သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ သံသယ ဖြစ်စရာ ထုတ်ပြန်ချက်


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး မှ သတင်းထောက်တွေကိုရှင်းလင်းပြောပြနေစဉ်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး မှ သတင်းထောက်တွေကိုရှင်းလင်းပြောပြနေစဉ်

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရန်ကုန်ရုံးခွဲမှာ ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲ တစ်ခု လုပ်ပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲကို ကော်မရှင် ဥက္ကဌ ဦးတင်အေး ကိုယ်တိုင် ဦးဆောင်ပြုလုပ်တာ ဖြစ်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်အလက်တွေ သံသယ ဝင်စရာ ကောင်းတဲ့ အချက်အလက်တွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဘယ်လို အချက်အလက်တွေက စိတ်ဝင်စားဖို့ ကောင်းတာလဲ၊ ဘယ်လို အချက်အလက်တွေက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ သံသယ ဝင်စရာ ဖြစ်နေသလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

သတင်းစာ ရှင်းလင်းပွဲမှာ ကော်မရှင် ဥက္ကဌ ဦးတင်အေး ထုတ်ဖော်ပြောဆိုတာ တစ်ခုက မဲပေးချင်ပါတယ်ဆိုပြီး ပြည်ပရောက် မြန်မာတွေရဲ့ လျောက်ထားမှု အကြမ်းဖျဉ်း ၁၈၀၀၀ လောက် ရှိတယ် ဆိုတာပါပဲ။ ဒီ ကိန်းဂဏန်းဟာ စိတ်ဝင်စားစရာပါ။ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ပြည်ပ ထိုင်း၊ မလေးရှား၊ စင်ကာပူနဲ့ နိုင်ငံတစ်ချို့မှာ သွားရောက် အလုပ်လုပ်နေကြတဲ့ မြန်မာ အလုပ်သမားတွေ သက်သက်ပဲ ၂ သန်းကျော် ရှိနေတာပါ။ ဒီအထဲမှာ ထိုင်းနဲ့ မလေးရှားကို တရားမဝင် သွားအလုပ်လုပ်တဲ့ အလုပ်သမားတွေကို နှုတ်ပယ်လိုက်ဦးတော့ တရားဝင် အလုပ်သွားလုပ်နေတဲ့ အလုပ်သမား သန်းဂဏန်းလောက်တော့ ကျန်ပါသေးတယ်။ အများစုကတော့ ထိုင်းနိုင်ငံမှာပါ။ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်တဲ့ မြန်မာ အလုပ်သမား အားလုံး တရားမဝင် ခိုးသွားတာတွေ မဟုတ်ပါဘူး။ အစိုးရက အလုပ်သမား Passport ထုတ်ပေး၊ ထိုင်းနိုင်ငံဘက်ကလည်း အလုပ်လုပ်ခွင့် ပါမစ်တွေ ချထားပေးပြီးမှ အလုပ်လုပ်ကိုင်နေကြတာပါ။ အခု ဦးတင်အေး ပြောတဲ့ ကိန်းဂဏန်း အချက်အလက်အရ ဆိုရင် အလွန်များပြားတဲ့ ပြည်ပ ရောက် တရားဝင် မြန်မာ အလုပ်သမားတွေ မဲပေးဖို့ လျောက်ထားခြင်း မရှိကြဘူး ဆိုတာပါပဲ။ ဒါနဲ့ ပတ်သက်ပြီး လျောက်ထားဖို့ မသိကြတာလား၊ လျောက်ထားခွင့် မရှိလို့ မလျောက်တာလား ဆိုတာ သိပ်ပြီး မသဲကွဲပါဘူး။ ဒီ အတိုင်းဆိုရင် အဲဒီ သန်းနဲ့ချီတဲ့ အလုပ်သမားတွေ မဲပေးခွင့် ဆုံးရှုံးတော့မယ် ဆိုတဲ့ အနေအထား ရောက်နေပါပြီ။

ဦးတင်အေး ပြောတဲ့ အထဲမှာ နောက်ထပ် သံသယ ဖြစ်ဖို့ကောင်းတဲ့ အချက်တစ်ခုကတော့ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးမယ့်သူတွေဟာ မှတ်ပုံတင် ရှိစရာမလို၊ မှတ်ပုံတင် မရှိလဲရတယ်၊ မဲပေးမယ့်သူ အားလုံးကို မဲပေးမယ့်နေ့ မတိုင်ခင် မဲဆန္ဒရှင် သက်သေခံလက်မှတ် ထုတ်ပေးထားမယ်လို့ ဆိုလိုက်တာပါပဲ။ တကယ်တော့ မြန်မာနိုင်ငံမှာ ရေကြီးမြေပြိုမှုတွေ ဖြစ်ပြီး ပြည်သူတစ်ချို့ နေအိမ်တွေကနေ စွန့်ခွာ ခဲ့ကြရတယ်၊ အဲဒီမှာ မှတ်ပုံတင်လို သက်သေခံ အထောက်အထားတွေ ရေဘေးထဲ ပါသွားတယ်၊ ဒါကြောင့် အဲဒီနေရာတွေမှာ မဲပေးဖို့ မှတ်ပုံတင် ကဒ်အစား မဲဆန္ဒရှင် သက်သေခံလက်မှတ်တွေ ကြိုတင် ထုတ်ပေးမယ်လို့ ဆိုထားရာကနေ အခု တစ်တိုင်းပြည်လုံးမှာ ထုတ်ပေးမယ်လို့ ဆိုလိုက်တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဒီ့မတိုင်ခင်က ရွေးကောက်ပွဲကော်မရှင်ဟာ လူတစ်ယောက် မဲပေးခွင့်ရဖို့ မဲစာရင်းမှာ ပါဖို့ အဓိက ကျတယ်၊ မဲစာရင်းမှာ ပါပြီး အချက်အလက်တွေ မှားနေရင်တောင် မဲပေးခွင့်ပြုမှာဖြစ်တယ် ဆိုပြီး ကြေငြာထားတာ ဖြစ်ပါတယ်။ အဲဒီ အချက်နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်နေတဲ့ အမေရိကန် အခြေစိုက် ကာတာ စင်တာက ရွေးကောက်ပွဲနေ့မှာ မဲလာပေးတဲ့သူတွေကို ဘယ်လို သက်သေခံ ကဒ်ပြားတွေပါမှ ဖြစ်မယ်၊ ဒါမှမဟုတ် ဘယ်လို အချက်မျိုး ပြည့်စုံတဲ့ သူတွေကိုမှ မဲပေးခွင့် ပြုမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း လုပ်ထားသင့်တယ် ဆိုပြီး ထောက်ပြ အကြံပြုခဲ့ပါသေးတယ်။ အဓိပ္ပါယ်ကတော့ အဲလို ရှင်းရှင်းလင်းလင်း လုပ်မထားရင် မဲစာရင်းမှာ ပါပြီး အချက်အလက် မှားယွင်း၊ အထောက်အထား မပြည့်စုံသူတွေ အားလုံးရဲ့ မဲပေးခွင့်ဟာ မဲရုံမှူးတွေ၊ အောက်ခြေ ကော်မရှင် အဖွဲ့ဝင်တွေ လက်ထဲ ကျရောက်သွားမှာ မို့လို့ပါပဲ။

အခု မဲစာရင်းပါသူတွေကို မဲဆန္ဒရှင် သက်သေခံလက်မှတ် ကြိုတင် ထုတ်ပေးမယ် ဆိုတာမျိုးကတော့ အဲဒီထက် ပိုဆိုးပါတယ်။ ဘယ်သူတွေကို သက်သေခံ လက်မှတ် ထုတ်ပေးမယ် ဆိုတာကို ကော်မရှင်ကပဲ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်တော့မှာမို့လို့ ဖြစ်ပါတယ်။ တကယ့်တကယ် မဲပေးတဲ့နေ့ မဲလာပေးတဲ့သူဟာ မဲစာရင်းမှာ ပါတဲ့ သူ ဟုတ်မဟုတ်၊ မှတ်ပုံတင် အပါအဝင် အထောက်အထားတွေကို စစ်ဆေးခွင့် ရှိသူတွေထဲမှာ အမတ်လောင်းတွေရဲ့ မဲရုံ ကိုယ်စားလှယ်တွေနဲ့ အခြားလူတွေလည်း ပါပါတယ်။ တကယ်လို့ မဲပေးမယ့်သူတွေကို ခုလို မဲဆန္ဒရှင် သက်သေခံလက်မှတ်တွေ ကြိုတင်ထုတ်ပေးထားလိုက်ရင် တကယ့်မဲပေးတဲ့ နေ့မှာ အဲဒီလူတွေကို စစ်ဆေးရ ခက်ခဲသွားစေမှာပါ။ မဲရုံမှာ ရှိနေမယ့်သူတွေဟာ အဲဒီလူတွေကို အရေးကြီးတဲ့ မှတ်ပုံတင် အပါအဝင် အခြားဘာမှ စစ်ဆေးခွင့်ရှိတော့မှာ မဟုတ်လို့ပဲ ဖြစ်ပါတယ်။

စောစောက ရှင်းပြခဲ့တဲ့ အချက်နဲ့ ပြန်ဆက်စပ်ရင် ပြည်ပရောက်ပြီး မဲပေးခွင့်မရတဲ့ သန်းနဲ့ချီတဲ့လူတွေရဲ့ စာရင်းဟာလည်း သူနေထိုင်ရာ သူ့ဇာတိ ရပ်ရွာတွေမှာ မဲစာရင်းပေါက်ပြီးသားတွေ ဖြစ်နေမှာပါ။ အဲဒီ အချက်အလက်တွေကို သိတဲ့ မသမာသူတွေဟာ ပြည်ပရောက်နေသူတွေရဲ့ နာမည်နဲ့ မဲဆန္ဒရှင် သက်သေခံလက်မှတ်ကို ကြိုတင် ထုတ်ယူနိုင်ပါတယ်။ အဓိက ပြသနာကတော့ သက်သေခံလက်မှတ်ကို ကော်မရှင်ကပဲ ကြိုတင် ထုတ်ပေးမှာဖြစ်ပြီး အခြား ဘယ်သူ့ကိုမှ ဝင်ရောက်စစ်ဆေးခွင့် ပေးမထားလို့ ဖြစ်ပါတယ်။

တကယ်တော့ မဲပေးမယ့်နေ့ မဲရုံမှာ မဲရုံမှူးနဲ့ အဖွဲ့ဝင်တွေ၊ ရပ်ကျေး ကော်မရှင် အဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေး အဖွဲ့တွေ အမတ်လောင်းတွေရဲ့ မဲရုံကိုယ်စားလှယ်တွေ၊ အကူကိုယ်စားလှယ်တွေ ထားရှိခွင့်ပေးတဲ့အထဲမှာ မဲလာပေးသူဟာ မဲဆန္ဒရှင် အစစ် ဟုတ်မဟုတ် စစ်ဆေးခွင့် ပေးတာလည်း ပါဝင်ပါတယ်။ အခု မဲလာထည့်သူကို မှတ်ပုံတင်လို ခိုင်လုံတဲ့ အထောက်အထား စစ်ဆေးခွင့် မရှိတော့တာကြောင့် မသမာမှု ဖြစ်ပေါ်ဖို့ လမ်းဖွင့်ပေးသလို ဖြစ်စေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီ ပြသနာကို အသေအခြာ စဉ်းစားသုံးသပ်ဖို့ လိုတာဟာ ပြိုင်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ မဲပေးတဲ့နေ့ မဲရုံကို မဲလာပေးတဲ့ သူတွေ အနေနဲ့ မှတ်ပုံတင်လို ခိုင်လုံတဲ့ အထောက်အထားတွေ မလိုပဲ ကော်မရှင်က ကြိုတင် ထုတ်ပေးထားတဲ့ မဲဆန္ဒရှင် သက်သေခံလက်မှတ်နဲ့ပဲ မဲပေးခွင့် ပြုရမယ် ဆိုတဲ့ ကိစ္စ ဖြစ်သင့် မဖြစ်သင့် အသေအခြာ စဉ်းစားဆွေးနွေး သင့်ပါကြောင်း၊ ဒီလို လုပ်တာဟာ အောက်ခြေ ကော်မရှင်တွေကို အလွန်အကျွံ လုပ်ပိုင်ခွင့် ပေးရာရောက်ပြီး မသမာမှုတွေ ဖြစ်လာနိုင်ခြေ ရှိတယ်လို့ သုံးသပ်ရင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို မြန်မြန်ဆန်ဆန် ကန့်ကွက်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG