အခုလပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာ ပြည်သူတွေ သောက်သုံးရေ ရှားပါးတာနဲ့ ဆက်စပ်တဲ့ သတင်းတွေ အတော်လေး များပါတယ်။ ဒီအထဲ ထူးခြားတဲ့ သတင်းတစ်ပုဒ်မှာတော့ ရန်ကုန် တစ်ဖက်ကမ်း ဒလ မြို့နယ်က ကျေးရွာတစ်ရွာမှာ ရေလာခပ်လို့ စကားများရာကနေ လူသတ်မှု ဖြစ်ပွားသည် အထိ ပြသနာကြီးမားခဲ့တာ ဖတ်ရှုကြရပါတယ်။ ဆက်တိုက်ဆိုသလိုပဲ ရေရှားပါးမှု ပြသနာဟာ မြန်မာပြည် အလည်ပိုင်းက မြို့ရွာတွေတင်မကပဲ အခြား တိုင်းနဲ့ ပြည်နယ်က ကျေးရွာတွေမှာပါ ကြုံနေရပြီလည်း ဖြစ်ပါတယ်။ ဒါဟာ အခုနှစ်မှ ဖြစ်တာ မဟုတ်ပါဘူး။ အရင် နှစ်ပေါင်းများစွာထဲက ဖြစ်ပွားနေတာပါ။ လတ်တလော ဘာပြသနာတွေ ဖြစ်ပွားနေသလဲ၊ ဒီပြသနာ ပြည်သူတွေက ဘယ်လို ကျော်လွှားနေရပြီး အစိုးရကရော ဘာဖြေရှင်းပေးနေသလဲ၊ လက်တွေ့ ဘယ်လို ဖြစ်သင့်သလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
ဒလ ဘက်မှာ ဖြစ်ပွားခဲ့တဲ့ ပြသနာက ခုလိုပါ။ ဧပြီ ၂၇ ရက်နေ့ညက ရန်ကုန်တိုင်း ဒလ မြို့နယ် ဓနိတောကျေးရွာမှာ မိန်းကလေး တစ်ယောက်က ရေကန်မှာ သုံးရေ သွားခပ်ပါတယ်။ ဒါကို ကန်ဘေးနံဘေး နေအိမ်မှာ နေထိုင်တဲ့ မိန်းကလေးက သူတို့ ရေကန်ဖြစ်ကြောင်း ရေမခပ်ဖို့ တားမြစ်ရာကနေ အခြား ရွာခံတွေနဲ့ ကန်ဘေးအိမ် မိသားစု ပဋိပက္ခ ဖြစ်ပွားကြတာပါ။ အပြန်အလှန် ဆဲဆို စကားများ ရန်ဖြစ်ပြီး ရွာလုံးကျွတ် အမျိုးသားတွေက နေအိမ်ကို ဖျက်ဆီး၊ အဲဒီ မိသားစုကို ကျောက်ခဲတွေ တုတ်တွေနဲ့ ဝိုင်းရိုက်၊ ဝိုင်းလိုက်ခဲ့လို့ မိသားစုဝင် အမျိုးသားတစ်ယောက် ဦးခေါင်းပေါက်ပြဲ ဒါဏ်ရာတွေနဲ့ သေဆုံးသွားပြီး အခြားမိသားစုဝင် သုံးယောက် အပြင်းအထန် ဒါဏ်ရာတွေ ရသွားခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။ ပြသနာ ဖြစ်ပွားရတာဟာ အပြန်အလှန် စကားများ အခြေအတင် ငြင်းခုံလို့၊ ဆဲဆိုကြလို့ ဖြစ်ရတယ် ဆိုတာထက် သုံးရေ ခပ်လို့ ဖြစ်ရတာကိုတော့ မငြင်းနိုင်ပါဘူး။ မြန်မာနိုင်ငံက ရေရှားပါးမှု ပြသနာဟာ လူတွေကို ကိုယ်၊စိတ်၊နှလုံး ကျန်းမာရေး ထိခိုက်စေရုံမက အသက်ကိုပါ သေစေနိုင်ကြောင်း အခုဖြစ်ရပ်က သက်သေပြသလို ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း သတင်းတွေမှာ ရေရှားတဲ့ ဒလ ဘက်ကိုသွားပြီး ရေလှူတဲ့ သတင်းတွေ ဖော်ပြခဲ့ကြပါတယ်။ ဒလမှာ ကျေးရွာနဲ့ ရပ်ကွက် ၄၆ ခု၊ အိမ်ခြေ သုံးသောင်း တစ်ထောင်ကျော်၊ လူဦးရေ တစ်သိန်းခွဲနီးပါးရှိပြီး နှစ်စဉ် ကန်ရေတွေ ခန်းခြောက်၊ သုံးရေ၊ သောက်ရေ အခက်အခဲ ဖြစ်နေကြရတာပါ။ နွေရာသီရောက်တိုင်း ရေအခက်အခဲ ဖြစ်နေတာ ရန်ကုန်တိုင်းက ဒလ မြို့နယ် တစ်ခုထဲတော့ မဟုတ်ပါဘူး။ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ် နဲ့ ကရင်ပြည်နယ် ကျေးရွာတွေမှာလည်း ရေရှားပါးတဲ့အတွက် အဲဒီ ဒေသတွေမှာ ရေနဲ့ ပတ်သက်တဲ့ ရောဂါဖြစ်ပွားမှုလျော့ချရေး၊ ရေကောင်းရေသန့် ရရှိရေး လုပ်ငန်းတွေကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနဲ့ ဆမ်ဆောင်းကုမ္ပဏီ အပါအဝင် တောင်ကိုရီးယား ကြက်ခြေနီ အသင်းပူးပေါင်းပြီးတော့လည်း အကူအညီတွေ ပေးနေကြပါတယ်။
အခုနှစ် ရေရှားတဲ့ဆီမှာ ရှမ်းပြည်နယ်က အင်းလေးကန် ပတ်ဝန်းကျင်လည်း မလွတ်ပါဘူး။ ရှမ်းပြည်နယ် အင်းလေးကန်အနောက်ဘက်ခြမ်းက ဟဲယာရွာမ၊ ခေါင်တိုင်၊ ကြေးစားကုန်း၊ လယ်သစ်၊ သပြေပင်နဲ့ ကန်အရှေ့ဘက်က ကန်ပဲ့ကျေးရွာ ဧရိယာတွေမှာ ရေရှားပါးပြတ်လတ်မှုတွေ ကြုံနေရတယ်လို့ သိရပါတယ်။ ဒီအတွက် တစ်ချို့ရွာတွေကတော့ ရွာကနေ ကိုက် ထောင်နဲ့ချီကွာတဲ့ နေရာကနေ ချောင်းရေကို သွယ်ယူ အသုံးပြုနေရတယ်လို့ ဆိုပါတယ်။ ထူးထူးခြားခြား အနေနဲ့ ဂီတဖျော်ဖြေပွဲတွေ လုပ်ပြီး ရံပုံငွေရှာ၊ ရလာတဲ့ ငွေတွေကို နိုင်ငံရေး အကျဉ်းသားတွေအပါအဝင် လိုအပ်တဲ့ နေရာတွေကို လှူဒါန်းနေတဲ့ တေးရေးဆရာ ကိုရဲလွင် ဦးဆောင်တဲ့ ပန်းရဲ့လမ်း အဖွဲ့ကတောင် ရေရှားပါးတဲ့ ကျေးရွာတွေကို အကူအညီပေးဖို့ ရံပုံငွေ ရှာနေရပြီ ဆိုတာပါပဲ။ ပန်းရဲ့လမ်း အဖွဲ့ဟာ ဒလ ဘက်က ရေရှားတဲ့ ကျေးရွာတွေအတွက် ရုံငွေရှာဖွေ ပေးခဲ့ပြီးနောက် ပဲခူးတိုင်း သနပ်ပင်မြို့နယ်ထဲက ရေရှားပါးတဲ့ ကျေးရွာတွေအတွက် ဂီတ ဖျော်ဖြေပွဲတွေ လုပ်ပြီး ရံပုံငွေ ထပ်ပြီး ရှာဖွေနေပါတယ်။
ပြောရရင် မြန်မာနိုင်ငံ အရပ်ရပ်က ရေရှားပါးတဲ့ ကျေးရွာတွေအတွက် ပြည်သူတွေဟာ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရုန်းကန်နေကြရသလို၊ ပန်းရဲ့လမ်း အဖွဲ့လို၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းလို၊ တစ်ကိုယ်တော် ပရဟိတ သမားများကွန်ယက်လို လူမှုရေး အဖွဲ့အစည်းတွေနဲ့ တသီးပုဂ္ဂလ တွေကလည်း ရံပုံငွေရှာ ကူညီနေကြတာ တွေ့မြင်ကြရပါတယ်။ ဒါဆိုရင် အစိုးရကရော ဘယ်နေရာကနေ ကူညီနေသလဲ မေးစရာ မေးခွန်းရှိလာပါတယ်။ အစိုးရဘက်က ထင်ထင်ရှားရှား လုပ်ပေးနေတာက ရေရှားပါးတဲ့ ဒေသတွေအတွက် စက်ရေတွင်းတူးဖော်ဖို့ ငွေလှူကြပါ ဆိုပြီး သတင်းစာကနေ ကြော်ငြာပေးတာပါပဲ။ မြန်မာပြည် အလယ်ပိုင်း မိုးခေါင်ရေရှားရပ်ဝန်းမှာဆိုရင် အဲလို စက်ရေတွင်း တစ်လုံး တူးဖော်ပေးနိုင်ဖို့ ကျပ်ငွေ သိန်း ၂၀၀ ကျော်လောက် လိုတယ်လို့ သိရပါတယ်။
တကယ်တော့ ပြည်သူတွေ အသက်ရှင် ရပ်တည်ရေးမှာ ရေရရှိရေးဟာ အရေးအကြီးဆုံး ဖြစ်ပါတယ်။ ဒုတိယ လျှပ်စစ်မီး တတိယ လမ်းပန်းဆက်သွယ်ရေး နဲ့ အခြားသော လိုအပ်ချက်တွေပါ။ ဒီ ပြသနာတွေကို ဖြေရှင်းပေးဖို့ အဓိက တာဝန်အရှိဆုံးဟာ တိုင်းပြည်ကို စီမံခန့်ခွဲ အုပ်ချုပ်နေတဲ့ အစိုးရပဲ ဖြစ်ပါတယ်။ လက်ရှိ သတင်းတွေမှာ မြင်နေ၊ ကြားနေကြရတဲ့ အတိုင်းပါပဲ။ ပြည်သူတွေဟာ နှစ်စဉ် ရေရှားတဲ့ ပြသနာကို ရင်ဆိုင်နေရတုန်းပါ။ တစ်ချို့နေရာတွေမှာ သုံးရေ နည်းနည်းရဖို့ အလွန်ဝေးလံတဲ့ နေရာဆီ သွားရပါတယ်။ တစ်ချို့နေရာတွေမှာ တစ်နေကုန် အချိန်စောင့်မှ သုံးရေ နည်းနည်းရပါတယ်။ ဒီလို ပြသနာ ရင်ဆိုင်နေရတာဟာ တစ်နှစ်လည်း မဟုတ်၊ နှစ်နှစ်လည်း မဟုတ် (၁၀) နှစ်လည်း မကတော့ပါဘူး။
အရင် စစ်အာဏာရှင် အစိုးရကတော့ ရှင်းပါတယ်။ ပြည်သူ့အရေးကို စိတ်ဝင်စားတဲ့ အစိုးရ မဟုတ်လေတော့ ပြည်သူတွေရဲ့ အခက်အခဲကို ဖြေရှင်းပေးဖို့ စိတ်မဝင်စားပါဘူး။ အလားတူ ကျေးလက်ဖွံ့ဖြိုးရေး လုပ်မယ်၊ ဆင်းရဲမွဲတေမှု လျော့ချမယ်လို့ ကြွေးကြော်နေတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရကလည်း အခုပြသနာကြီးကို အရေးတကြီးဖြေရှင်းရမယ့် ပြသနာ အဖြစ်၊ တိုင်းပြည် ဘဏ္ဍာငွေကြေး အကုန်အကျ ခံပြီး ဖြေရှင်းပေးရမယ့် ဦးစားပေး အစီအစဉ် အဖြစ် စဉ်းစားမိပုံ မရသေးပါဘူး။ အငြင်းပွားစရာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အမတ် ဆိုသူတွေဟာလည်း ပြည်သူတွရဲ့ အဲဒီ အခြေခံ လိုအပ်ချက် အခက်အခဲ ပြသနာကြီးကို သိပ်အရေးကြီးတဲ့ ပြသနာကြီးအဖြစ် မြင်ကြပုံ မရပါဘူး။
ခုဆိုရင် ရေရရှိရေးအခက်အခဲ ဖြစ်တဲ့ ပြသနာကို လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေက ကူညီဖြေရှင်းပေးနေကြသလို တစ်ချို့နေရာတွေမှာ ဆိုရင်တော့ ပုဂ္ဂလိကတွေက ဝင်ပြီး အမြတ်ထုတ်ဖို့ လုပ်လာတာလည်း တွေ့မြင်နေရပါတယ်။ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အခယူ ရေပေးရေး လုပ်ငန်း ပုဂ္ဂလိက ကုမ္ပဏီက လုပ်ခွင့်ရဖို့ အစိုးရ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဆီ တင်ထားပြီးပါပြီ။ ခွင့်ပြုချက်ကျပြီး လုပ်ခွင့်ပေးလိုက်ရင် ပြည်သူတွေ ရေရရှိရေးနဲ့ ပတ်သက်လို့ ငွေအတော်များများ ကုန်ကျရပါဦးမယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်ဟာ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး ဖြစ်တာကြောင့် ဒီ အရင်းခံ အချက်တွေကို ကောင်းကောင်းမွန်မွန် မဖြေရှင်းပေးနိုင်ရင် ပြည်သူအပေါ် တာဝန်ကျေတဲ့ အစိုးရအဖွဲ့အဖြစ် သတ်မှတ်နိုင်မှာ မဟုတ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။