သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နဲ့ ထောက်လှမ်းရေးအဖွဲ့


Burma Parliment
Burma Parliment
စစ်အစိုးရခေတ်က black list ခေါ် အမည်မည်းစာရင်းထဲမှာ ထည့်ထားသူ ၆၀၀၀ ကျော်ထဲက ၂၀၀၀ ကျော်ကို စာရင်းက ပယ်ဖျက်လိုက်ကြောင်း လွန်ခဲ့တဲ့ လနှောင်းပိုင်းက အစိုးရက ကြေညာပါတယ်။ မိမိလက်လှမ်းမမှီတဲ့ နိုင်ငံခြားနေပုဂ္ဂိုလ်တွေကို အမည်မည်းစာရင်းမှာ ထည့်သွင်းတာ စစ်ထောက်လှမ်းရေးဌာနရဲ့ အလုပ်တခု ဖြစ်ပါတယ်။ စစ်အစိုးရခေတ်က ဖိနှိပ်ညှဉ်းပမ်းရေး ယန္တယားထဲမှာ စစ်ထောက်လှမ်းရေးဟာ အဓိကပါဝင်ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း ခါးပိုက်ဆောင်တပ်အဖြစ် ဖွဲ့စည်းခဲ့တဲ့ ထောက်လှမ်းရေးဟာ ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ခင်ညွှန့်ပြုတ်သွားတဲ့အထိ စစ်တပ်နိုင်ငံရေးမှာ အချက်အခြာနေရာက ပါဝင်ခဲ့ပါတယ်။

ပြည်တွင်းမှာလည်း ထောက်လှမ်းရေးက စောင့်ကြည့်ပြီး စာရင်းလုပ်ထားတာမျိုး ရှိပါတယ်။ ဥပမာ အာဂတိလိုက်စားသူတွေကို စာရင်းလုပ်ထားပြီးတော့ လိုအပ်သလို ဖြုတ်ထုတ်ဖမ်းဆီးတာမျိုးတွေ လုပ်တတ်ပါတယ်။ အစိုးရလုပ်မယ့်လူကို နိုင်ငံရေးကင်းရှင်းကြောင်း ထောက်လှမ်းရေးက စစ်ဆေးလေ့ရှိပါတယ်။ အခုတော့ MIS ထောက်လှမ်းရေးနေရာမှာ MAS စစ်ဖက်ဆိုင်ရာ လုံခြုံရေးဆိုတဲ့ စရဖအဖွဲ့အဖြစ် ပေါ်ထွက်လာပါတယ်။ စရဖ ကလည်း စာရင်းပြုစုကြောင်း သိရပါတယ်။

ဒီမိုကရေစီပြုပြင်ရေးနဲ့ စစ်ဖက်လုံခြုံရေးဟာ သဘာဝချင်း ကွဲပြားပါတယ်။ ဒီမိုကရေစီ ကျင့်စဉ်မှာ တရားဥပဒေ စိုးမိုးမှု၊ လူ့အခွင့်အရေး လေးစားမှု၊ သိသာမြင်သာမှု၊ လုပ်ပိုင်ခွင့် ဖော်ပြမှု စတာတွေဟာ အရေးကြီးပြီး စစ်ထောက်လှမ်းရေးနဲ့ လုံခြုံရေးမှာတော့ လျှို့ဝှက်မှုဟာ အဓိကဖြစ်ပါတယ်။ လျှို့ဝှက်နိုင်မှသာ လုပ်ငန်းအကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်။ ဝါရင့် ဒီမိုကရေစီနိုင်ငံတွေမှာ နိုင်ငံတော်လုံခြုံရေးအတွက် ထောက်လှမ်းရေးကို အသုံးပြုသလို မြန်မာပြည်အပါအဝင် ဖွံ့ဖြိုးစ နိုင်ငံတချို့မှာ အာဏာတည်မြဲရေးအတွက် အသုံးပြုကြတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီမိုကရေစီ ပြုပြင်ရေး ကြိုးပမ်းတဲ့အချိန်မှာ ထောက်လှမ်းရေးကို ပြုပြင်ဖို့ပါ ကြိုးပမ်းကြတာတွေ ရှိပါတယ်။ လူတစုကို အကျိုးပြုမဲ့အစား တပြည်လုံးကို အကျိုးပြုစေရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ပြောင်းလဲသတ်မှတ်လာကြတာကို တွေ့နိုင်ပါတယ်။

နိုင်ငံတိုင်းမှာ ထောက်လှမ်းရေး သို့မဟုတ် လုံခြုံရေးဌာန အနည်းဆုံးတခုတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီနိုင်ငံက ထောက်လှမ်းရေးနဲ့ အာဏာရှင်နိုင်ငံက ထောက်လှမ်းရေးဟာ ဆီနဲ့ရေလို ကွာခြားပါတယ်။ ထောက်လှမ်းရေး ထိရောက်ဖို့အတွက် လျှို့ဝှက်မှုဟာ အဓိကကျပေမယ့် ဒီမိုကရေစီနိုင်ငံမှာ တာဝန်ယူမှုနဲ့ သိသာမြင်သာမှုရှိတာ မြင်ရပါတယ်။ အာဏာရှင်နိုင်ငံမှာတော့ ထောက်လှမ်းရေးနဲ့ လုံခြုံရေးဌာနဟာ လျှို့ဝှက်အဖွဲ့အစည်းဖြစ်ပြီး အာဏာရအစိုးရကို ကာကွယ်တဲ့ ဖိနှိပ်ရေးယန္တယားဖြစ်နေပါတယ်။ ဒါကြောင့် အာဏာရှင်စနစ်က ဒီမိုကရေစီအသွင် ကူးပြောင်းဖို့ ကြိုးစားတဲ့ နိုင်ငံတွေမှာ ထောက်လှမ်းရေးနဲ့ လုံခြုံရေးကို ဒီမိုကရေစီနည်းနဲ့ ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ ဥပဒေစည်းကမ်းနဲ့ ထိန်းချုပ်ထားတဲ့ ထောက်လှမ်းရေးဟာ အကြမ်းဖက်သမားရန်ကို ကာကွယ်နိုင်ကြောင်း အမေရိကန် နဲ့ ဗြိတိန်က သက်သေပြနေပါတယ်။

အာဏာတည်မြဲဖို့ ထောက်လှမ်းရေးကို အားကိုးခဲ့တဲ့ ဘရားဇီးနဲ့ ရိုမေနီယာမှာ ပြုပြင်ပြောင်းလဲတာ တွေ့နိုင်ပါတယ်။ လျှို့ဝှက်တဲ့အဖွဲ့အစည်းကို လွှတ်တော်က ထိန်းချုပ်နိုင်ဖို့အတွက် ထောက်လှမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေတွေကို ပြဌာန်းဖို့ လိုအပ်ပါတယ်။ ထောက်လှမ်းရေးနဲ့ လုံခြုံရေးအဖွဲ့တွေ ဥပဒေမဲ့ ထင်သလို မလုပ်နိုင်အောင် စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ စစ်အာဏာရှင်နဲ့ စစ်ထောက်လှမ်းရေး ကြီးစိုးတာကြောင့် မြန်မာနိုင်ငံမှာ ဘာနိုင်ငံရေးစနစ်ကိုမှ တည်ဆောက်လို့မရခဲ့တာ ဖြစ်တယ်လို့ သုံးသပ်သူတွေ ရှိပါတယ်။ ဥပဒေ ပြဌာန်းပေမယ့် အာဂတိလိုက်စားမှုတွေ ရှိနေသေးတာကြောင့် အစောပိုင်းမှာ အကောင်အထည်ဖော်ဖို့ ခက်ခဲတတ်ပါတယ်။ ဒါပေမဲ့ ရေရှည်မှာ ဝန်းထမ်းပီသပြီး အပြည်ပြည်ဆိုင်ရာနဲ့ ဆက်သွယ်နိုင်တဲ့ အဆင့်အတန်းရှိတဲ့ ထောက်လှမ်းရေးအမှုထမ်းတွေ ပေါ်ထွက်လာတာကို ဘရားဇီး နဲ့ ရိုမေနီးယား နိုင်ငံတွေမှာ တွေ့နိုင်ပါတယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းစ နိုင်ငံနဲ့ ဝါရင့်ဒီမိုကရေစီနိုင်ငံမှာ လုံခြုံရေးကိစ္စကို ဘယ်သူ ဆုံးဖြတ်သလဲဆိုတာကိုကြည့်ရင် အစိုးရနဲ့ စစ်တပ်ရဲ့ ဆက်ဆံရေးကို အကဲခတ်နိုင်ပါတယ်။ အာဏာရှင်စနစ်ကို ကျော်ဖြတ်လာတဲ့ နိုင်ငံမှာ လုံခြုံရေးအဖွဲ့အစည်းကို စစ်တပ်က ဆက်လက်ချုပ်ကိုင်ထားတာဟာ ဒီမိုကရေစီမကျင့်သုံးနိုင်သေးတာကို ပြသရာရောက်ပါတယ်။ လုံခြုံရေးလမ်းစဉ် ချမှတ်ရာမှာလည်း အရပ်သားအစိုးရ သြဇာရှိလာပြီး စစ်တပ်က နာခံလာရင် ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ အလားအလာကောင်းပြီလို့ ပြောနိုင်ပါတယ်။ ဒါကြောင့် လုံခြုံရေးကို စစ်တပ်က ကြိုးကိုင်တာဟာ နိုင်ငံရေးစနစ်သစ်ရဲ့ ချို့ယွင်းချက်နဲ့ အားနည်းချက်ကို ပြသရာရောက်တယ်လို့လည်း သုံးသပ်ကြပါတယ်။

ထောက်လှမ်းရေးနဲ့ လုံခြုံရေးကို ပြုပြင်ပြောင်းလဲရာမှာ ဖိနှိပ်ညဉ်းပမ်းမှုမှာ ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ဆက်လက်အမှုထမ်းနေတာကြောင့် ပြဿနာဖြစ်နေတဲ့ နိုင်ငံတွေ ရှိပါတယ်။ ဒါပေမဲ့ မြန်မာပြည်ရဲ့ အားသာချက်က ဗိုလ်ချုပ်ခင်ညွှန့်လက်ထက်က ထောက်လှမ်းရေးအားလုံးလိုလို အဖြုတ်ခံရတဲ့အထဲမှာ ပါသွားတာဖြစ်ပါတယ်။ ဒါကြောင့် ထောက်လှမ်းရေးနဲ့ လုံခြုံရေးအဖွဲ့သစ်ကို ဥပဒေဘောင်အတွင်း ဆွဲသွင်းပြီး စည်းမျဉ်းဥပဒေအရ ထိန်းချုပ်ဖို့ အခွင့်လမ်းသင့်နေပြီ ဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။
XS
SM
MD
LG