သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်မှာ Time မဂ္ဂဇင်း ပိတ်ပင်သင့်မသင့်


မြန်မာနိုင်ငံအကြောင်း၊ မြန်မာဗုဒ္ဒဘာသာတို့အကြောင်း ဝေဖန်ရေးသားထားတဲ့ ဆောင်းပါးတပုဒ်ကို မြန်မာပြည်သူကို ဖတ်ရှုခွင့် ပေးသင့်မပေးသင့်ဆိုတာနဲ့ ပတ်သက်ပြီး သတင်းစာဆရာကြီး ဦးဝင်းတင်၊ မြန်မာသတင်းသမဂ္ဂဥက္ကဌ ဦးမောင်မောင်မြင့်တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ "The Face of Buddhist Terror" Time မဂ္ဂဇင်းမှာ ဒီဆောင်းပါးဟာ အခုတလော မြန်မာနိုင်ငံကို အတောလေး ဂယက်ရိုက်ခက်နေတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ တကယ်တော့ မြန်မာပြည်သူအတော်များများဟာ ဒီဆောင်းပါးကို မြင်ရဖတ်ကြရဦးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့လဲ ဒီဆောင်းပါးရဲ့ရေးသားချက်ကို လက်မခံနိုင်တဲ့အတွက် မြန်မာနိုင်ငံ အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ကြေငြာချက်ထုတ်ပြီးတော့ ဒီဆောင်းပါးကို မြန်မာနိုင်ငံအတွင်းမှာ ပိတ်ပင်လိုက်ပါတယ်။ ဒီပိတ်ပင်တဲ့ကိစ္စနှင့်ပတ်သက်ပြီးတော့ ဆရာဦးဝင်းတင်ရဲ့သဘောထားကို ပထမဦးဆုံး ကြားချင်ပါတယ်။

ဦးဝင်းတင် ။ ။ ကမ္ဘာနှင့်အဝှမ်းသြဇာရှိတဲ့ စာနယ်ဇင်းတွေကတော့ ဘာဘဲပြောပြော လွတ်လပ်တဲ့ စာနယ်ဇင်းတွေ ဖြစ်တယ်ဆိုတာကို သူတို့ သဘောမပေါက်ဘူး ဖြစ်နေတယ်။ အဲဒီတော့ ပြည်တွင်းက သဘောကတော့ ဘာလဲဆိုတော့ ပြည်တွင်းက မီဒီယာတွေကို သူတို့ လည်ပင်းညှစ်ချင်သလို ညှစ်ရမယ်မှန်း သိသလို အပြင် ပြည်ပမီဒီယာတွေကိုလည်း သူက လည်ပင်းညှစ်ချင်တာပေါ့။ လည်ပင်းညှစ်လို့ မရရင်တောင်မှ ပြည်ပမီဒီယာတွေကို လိမ်လည်ချင်တယ်၊ လှည့်ဖျားချင်တယ်၊ ဟန့်တားချင်တယ်ပေါ့။ အဲဒါတွေရှိနေတယ်လို့ ကျနော် ယူဆတယ်။ အဲဒါကြောင့် သူတို့လုပ်ရမယ့်ကိစ္စဟာ ဘာလဲဆိုတော့ ကိုယ့်ကိုယ်တိုင် ကိုယ့်ဘက်ကနေကိုယ့် ထိန်းသိမ်းဖို့ ပြောင်းလဲဖို့ သို့မဟုတ်လည်း မှန်ကန်စွာ တုန့်ပြန်ဖို့ လိုတယ်ဆိုတာကို သဘောပေါက်ပုံ မရသေးဘူးလို့ ကျနော် အဲဒီလိုပဲ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ပြည်ပမီဒီယာတွေဘက်က စောင့်စည်းအပ်တဲ့ ကျင့်ဝတ်ကော မရှိဘူးလား။ ပြည်ပမီဒီယာတွေဘက်က စောင့်စည်းအပ်တဲ့ကျင့်ဝတ် မြန်မာနိုင်ငံလို အသွင်ကူးပြောင်းရေးကာလနှင့် ပတ်သက်ပြီးတော့ ပြည်ပမီဒီယာရဲ့ရေးသားချက်ဟာ တခါတခါ သူတို့ရဲ့လုပ်ငန်းလမ်းစဉ်ကို နှောက်ယှက်တာတွေ အဟန့်အတား ဖြစ်သွားစေနိုင်တာတွေ ရှိကောင်းရှိလာလိမ့်မယ်။ အဲဒါမျိုးတွေကျတော့ ဘယ်ဘက်က စောင့်စည်းရမလဲ ဆရာ။

ဦးဝင်းတင် ။ ။ အဲဒါကတော့ ကျနော်ကတော့ ထင်တာကတော့ ကိုယ့်ဘက်က ကိုယ်ကောင်းဖို့ပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်အလုပ်ကိုလုပ်ပြီးတော့ မှန်မှန်ကန်ကန်လုပ်ရင် ပြည်ပကနေပြီးတော့ လွဲမှားတဲ့ အယူအဆတွေ ပေါ်လာရင်လဲ ဒါတွေကတော့ ကိုယ့်ဘက်ကမှန်အောင် ပြင်ဖို့ပဲလိုတယ်။ ကျနော် ဥပမာ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားလေးတခုရှိတယ်။ တိုင်း(မ်) မဂ္ဂဇင်းကနေပြီးတော့ မွစ်စလင်ကိစ္စတွေကို ဦးဝီရသူ ဘာတို့ ရေးတာနှင့် ပတ်သက်ပြီးတော့ ဒီကမ္ဘာ့မဂ္ဂဇင်းတွေ၊ ဘာတွေကနေပြီးတော့ ကိုယ့်ရဲ့ဘာသာရေးအပေါ်မှာ ဝေဖန်လာတယ် ပြစ်တင်လာတယ် တိုက်ခိုက်လာတယ်ဆိုရင် ကိုယ့်ဘာသာ တရားပေါ်မှာ အခြားသူများကနေပြီးတော့ လွဲမှားတဲ့အမြင်တွေ မြင်မလာအောင်လို့ ကိုယ့်ဘက်က သေချာပြုပြင်ဖို့လိုတယ် ကိုယ့်ဘက်ကနေပြီးတော့ မှန်ကန်တဲ့ တုန့်ပြန်မှု၊ မှန်ကန်တဲ့ ရပ်တည်မှု ရှိဖို့လိုတယ်လို့ ပြောသွားတယ်။ ကျနော်က အဲဒါ သဘောကျတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူများတွေက ကိုယ့်ကို အပြစ်တင်လာရင် အပြစ်တင်တာချည်းပဲ ပြောမယ့်အစား ကိုယ့်ဘက်ကကော အဲ့ဒီအပြစ်တင်တာနှင့် ကင်းလွတ်အောင် ကိုယ့်ဘက်ကနေပြီးတော့ အမှားကင်းစင်အောင် အပြစ်ကင်းစင်အောင် သို့မဟုတ်လည်း သန့်စင်အောင် ကိုယ့်ဘက်က လုပ်ဖို့ ရပ်တည်ဖို့ လိုတယ်လို့ ကျနော် ယူဆပါတယ်။ အဲဒါကြောင့် ဒီဗမာပြည်နိုင်ငံရေးအပြောင်း အလဲတွေနှင့် ပတ်သက်ပြီးတော့ ပြည်ပစာနယ်ဇင်းများကနေပြီးတော့ ကိုယ်နှင့်မကြိုက်တဲ့ ကိုယ်နှင့်မလိုလားတဲ့ သို့မဟုတ်လည်း ကိုယ်ကနေပြီးတော့ အလေ့အထမရှိတဲ့ ပုံစံတွေနှင့် ရေးသားလာမယ် ပြောဆိုလာမယ်ဆိုရင် ပထမဦးဆုံး သိသင့်တာက ကိုယ့်ဘက်ကိုယ် ပြင်ပေးရမယ် ကိုယ့်ပေါ်မှာ အထင်မလွဲအောင် ကိုယ့်ပေါ်မှာ ဒီအယူအဆတွေ မမှောက်မှားအောင် လုပ်ဖို့ပဲ။ အဲဒါ ပိုပြီးတော့ အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။ သွားပြီးတော့ သူများကို ပြန်လက်ညိုးထိုးနေမယ့်အစား ကိုယ့်ဘက်ကနေကိုယ် အပြစ်ကင်းအောင်လို့ ပြင်ရမယ် ပြောင်းရမယ် အဲဒီလိုပဲ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ဆရာ ဦးမောင်မောင်မြင့်ကကော ဘယ်လိုသဘောရပါသလဲ။

ဦးမောင်မောင်မြင့် ။ ။ ဒီအခုလိုမျိုး တိုင်းမ် မဂ္ဂဇင်းကနေပြီးတော့ ဦးဝီရသူရဲ့ ဓာတ်ပုံကိုဖော်ပြပြီးတော့ ဒီဗုဒ္ဓဘာသာနယ်ပယ်မှာ အခုဖြစ်နေတဲ့ တဖြည်းဖြည်းနဲ့တိုးပွားလာတဲ့ အစွန်းရောက်အဖွဲ့တွေအကြောင်း ရေးတဲ့ကိစ္စကို ကျနော်အနေနှင့်ကတော့ မြန်မာပြည်ကို ထိခိုက်အောင်လုပ်တယ်လို့ ကျနော် မမြင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်မှာ ဘာသာရေးနှင့် ပတ်သက်ပြီးတော့ တင်းမာမှုတွေပေါ်နေတာ ဟိုးရှေးရှေး တုန်းကဟာတွေကို ခုနထားလို့ ဒီ ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ တစ်နှစ် တစ်နှစ်ခွဲလောက်က ပေါ်ခဲ့တဲ့ဟာတွေထဲက အဲဒီအချိန်ကတည်းက ကျနော်တို့ မြန်မာနိုင်ငံဟာ ပြောမယ်ဆိုလို့ရှိရင် တော်တော်လေးကို အတိမ်းအစောင်းမခံနိုင်တဲ့ အနေအထားကို ရောက်ခဲ့တာပါ။ နောက်ပြီးတော့ အဲဒီနောက်ပိုင်း မိတ္ထီလာမှာ ဥက္ကံမှာ လာရှိုးမှာ ဒါတွေ ဆက်တိုက် ဆက်တိုက် ဖြစ်လာတဲ့ နောက်ပိုင်းကျတော့ မှ အခုကျတော့မှ ဒီတိုင်းမ် မဂ္ဂဇင်းကနေပြီးတော့ ဒီကိစ္စကို ရှေ့တန်းတင်ပြီးတော့ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီတိုင်းမ် မဂ္ဂဇင်းကြီးကနေပဲ ဟိုတုန်းကဆိုလို့ရှိရင် အရှင်ဇနကာဘိဝံသလို တကယ့်သာသနာ အာဇာနည်ကြီးတွေကိုပဲ သူတို့မဂ္ဂဇင်းရဲ့မျက်နှက်ဖုံးမှာ ဖော်ပြခဲ့ဖူးတယ်။ ရွှေဝါရောင်သာသနာ့ လှုပ်ရှားမှု ဖြစ်တဲ့ အချိန်တုန်းကလည်းပဲ ဒီရွှေဝါရောင်သံဃာတွေနှင့် ပတ်သက်ပြီးတော့ သတင်းတွေကို တိတိကျကျ ဖော်ပြပေးခဲ့ဖူးတယ်။ နောက်ပြီးတော့ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်ရင်လည်းပဲ မြန်မာ့ဒီမိုကရေစီရေးကို အားပေးတဲ့သဘောပါတဲ့ ဆောင်းပါးမျိုးတွေ နောက်ပြီးတော့ မျက်နှာဖုံးတွေကို သူတို့ ထည့်သွင်းဖော်ပြခဲ့ဖူးပါတယ်။ ဒါတွေကို အကုန်လုံး ပြန်ချုံပြီးကြည့်မယ်ဆိုရင်တော့ တိုင်းမ်မဂ္ဂဇင်းဟာ ဒီကိစ္စကို မြန်မာပြည်ကို နာရကောင်းတက်လို့ နာရကောင်းစေရဲ့ ဆိုတဲ့ သဘောမျိုးနှင့်လုပ်တယ်လို့တော့ ကျနော် မမြင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ နာရကောင်းစေရယ်လို့ မဟုတ်ဘူးပေါ့ ဆရာ။ ဒါပေမယ့်လည်း မြန်မာပြည်ဘက်က တချို့ရဲ့အမြင်က ဒါဟာ အဖြစ်မှန်မဟုတ်ဘူး။ ဦးဝီသူရ ဆရာပြောသလို အဲ့ဒီ နမူနာကိုပြောရင် သူနှင့် ပတ်သက်လို့ကတော့ ဝေဖန်နိုင်တယ်။ သို့သော်လည်းပဲ ဗုဒ္ဓဘာသာတစ်ခုလုံးကို သူတို့ဖော်တဲ့ ပုံရိပ်ဟာ တိမ်းစောင်းနေတယ်လို့ တချို့က ထောက်ပြကြပါတယ်။ အဲဒါသူတို့က နစ်နာစေလို့တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် အဲဒီလို အကျိုးသက်ရောက်မှု ဖြစ်လာတာကို ပြောတာ ဆရာ။

ဦးမောင်မောင်မြင့် ။ ။ ဟုတ်ကဲ့ သတင်းစာတစ်စောင် မဂ္ဂဇင်းတစ်စောင် အထူသဖြင့် ဒီလိုမျိုး အရှိန်အဝါကြီးတဲ့ မဂ္ဂဇင်းတွေရဲ့ ဒီအရှိန်အဝါကြောင့် အကျိုးသက်ရောက်မှုကတော့ အနည်းနှင့်အများ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်လို့တော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိမယ့်အကျိုးသက်ရောက်မှု ကျနော် ပြန်စဉ်စားကြည့်တဲ့အခါ ကျတော့ အခုလောလောဆယ်မှာ မြန်မာနိုင်ငံမှာ တိုင်းမ်မဂ္ဂဇင်းက မဖော်ပြခင်ကတည်းက မြန်မာနိုင်ငံ လူမျိုးရေးနှင့် ပတ်သက်တဲ့ မုန်းတီးမှုတွေ ပွားလာတယ်။ နောက်ပြီးတော့ အဓိကရုဏ်းတွေ ဖြစ်ပြီးတော့ လူတွေ အများကြီး သေကြတယ်။ ဒီလိုအနေအထားမျိုးမှာ အစိုးရက တကယ်တမ်းပြောမယ်ဆိုရင် ထိထိရောက်ရောက် အရေးယူတာမျိုးတွေ မလုပ်ခဲ့ပါဘူး။ အခုအချိန်ကျတော့ တိုင်းမ် မဂ္ဂဇင်းကြီးက ဖော်ပြလိုက်ပြီးဆိုတဲ့ အချိန်ကျတော့ သမ္မတရုံးကနေပြီးတော့ တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်ပါတယ်ဆိုတဲ့ စာပို့တယ်။ အနည်းဆုံးအားဖြင့် ဒါကိုတော့ သူတို့လုပ်ဆောင်မယ်။

သာသနာ့/သံဃာ့ အသိုင်းအဝိုင်းထဲမှာလည်း ပြန်ကြည့်မယ်ဆိုရင် စောစောပိုင်းတုန်းကတည်းက ဒီလူမျိုးရေးအထိကရုန်းတွေ ဖြစ်တဲ့အချိန်မှာ ဒုက္ခသည်တွေကို လူမျိုးမရွေး ဘာသာမရွေး ကယ်တင်စောင့်ရှောက်ခဲ့တယ်။ ဘုန်းတော်ကြီးတွေလည်းပဲ ရှိခဲ့ပါတယ်။ ဒါတွေဟာ စောစောပိုင်း တုန်းက လူမသိပေမယ့်လို့ အခုနောက်ပိုင်းမှာ ဒီအကြောင်းတွေကို လူတွေက ပြောလာကြတယ်။ Facebook တို့လိုမျိုး နေရာတွေမှာ သံဃာတွေရဲ့ကောင်းမှုတွေကို ဖော်ပြလာကြတယ်။ နောက်ပြီး တချိန်းတည်းမှာလည်းပဲ အခု မနေ့တနေ့ကပဲ သီတဂူဆရာတော်ကြီးလို အကျော်အမော် ရဟန်းပုဂ္ဂိုလ်ကြီးတွေ ကနေပြီးတော့ ဒီလူမျိုး ရေးကိုစောင်းပေးပြီးတော့ လုပ်မယ့်အစားကို အကုန်လုံး မျှမျှတတဖြစ်ဖို့ စဉ်းစားသင့်တယ်ဆိုတဲ့ သဘောမျိုး ဆင်ခြင်ဉာဏ်သုံးဖို့ဆိုတာမျိုး မိန့်ကြားလာတာမျိုးတွေ ကျနော်တို့တွေ့ရပါတယ်။ ဒါတွေကိုကြည့်မယ်ဆိုရင် လှုပ်ရှားမှုမဖြစ်ဘူးလား ဖြစ်တယ်။ သို့သော်လည်းပဲ အပြုသဘောကိုဆောင်လာတဲ့ လှုပ်ရှားမှုမျိုးလို့ ကျနော်အနေနှင့် မြင်ပါတယ်။ နောက်တခုကတော့ ကျနော် ထောက်ပြချင်တာတခုကတော့ ဒီအရင်တုန်းက မှန်ပါတယ် ကျနော်တို့ တိုင်းမ်တို့လို့ Newsweek တို့လို မဂ္ဂဇင်းမျိုးကို ဖတ်ခွင့်မရဘူး။ သို့သော် အခုလောလောဆယ် ကျနော်တို့သိရတဲ့ အနေအထားအတိုင်းဆိုရင်တော့ အဲဒီတိုင်းမ်မဂ္ဂဇင်းဟာကို ဘာသာပြန်ပြီးတော့ ရန်ကုန်တိုင်းမ် မဂ္ဂဇင်းမှာ ဖော်ပြခွင့်ပေးပေမယ့်လို့ ဒီတိုင်းမ်မဂ္ဂဇင်းကို သွားတဲ့ Website ကို သူတို့ ဒီလက်ရှိ အစိုးရကနေပြီးတော့ ပိတ်ထားတာကို ကျနော်တို့ ကြားရပါတယ်။ နောက်ပြီးတော့ အဲဒီ မဂ္ဂဇင်းကို ဗမာပြည်ထဲ တင်ခွင့် ပေးမယ်မပေးဘူး ဖတ်ခွင့် ပေးမယ်မပေးဘူး ဆိုတာတောင်မှ ကျနော်တို့ မသိရသေးပါဘူး။ ဒါပေမယ့် ကြားရတဲ့သတင်းတွေအရတော့ ဒီမဂ္ဂဇင်းကို ပိတ်မယ်ဆိုတဲ့ သဘောမျိုး ကျနော်တို့ ကြားရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် မီဒီယာကို အသုံးချပြီးတော့ အစိုးရအနေနှင့် တနည်းတဖုံ လှုပ်ရှားနေတယ်ဆိုတဲ့ သဘောမျိုးလို့ ထင်တယ်။

ဦးဝင်းတင် ။ ။ ကျနော်တို့ မီဒီယာတွေကလည်း ခုနကပြောသလို ကျနော် မီဒီယာတခုမှာ ကျနော် ပြောတာရှိပါတယ်။ ဥပမာဆိုရင်တော့ ဦးဝီရသူ တို့ပြောတဲ့ဟာနှင့် ပတ်သက်ပြီးတော့ ကျနော် ဘာမှမပြောချင်ဘူး။ ဦးဝီရသူ လုပ်တာတွေဘာတွေကိုလည်း ကျနော် မှားတယ်မှန်တယ် မပြောချင်ဘူး။ ကောင်းတယ် ဆိုးတယ်လည်း ကျနော် သိပ်မပြောချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါလူတိုင်းလည်း သိနေတဲ့ ကိစ္စ။ နောက်ပြီးတော့ တချို့ဟာတွေက ကျနော့်အယူအဆအရဆိုရင်တော့ သိပ်ပြီးလိုအပ်တဲ့ကိစ္စ မဟုတ်ဘူး။ အဲ့ဒီ သူရဲ့အနေအထားတွေကလည်း သိပ်ပြီးတော့ ကောင်းလှတဲ့အနေအထား မရှိတဲ့အတွက် တခြားမီဒီယာ တွေက သူ့ကို ဝေဖန်တယ်အပြစ်တင်တယ်ဆိုရင် ကျနော် ပြည်ပမီဒီယာတွေ မှားတယ်မှန်တယ် ကျနော်မပြော ချင်ဘူး။ သို့သော် တဘက်ကနေကျနော် ဘာပြောချင်လဲဆိုတော့ ပြည်ပမီဒီယာတွေကနေပြီးတော့ ဝေဖန်တဲ့နေ ရာမှာ ဗုဒ္ဓဘာသာကို ဝေဖန်တဲ့နေရာမှာ ဗုဒ္ဓဘာသာကို အကြမ်းဖက်ဝါဒဆိုတဲ့ သဘောမျိုးဖြစ်အောင် အကြမ်းဖက်ပုံရိပ်တွေ ရှိတယ်ဆိုတာမျိုး ရေးတဲ့ဟာမျိုးကျရင်တော့ ကျနော်က သိပ်လက်မခံချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါ ဘာသာတခုလုံးနှင့်ပတ်သက်နေတဲ့ကိစ္စ။ ဦဝီရသူနှင့် ပတ်သက်ပြီးတော့ သူ ဝေဖန်လို့ ရတယ်။ ဦးဝီရသူရဲ့ ပုဂ္ဂိုလ်ရေးပဲ ဝေဖန်ဝေဖန် သူရဲ့ လုပ်ဆောင်ချက်တွေ ဘာတွေလည်း Perfect ဖြစ်ချင်မှ ဖြစ်မယ်။ အကျိုးသင့်အကြောင်းသင့် အကုန်လုံး ဖြစ်ချင်မှဖြစ်မယ်။ အဲဒီအတွက် သူကို ဝေဖန်တာ ကျနော် ဘာမှမပြောချင်ဘူး။ သို့သော် ဗုဒ္ဓဘာသာလိုဟာမျိုး ငြိမ်းချမ်းရေးအတွက် လုပ်တဲ့ဘာသာရပ်တခုကို ဒီအကြမ်းဖက်ဝါဒနှင့် နှိုင်းယှဉ်တယ် သို့မဟုတ်လည်း ရဟန်းတော်တပါးကို ဘင်လာဒင်လိုဟာမျိုးနှင့် နှိုင်းယှဉ်လောက်တဲ့အထိ ဖြစ်လာတာမျိုး ဖြစ်လာရင်တော့ အဲဒီလောက်ထိ ကမ္ဘာ့သတင်း စာနယ်ဇင်းဖက်ကလည်း ထိန်းသိမ်းဖို့တော့ နားလည်ဖို့တော့ လိုလာမယ်လို့ ကျနော်ထင်ပါတယ်။

ဦးမောင်မောင်မြင့် ။ ။ ဟုတ်ကဲ့ ဆရာ။ ကျနော် ဒီမဂ္ဂဇင်းကို ဖတ်ကြည့်တဲ့အခါကျတော့ ဒီမဂ္ဂဇင်းဟာ ဦးဝီရသူကို မျက်နှက်ဖုံးမှာ တင်ထားသော်ငြားလည်း မဂ္ဂဇင်းထဲမှာတော့ ပထမပိုင်း လေးပုံတစ်ပုံလောက်က ဒီအာရှတိုက်နှင့် ဘာသာပေါင်းစုံအကြောင်းကို ရေးထားပါတယ်။ နောက်ပြီးတော့ ဦးဝီရသူအကြောင်းကို ရေးပါတယ်။ နောက်ပြီးတော့ သိရိလင်္ကာနိုင်ငံက လှုပ်ရှားမှုတွေ ဘာသာရေးနှင့် ပတ်သက်တဲ့ လှုပ်ရှားမှုတွေအကြောင်းရေးပါ တယ်။ ပြီးတော့ ထိုင်းနိုင်ငံအကြောင်းရေးပါတယ်။ ဒါတွေကို ပြန်ကြည့်မယ်ဆိုရင်တော့ ဦးဝီရသူအကြောင်းက လေးပုံတစ်ပုံလောက်ပဲ ပါပါတယ်။ နောက်ပြီး ပါတဲ့အထဲမှာလည်း အဲဒီအချက်အလက်တွေက ကျနော့် အမြင်အရ ပြောမယ်ဆိုရင်တော့ ကျနော်မသိတဲ့ အချက်အလက်တွေ မပါပါဘူး ခင်ဗျ။ နောက်ပြီး တချို့အချက် အလက်တွေဆိုရင် တိုင်းမ်မဂ္ဂဇင်းက မဖော်ပြတဲ့အချက်တွေတောင် ရှိခဲ့ပါတယ်။ အဲဒီတော့ ဒါကို ထောက်ကြည့် ခြင်းအားဖြင့် တိုင်းမ်မဂ္ဂဇင်းကရေးတဲ့ကိစ္စဟာ ကျနော့်အမြင်အရ မဟုတ်တာတွေ မမှန်တာတွေ ရေးတယ် ချဲ့ကားပြီးရေးတယ်လို့ ကျနော် မမြင်ပါဘူး။ သူရေးတာကတော့ အဓိကအားဖြင့် ဦးဝီရသူနှင့် ပြောခဲ့တဲ့ အင်တာဗျူးကိုပဲ အဓိကထားပြီး ရေးခဲ့ပါတယ်။ နောက်ပြီးတော့ ဦးဝီရသူကို အကြမ်းဖက်လုပ်ငန်းတွေမှာ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်တယ်ဆိုတဲ့ သဘောမျိုးစွပ်စွဲထားတာလည်း တခုမှမပါပါဘူး။

ဦးကျော်ဇံသာ ။ ။ ဦးဝီရသူကို ကာကွယ်ပြောတာမျိုးတော့ သိပ်မရှိကြဘူးပေါ့။ တချို့ကတော့လည်းပဲ။ ဒါပေမယ့် တချို့ကတော့လည်းပဲ ကာကွယ်ကြကောင်းကြမှာပေါ့။ ဒါကတော့ ကျနော်တို့ အဓိကထား ဆွေးနွေးလိုတဲ့ အပိုင်းမဟုတ်ပါဘူး။ နောက်တခုက Buddhist Terror ဆိုတဲ့အသုံးအနှုန်းကို လူတွေက နည်းနည်း ခံပြင်းကြတယ်။ ဗုဒ္ဓဘာသာရဲ့အကြမ်းဖက်တဲ့ အစိတ်အပိုင်းတွေဆိုပြီးတော့ သုံးတာကို သိပ်ပြီးလက်မခံချင်ကြဘူး တချို့ကလည်း ဆရာ။

ဦးမောင်မောင်မြင့် ။ ။ ဟုတ်ပါတယ်။ ဒီ Buddhist Terror ဆိုတဲ့သဘော ဒီဗုဒ္ဓဘာသာနှင့် အကြမ်းဖက်မှုကို တွဲပြီး သုံးတဲ့ကိစ္စဟာ သူတို့မှာ သုံးစရာ နောက်ပြီးတော့ ပြစရာ အထောက်အထားတွေ ရှိလို့သာ ရေးလာတာလို့ ကျနော်မြင်ပါတယ်။ ကျနော်တို့တွေ မွစ်စလင်အကြမ်းဖက်သမားတွေ ဆိုပြီးတော့ ကျနော်တို့တွေ ကြားခဲ့တာ သိခဲ့တာ ကျနော်တို့ အများကြီးပါ။ မွစ်စလင်တွေလည်း တကယ်ပဲ အကြမ်းဖက်ခဲ့လို့ ဒီအမေရိကားမှာဆိုရင် အသိဆုံးပါ။ ဒါပေမယ့် အဲဒီလို ဒီဘာသာတရားတခုကို ချုံပြီးပြောတာကိုတော့ မွစ်စလင်ကိုပဲပြောပြော ဗုဒ္ဓဘာသာကိုပဲပြောပြော ခရစ်ယာန်ကိုပဲပြောပြော ချုံပြီးပြောတယ်ဆိုရင်တော့ လက်ခံနိုင်စရာ မရှိပါဘူး။ ဒါကိုတော့ ကျနော် လက်ခံပါတယ်။ သို့သော်လည်းပဲ ကျနော်တို့ကို အပြောခံထိတယ်ဆိုတာ ကျနော်တို့မှာ အပြောခံထိစရာအကြောင်းတွေ ရှိနေလို့တာ အပြောခံထိတယ်လို့ ကျနော်မှတ်ယူပါတယ်။

ဦးကျော်ဇံသာ ။ ။ သောတရှင်များ ခင်ဗျာ။ တကယ်တော့ လူ့သဘာဝက မဖတ်ရဘူးလို့ ပိတ်ပင်ထားလေ ပိုဖတ်ချင်လေပဲ ဖြစ်ပါတယ်။ အဲဒီတော့ လူတွေဟာ အလုအယက်ရှာဖွေ ဖတ်ရှုရင်းနှင့် ဒီလိုဖတ်တဲ့လူတွေကို အစိုးရက အရေးယူရ ဖမ်းဆီးရ ဒါနှင့် ပြဿနာတွေတောင် ပိုပြီးပေါ်လာနိုင်တယ်လို့ ကျနော် ရိုးသားစွာ ထင်မြင်မိပါတယ်။ ဖတ်ချင်တဲ့လူ လွတ်လွတ်လပ်လပ် ဖတ်နိုင်တယ်လို့ လွတ်ထားပေးလိုက်ရင်လည်းပဲ လူတွေရဲ့ စိတ်ဝင်စားမှု လျော့နည်းပြီးတော့ ဒီဆောင်းပါးရဲ့ ဂယက်ရိုက်ခက်မှုဟာ ဒီလောက်တောင်မှ ပြင်းထန်လာစရာ အကြောင်းမရှိတော့ဘူးလို့ ထင်မိပါကြောင်း ပြောကြားရင်း ဒီနေ့ အစီအစဉ်ကို နိဂုံးချုပ်လိုက် ပါတယ်။
XS
SM
MD
LG