သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားတိုက်ပွဲ ဘယ်ကို ဆက်သွားမလဲ


ကျောင်းသားသပိတ်တပ် မကွေးကနေ တောင်တွင်းကြီးကိုသွားတဲ့လမ်းမှာ ဟောပြောနေပုံ- သတင်းဓာတ်ပုံ-စည်သူ(VOA)
ကျောင်းသားသပိတ်တပ် မကွေးကနေ တောင်တွင်းကြီးကိုသွားတဲ့လမ်းမှာ ဟောပြောနေပုံ- သတင်းဓာတ်ပုံ-စည်သူ(VOA)

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ကျောင်းသားတွေတောင်းဆိုချက်အရ ကျင်းပတဲ့ အစိုးရ၊ လွှတ်တော်၊ ကျောင်းသား နဲ့ NNER ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်တို့ ပါဝင်တဲ့ နေပြည်တော်က လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ပျက်ပြားသွားခဲ့ပြီဖြစ်ပါတယ်။

အပြီးတိုင် ပျက်သွားတာမျိုး မဟုတ်ပဲ လာမယ့် ပြည်ထောင်စုနေ့ ဖေဖေါ်ဝါရီ ၁၂ ရက်နောက်ပိုင်းကျမှ ဆွေးနွေးပွဲတွေ ပြန်စနိုင်မယ်လို့ အစိုးရဘက်က ကြေငြာထားပါတယ်။ ကျောင်းသားတွေကတော့ နဂို စီစဉ်ထားတဲ့အတိုင်း ဆန္ဒပြချီတက်ပွဲတွေ ဆက်လုပ်နေကြပြီး သပိတ်မှောက် စစ်ကြောင်းတွေ ရန်ကုန်မှာ စုနိုင်ဖို့ လုပ်နေကြပါပြီ။

ပြသနာတွေ ဘယ်လို ဖြစ်တာပါလဲ၊ ကျောင်းသားသပိတ် ပြသနာ ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

အခုနောက်ဆုံးဖြစ်ပွားခဲ့တဲ့ ကျောင်းသား သပိတ်တိုက်ပွဲကိုကြည့်ရင် အဆင့် နှစ်ဆင့်ခွဲပြီး ရှုမြင်နိုင်ပါတယ်။

ကျောင်းသားတွေ တောင်းဆိုတဲ့အတိုင်း လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာတဲ့ အဆင့်က တစ်ဆင့်ဖြစ်ပြီး အဲဒီကမှတဆင့် နောက်ဆုံး ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ ကျောင်းသားတွေလိုလားတဲ့ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်နိုင်ရေး ဖြစ်ပါတယ်။

ပထမ အဆင့်ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေး အဆင့်ထိ ရောက်လာတာဟာ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲ အကောင်အထည် ဖော်မှု ပုံစံ မှန်ကန်ခဲ့လို့ ပါ။ ပထမ အရေးအကြီးဆုံး အချက်က ကျောင်းသားတွေ ဆန္ဒပြဖို့ အထိ ဖြစ်လာတဲ့ အကြောင်းပြချက် ခိုင်မာတာ ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနဟာ အမျိုးသားပညာရေး ဥပဒေမူကြမ်း ပြုစုစဉ်တုန်းက ကျောင်းသားတွေ အားထားရတဲ့ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ NNER ကိုယ်စားလှယ်တွေကို ဟုတ်တိပတ္တိ လက်ခံတွေ့ဆုံဆွေးနွေးခွင့် မပေးခဲ့ပါဘူး။ NNER က ကန့်ကွက်ခဲ့တဲ့ အချက်တွေ ပညာရေးဥပဒေ မူကြမ်းထဲ ထည့်သွင်းခဲ့သလို၊ တကယ် ဥပဒေအဖြစ် အတည်ပြု ပြဌာန်းလိုက်တော့လည်း အဲဒီ အချက်တွေ ပါဝင်လာပါတယ်။ အခု အဲဒါတွေကိုထောက်ပြပြီး ပြင်ပေးဖို့ ကျောင်းသားတွေက တောင်းဆိုတဲ့အတွက် ဆန္ဒပြရတဲ့ အကြောင်းအရင်း မှန်ကန်တယ်လို့ ပြောရခြင်းပါ။

တိုက်ရိုက် လင့်ခ်

ဒုတိယ အနေနဲ့ ဆန္ဒပြရာမှာ ကျောင်းသားတွေဟာ အချက် (၁၁) ချက် ထုတ်ပြန်ပြီး တောင်းဆို ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အချက်တွေ အားလုံးဟာ ပညာရေးနဲ့ သက်ဆိုင်တဲ့ အချက်တွေချည်းပဲ ဖြစ်ပါတယ်။ ပြောရရင် ကျောင်းသားဆန္ဒပြ တောင်းဆိုချက်ထဲမှာ နိုင်ငံရေးဆိုင်ရာနဲ့ အခြား မဆိုင်တဲ့ အကြောင်းအချက်တွေ မပါဝင်ခြင်းဟာလည်း တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်သည်အထိ အောင်မြင်စေတဲ့ အချက်ဖြစ်ပါတယ်။ နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ ဆန္ဒပြတာကို အကန့်အသတ်နဲ့ ပြတာပါ။ ပထမ ရက်တစ်ချို့ ဆန္ဒပြပြီးနောက် အစိုးရနဲ့ လွှတ်တော်ဘက်ကို ရက်ပေါင်း ၆၀ အချိန်ပေးပါတယ်။ ရက်ပေါင်း ၆၀ အတွင်း အစိုးရနဲ့ လွှတ်တော်ဘက်က ပြင်ဆင်စရာရှိတာ ပြင်ဆင်နိုင်အောင်ပါ။ ဒါပေမယ့် အစိုးရနဲ့ လွှတ်တော်ဘက်က ကျောင်းသားတွေနဲ့ တွေ့ဆုံဖို့ အရိပ်အယောင် မပြတာ၊ ဆွေးနွေးလိုပုံ မပေါ်တော့မှ မန္တလေးကစ ရန်ကုန်ကို လမ်းလျောက် ချီတက်မယ် ဆိုတဲ့ အခြေအနေမျိုး ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီလို အကန့်အသတ်၊ အထိန်း အချုပ်နဲ့ ဆန္ဒပြတဲ့အတွက် ကျောင်းသားတွေ တောင်းဆိုတဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲ ဖြစ်ပေါ်သည်အထိ အောင်မြင်မှု ရခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ နေပြည်တော်မှာ လေးပွင့်ဆိုင် ဆွေးနွေးပွဲ ပျက်သွားခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တစ်ဖက်နဲ့ တစ်ဖက် အပစ်တင်ပြောဆိုတာတော့ ရှိခဲ့ပါတယ်။ ကျောင်းသားတွေနဲ့ NNER ဘက်က အစိုးရဟာ ဆွေးနွေးပွဲမှာ သူတို့ဖာသာ သူတို့ လူတွေ လိုချင်သလောက် ထည့်တယ်၊ သူတို့ဘက်ကိုတော့ အရည်အတွက် ကန့်သတ်တာမျိုး လုပ်တယ်၊ တရားမျှတမှု မရှိဘူး၊ ဆွေးနွေးပွဲကို တဖက်သတ် ဖျက်သိမ်းပစ်တယ် ဆိုပြီး ဝေဖန်ပါတယ်။ အစိုးရဘက်ကတော့ ဆွေးနွေးပွဲဆိုတာ လူတွေ ဝင်ချင်တိုင်း ဝင်လို့ မရဘူး၊ စနစ်တကျ အကန့်အသတ် ရှိရတယ်၊ နောက် အခု လာဆွေးနွေးတဲ့သူတွေဟာလည်း ဆန္ဒပြ ကျောင်းသားထု အားလုံးကို ကိုယ်စားပြုရဲ့လား၊ ဒီအတွက် ဆွေးနွေးပွဲတွေကို လာမယ့် ဖေဖေါ်ဝါရီ ၁၂ နောက်ပိုင်းကို ရွှေ့တယ်၊ ကျောင်းသားတွေအနေနဲ့ တကယ်ကိုယ်စားပြုသူတွေကို ရွေးချယ်ပြီး၊ ဘာတွေ ဆွေးနွေးမလဲ ဆိုတာ တိတိကျကျ ယူလာပါ၊ အဲဒီအခါကျရင် ကျောင်းသားတွေ ရွေးချယ်တဲ့ နေရာမှာ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ လုပ်ပေးမယ် ဆိုပြီး အကြောင်းပြန်ခဲ့ပါတယ်။

ဒီပြသနာနဲ့ ပါတ်သက်ရင် အစိုးရဘက်က လိုအပ်ချက်ဟာ တွေ့ဆုံဆွေးနွေးရေး နဲ့ ပါတ်သက်ပြီး နွေးထွေးမှု မရှိတာပါ။ ကျောင်းသားတွေနဲ့ NNER အဖွဲ့ နေပြည်တော်ကို ရောက်ခိုက် စည်ပင်တည်းခိုရိပ်သာမှာ တည်းခိုဖို့ အခက်အခဲ ဖြစ်ပေါ်ခဲ့ပါတယ်။ တကယ်တော့ ဒီလို ကြီးမားလှတဲ့ နိုင်ငံရေးဆိုင်ရာ အကြပ်အတည်းကြီးကို ဆွေးနွေးဖို့ လာတဲ့သူတွေကို ခုလို အခက်အခဲ အကြပ်တည်းဖြစ်အောင် လုံး၀ မလုပ်သင့်ပါဘူး။ အစိုးရတာဝန်ရှိသူတွေဟာ ဒီ ပြသနာ သူ့ဘက်က ဘာမှ မသိပါဘူးဆိုတဲ့ ဆင်ခြေပေးလို့လည်း မရပါဘူး။ ကျောင်းသားတွေ ဘက်ကလည်း တကယ်ပဲ တွေ့ဆုံဆွေးနွေးရေးကနေ အဖြေတစ်ခု ရှာလိုတယ် ဆိုရင် ပထမ ၁၅ ယောက်၊ နောက်ထပ် ခွင့်ပြုချက် အယောက် ၂၀ ခွင့်ပြုချိန် ဆွေးနွေးပွဲ တက်သင့်ပါတယ်။ တကယ့် နည်းပညာအရ အထောက်အကူဖြစ်စေမယ့် NNER ထဲမှာ ပညာရှင်တွေ ပါလာပြီးသားမို့ အမှားအယွင်းဖြစ်မှာကိုလည်း သိပ်မပူရပါဘူး။ အခြား မကျေနပ်တာ ရှိရင် ကိုယ်စားလှယ် အယောက် ၂၀ နဲ့ အရင်ဆွေးနွေးရင်း ဆက်ပြီး ဖြေရှင်းသွားလို့ ရနိုင်ပါတယ်။ အခုတော့ နှစ်ဖက် အလျော့မပေးကြတာကြောင့် လမ်းလျောက် ဆန္ဒပြတဲ့ အခြေအနေ ပြန်ရောက်သွားပါပြီ။

တကယ်တော့ ခုလို တွေ့ဆုံဆွေးနွေးပွဲတွေ အောင်မြင်ဖို့ ဆိုရင် နှစ်ဖက်စလုံးဟာ ကိုယ်လိုချင်တာကိုပဲ ကိုယ် မရမက ဆုတ်ကိုင်ထားမယ် ဆိုတာမျိုးထက် တွေ့ဆုံဆွေးနွေး၊ အပေးအယူ အလျော့အတင်း လုပ်ဖို့ ဆန္ဒရှိကြဖို့ လိုပါတယ်။ အထူးသဖြင့် ကျောင်းသားတွေဘက်မှာ တိုက်ပွဲဝင် စွမ်းရည်တင်မက၊ စည်းရုံးရေးစွမ်းရည်၊ ညှိနှိုင်းမှုစွမ်းရည်နဲ့ ပညာအရည်အသွေး ပြည့်ဝကြောင်း ပြသဖို့ လိုပါတယ်။ ဆန္ဒပြ ကျောင်းသားတွေအားလုံးကို ကိုယ်စားပြုနိုင်တဲ့ အရည်အတွက် တစ်ခုရှိတဲ့ ကိုယ်စားလှယ် ရွေးချယ်ထားနိုင်ရပါမယ်။ ကျောင်းသားတွေဟာ အဲဒီ ကိုယ်စားလှယ်တွေက ညွှန်ကြားရင် ဆန္ဒပြဆိုပြ၊ ချီတက်ဆို ချီတက်၊ သပိတ်လှန် ဆိုလှန် နာခံမယ့် အနေအထား ဖြစ်ဖို့လိုပါတယ်။ နောက် ဘာကို တောင်းဆိုမလဲ ညှိနှိုင်းထားပြီးဖြစ်ရပါမယ်။ ပြီးရင် ပညာရည် ပြည့်ဝစွာနဲ့ ညှိနှိုင်း အပေးအယူ လုပ်တတ်ရပါမယ်။ ဒီလို အရည်အချင်းတွေ ပြည့်၀ မှသာလျင် အရင်တုန်းကလို တိုက်ပွဲ ဆင်ရုံမဟုတ်ပဲ၊ တောင်းဆို ဆန္ဒပြရုံသက်သက် မဟုတ်ပဲ အဖြေရလာဒ် တစ်ခု ရတဲ့၊ အောင်ပွဲ တစ်ခုဆီ ရောက်နိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG