သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပါတီအမတ်တွေက ဦးအောင်သောင်း ကို ကာကွယ်တာ မှန်သလား


ဦးအောင်သောင်း (တောင်သာ မဲဆန္ဒနယ်) သတင်းဓာတ်ပုံ-www.pyithuhluttaw.gov.mm
ဦးအောင်သောင်း (တောင်သာ မဲဆန္ဒနယ်) သတင်းဓာတ်ပုံ-www.pyithuhluttaw.gov.mm

ပြီးခဲ့တဲ့ရက်ပိုင်း ပြည်သူတွေ စိတ်ဝင်စားခဲ့တဲ့ သတင်းတစ်ပုဒ်ကတော့ အရင် စက်မှုဝန်ကြီးဟောင်း၊ လက်ရှိ လွှတ်တော်အမတ်နဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဝါရင့် အကြံပေး ဦးအောင်သောင်းကို အမေရိကန် အစိုးရက Black List ခေါ် အမည်မည်းစာရင်း သွင်းလိုက်တာကို ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်ခဲ့တယ် ဆိုတဲ့ သတင်းပါ။ ပိုပြီး အံ့အားတသင့်ဖြစ်သွားစေတာကတော့ လွှတ်တော်အတွင်း ဆုံးဖြတ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီက ကန့်ကွက်မှု မရှိခဲ့တာရယ်၊ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အမေရိကန်အစိုးရရဲ့ အဲဒီ ကြေညာချက်ကို သဘောမကျသလို ထုတ်ဖော်ပြောဆိုမှုတွေ ရှိလာတဲ့အခါ ပြည်သူတွေကို ပိုပြီး အံ့အားတသင့် ဖြစ်စေခဲ့ပါတယ်။ အမေရိကန် အစိုးရက ဦးအောင်သောင်းကို ဘာကြောင့် Black List စာရင်း ထည့်သွင်းခဲ့ရတာလဲ၊ လတ်တလော ဦးအောင်သောင်း ဘယ်လို ရပ်တည်လှုပ်ရှားနေသလဲ၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီရဲ့ ရပ်တည်ချက် မှန်ကန်ပါရဲ့လား ဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

အမေရိကန် သမ္မတရဲ့ အုပ်ချုပ်မှုအာဏာ EO 13448 အရ အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ပ ပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံးရဲ့ ပိတ်ဆို့ကန့်သတ်ခံရသူများ စာရင်းမှာ ပြည်သူ့လွှတ်တော် အမတ် ဦးအောင်သောင်းကို အောက်တိုဘာ ၃၁ ရက်နေ့က ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရဟာ ဦးအောင်သောင်းကို လူ့အခွင့်အရေး ချိုးဖေါက်မှုများ လုပ်ကိုင်သူဖြစ်တယ်၊ လက်ရှိ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးကို နှေးကွေးအောင် ဟန့်တားသူဖြစ်တယ်၊ လူထုအတွင်း အကျင့်ပျက်ချစားမှုမှာ ပါဝင်ပါတ်သက်နေကြောင်း ဖော်ပြပြီး ခုလို Black List စာရင်းသွင်းလိုက်တာပါ။ ဒါနဲ့ပါတ်သက်ပြီး လူအများစုကတော့ ဦးအောင်သောင်းကို ခုလို Black List စာရင်းသွင်းတာ နောက်တောင် ကျနေပြီဖြစ်ကြောင်း ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ အကြောင်းကတော့ အရင် စစ်အစိုးရ ဝန်ကြီးတွေဖြစ်ခဲ့ပြီး လက်ရှိ လွှတ်တော်အမတ်တွေ ဝန်ကြီးတွေ ဖြစ်နေကြတဲ့ ဦးမောင်ဦး၊ ဦးစိုးသာ၊ ဦးလွန်းသီ၊ ဦးသိန်းဇော်၊ ဦးတင်နိုင်သိန်း (သမတရုံးဝန်ကြီး)၊ ဦးလှထွန်းနဲ့ ခရိုနီအမတ်တွေဖြစ်တဲ့ ဦးခင်ရွှေ၊ ဦးဌေးဦးတို့လို ပုဂ္ဂိုလ်တွေ Black List စာရင်း ပါဝင်ပြီးဖြစ်နေလို့ပါ။

တိုက်ရိုက် လင့်ခ်

လက်ရှိ ဦးအောင်သောင်းရဲ့ ရပ်တည်လှုပ်ရှားမှုကိုကြည့်မယ် ဆိုရင် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားဘဏ်တွေ ဝင်ရောက်ရေးကိစ္စ၊ ဆက်သွယ်ရေး လုပ်ငန်းမှာ နိုင်ငံခြား ကုမ္ပဏီကြီးတွေ အော်ပရေတာအဖြစ် ဝင်ရောက်လုပ်ကိုင်ရေး ကိစ္စတွေမှာ ပြင်းပြင်းထန်ထန် ဦးဆောင် ကန့်ကွက်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေရဲ့ နောက်ကွယ်မှာ ပါဝင်ပါတ်သက်တယ် ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် သတင်းဖြစ်ပေါ်ခဲ့သူလည်း ဖြစ်နေပြန်ပါတယ်။ သူ့ရဲ့ ပိုင်ဆိုင်ကြွယ်ဝမှု အလွန်များပြားပြီး လက်ရှိ သူ့သားဦးနေအောင်ဟာလည်း ကြီးမားတဲ့ အစိုးရကန်ထရိုက်လုပ်ငန်း အများအပြား လုပ်ကိုင်ခွင့်ရရှိနေသူ ခရိုနီ သူဌေးကြီးတစ်ဦးလည်း ဖြစ်နေပါတယ်။ ဒီအချက်တွေကို စုံစမ်းထောက်လှမ်းပြီး အမေရိကန် အစိုးရဟာ ဦးအောင်သောင်းကို Black List စာရင်းသွင်းလိုက်ပုံရပါတယ်။

ပြောရရင် အမေရိကန် အစိုးရအနေနဲ့ အရင်စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင် တစ်ယောက်ဖြစ်ခဲ့သူ၊ မှတ်တမ်းမကောင်းခဲ့သူ၊ လက်ရှိလည်း မှတ်တမ်းမကောင်းသူ တစ်ယောက်ကို Black List စာရင်းသွင်းတာ သိပ် ဆန်းကြယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အဲလို စာရင်းသွင်းခံရသူဟာ ပြည်ခိုင်ဖြိုးပါတီရဲ့ ထိပ်တန်းခေါင်းဆောင် တစ်ယောက် ဖြစ်နေတာကြောင့် သူတို့ပါတီ အကျိုးစီးပွားကို ကာကွယ်ဖို့ လွှတ်တော်ကို လွှမ်းမိုးထားတဲ့ ပြည်ခိုင်ဖြိုးခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေက အမေရိကန် အစိုးရရဲ့ ကြေညာချက်ကို ကန့်ကွက်ဖို့ လုပ်တာဟာလည်း သိပ်ပြီး မထူးဆန်းပါဘူး။ ဒီလွှတ်တော်ဟာ အရင်စစ်အစိုးရက စိတ်ကြိုက်ဖန်တီး ကျင်းပပေးခဲ့တဲ့ မျှတမှုမရှိတဲ့ ၂၀၁၀ ရွေးကောက်ပွဲက တက်လာတဲ့ အမတ်တွေနဲ့ ဖွဲ့စည်းထားလို့ဖြစ်ပါတယ်။ ဆန်းကြယ်တာက လွှတ်တော်ကို ခုတုံးလုပ်ပြီး ကန့်ကွက်တဲ့ လုပ်ရပ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အမတ်တွေကပါ ဝေဖန်ကန့်ကွက်မှု မလုပ်ခဲ့တာပါပဲ။

ဒီလို ကန့်ကွက်မှု မလုပ်နိုင်တာဟာ လွှတ်တော်တွင်း မဲခွဲတာမျိုး မဟုတ်ပဲ ကန့်ကွက်လိုသူ ရှိပါသလား ဆိုပြီး မေးလို့ လုပ်ရကိုင်ရ ခက်ခဲတာကြောင့် ဒီအတိုင်း ထောက်ခံတဲ့ သဘော နေလိုက်ရတယ်ဆိုပြီး ဆင်ခြေပေးချင်လည်း ပေးလို့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်မှာတော့ အမေရိကန် အစိုးရရဲ့ ဒီကြေညာချက်ဟာ အင်န်အယ်လ်ဒီ ပါတီနဲ့ တိုင်ပင်ပြီး လုပ်တာ မဟုတ်တဲ့အကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးကို လုပ်နေတဲ့ အချိန်မှာ နောက်ကြောင်းပြန်တာတွေကို သိပ်ပြီး စိတ်မပါဘူး၊ အမေရိကန်အစိုးရရဲ့ ဒီကြေညာချက်ဟာ ဘယ်သူ့ကိုမှ အကျိုးမပြုဘူး ဆိုပြီး ဖြေခဲ့တာကြောင့် ပြည်သူတွေက အံ့အားသင့်ခဲ့ကြတာ ဖြစ်ပါတယ်။

တကယ်တော့ အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ပါတ်သက်ပြီး သူ့သဘောထားကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်ပါတယ်။ အစိုးရအနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှု ရှိစွာ ကျင်းပပေးရေး၊ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ လူ့အခွင့်အရေး လေးစားလိုက်နာရေး တွေပဲဖြစ်ပါတယ်။ အဲဒီထဲမှာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်နဲ့ ရွေးကောက်ပွဲကာလ မြန်မာနိုင်ငံမှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားလာမယ့်အရေး စိုးရိမ်ပူပန်မှုလည်း ရှိနေပါတယ်။ ဒီအချက်အလက်တွေကြောင့် ဦးအောင်သောင်းကို Black List စာရင်းသွင်းလိုက်ပုံ ရပါတယ်။

ဒါနဲ့ ပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီဘက်က လုပ်နိုင်တာက အမေရိကန် အစိုးရ ကြေညာချက်ကို မထောက်ခံရင်တောင် တိတ်တဆိတ် နေလိုက်ဖု့ိပါပဲ။ အကြောင်းက ဒါဟာ အမေရိကန် အစိုးရရဲ့ လုပ်ရပ် ဖြစ်နေတဲ့အတွက်ကြောင့်ပါ။ ခုတော့ ပြည်သူအများစုကြီးက မုန်းတီးပြီး အရင်ကလည်း နာမည်မကောင်း၊ ပြည်သူတွေအပေါ်လည်း မကောင်း၊ လက်ရှိမှာလည်း တိုင်းပြည်ကောင်းရာ မွန်ရာ လုပ်ကိုင်ဆောင်ရွက်နေတာ မတွေ့ရသေးတဲ့ ပြည်ခိုင်ဖြိုးခေါင်းဆောင် တစ်ယောက်ကို သူ့ပါတီနဲ့ သူ့ပါတီက လွှမ်းမိုးထားတဲ့ လွှတ်တော်က အကာအကွယ်ပေးတဲ့ ကိစ္စမှာ အလိုတူ အလိုပါ ဝင်ပါလိုက်တဲ့ ကိစ္စ၊ ပြည်သူလူထု အတွက် အမြင်မရှင်းစရာ ဖြစ်လာပါတယ်။ ဒီလုပ်ရပ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီဟာ လွှတ်တော် အုပ်စုဝင် ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေးကောင်းဖု့ိ အတွက် အမေရိကန် အစိုးရရဲ့ မြန်မာ့ဒီမိုကရေစီ အရေး အားပေးထောက်ခံနေမှုကို ကန့်ကွက်သလို ဖြစ်မနေဘူးလား၊ ပြည်သူတွေရဲ့ ဆန္ဒသဘောထားကို လျစ်လျူရှုရာ ကျမနေဘူးလား ဆိုတာ ပြန်လည် စဉ်းစား သုံးသပ်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG