထွဋ်အထိပ် သမ္မတဖြစ်ဖို့ကိုတောင် ကြိုးစားနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG