သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရင်သပ်ရှု့မောစရာ နဲ့ ရင်ကွဲပက်လက် ဖြစ်စရာ


McKinsey အစီရင်ခံစာ
McKinsey အစီရင်ခံစာ
အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဆွေးနွေးပွဲ ဇွန်လဆန်းပိုင်းက နေပြည်တော်မှာ (၃) ရက် ကျင်းပသွားတာဟာ မြန်မာကို ကမ္ဘာက စိတ်ဝင်စားကြောင်း ပြသတာ ဖြစ်ပါတယ်။ နေပြည်တော်အစိုးရကို နိုင်ငံခြားအဖွဲ့အစည်းမျိုးစုံက အကြံဉာဏ်ပေးကြပါတယ်။ မက်ကင်းဇီ (McKinsey) ကုမ္မဏီက ပညာရှင် (၆) ဦး မြန်မာပြည်မှာ (၄) လ ကွင်းဆင်းလေ့လာပါတယ်။ နောက်တော့ နိုင်ငံရေးခေါင်းဆောင်၊ လုပ်ငန်းရှင်၊ ပညာရှင် စတဲ့ပုဂ္ဂိုလ် နှစ်ရာကျော်ကို တွေ့ဆုံမေးမြန်းပြီး (၁၃၅) မျက်နှာအကဲဖြတ် အစီရင်ခံစာကို မကြာမီက ထုတ်ဝေပါတယ်။

ယုံကြည်စိတ်ချရတဲ့ စာရင်းဇယား ရှားပါးတဲ့ တိုင်းပြည်မှာ လုပ်ကိုင်ရတာ ခက်ခဲပေမယ့် စီးပွားရေး အလားအလာကို နားလည်သဘောပေါက်နိုင်အောင် စတင်အကဲဖြတ်လိုက်ရတာလို့ ဆိုပါတယ်။ မြန်မာပြည်ရဲ့ ပထဝီအနေအထားနဲ့ သယံဇာတကြွယ်ဝမှုကြောင့် ဖြစ်နိုင်စရာ အလားအလာတွေ အများကြီးရှိသလို ကျော်လွှားရမယ့် အခက်အခဲတွေကလည်း အများကြီး ရှိပါတယ်တဲ့။ အခက်အခဲတွေ ကျော်လွှာပြီး မျှော်လင့်တဲ့အတိုင်း ဖြစ်လာရင် ရင်သပ်ရှုမော ဖွယ်ဖြစ်နိုင်သလို စီမံကိန်းအကောင်အထည် မပေါ်ရင်တော့ ရင်ကွဲပက်လက် ဖြစ်သွားနိုင်ပုံတွေကို အထောက်အထားနဲ့ တင်ပြထားပါတယ်။

(၂၀) ရာစု ကမ္ဘာ့စီးပွားရေး တိုးတက်မှုမှာ မြန်မာ မပါဝင်ခဲ့တဲ့အတွက် ပြည်တွင်းအသားတင် ထုတ်လုပ်မှုဟာ အနိမ့်ဆုံးအဆင့်မှာ ရှိပါတယ်။ အာရှဒေသမှာ ကုန်ထုတ်လုပ်မှုစွမ်းအား တိုးတက်နေမပေမယ့် မြန်မာပြည်မှာ မတိုးတက်တာကြောင့် လူတဦးချင်းရဲ့ အသားတင်ထုတ်လုပ်မှုနှုန်း နည်းပါးနေရတာ ဖြစ်ပါတယ်။ လုပ်ငန်းကဏ္ဍတိုင်းမှာ ထုတ်လုပ်မှု စွမ်းအားနိမ့်ကျနေပါတယ်။ စိုက်ပျိုးရေး အားကိုးတာဟာလည်း ပြည်တွင်းအသားတင် ထုတ်လုပ်မှုကို နိမ့်ကျစေတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ တနေ့ကျပ်တသောင်း ဝင်ငွေရှိတဲ့ စားသုံးသူ လူတန်းစားဦးရေ နည်းပါးတာဟာလည်း စီးပွားရေး မတိုးတက်တဲ့အကြောင်းရင်း တခုဖြစ်ပါတယ်တဲ့။ ဒါပေမဲ့ မြန်မာပြည်ရဲ့ တည်နေရာ၊ သဘာဝသယံဇာတ ကြွယ်ဝမှုနဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် မြန်မာဟာ တပန်းသာနေတယ်လို့ ဆိုပါတယ်။

ဝင်ငွေကောင်းတဲ့ အာရှဈေးကွက်နဲ့ နီးကပ်နေတာဟာလည်း မြန်မာအတွက် အခွင့်အလမ်းဖြစ်ပါတယ်။ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း အခြေခံ အဆောက်အအုံ၊ စွမ်းအင်နဲ့ သတ္တုတွင်းလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ငွေကြေးနဲ့ တယ်လီကွမ်းလုပ်ငန်း စတာတွေမှာ အလားအလာရှိတာတွေကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရင် မြန်မာ့စီးပွားရေးဟာ နောက် (၁၅) နှစ်ကြာရင် လေးဆတိုးဖို့ အလားအလာရှိတယ်လို့ ဆိုပါတယ်။ ဒီလို လေးဆတိုးဖို့အတွက် တရုတ်ပြည်မှာ (၁၂) နှစ် ကြိုးပမ်းရပြီး၊ ထိုင်းမှာ (၁၃) နှစ်၊ အင်ဒိုးနီးရှားမှာ (၁၄) နှစ် ကြိုးစားကြရပါတယ်။ စွမ်းအင်၊ သတ္တုတွင်း၊ စိုက်ပျိုးရေး ကုန်ထုတ်လုပ်ရေးနဲ့ အခြေခံ အဆောက်အအုံကဏ္ဍမှာ လုပ်နိုင်တာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အရင်ဆုံး ကုန်ထုတ်စွမ်းအားမှာ အိမ်နီးချင်းထက် နိမ့်ကျနေတာကို မြှင့်တင်ဖို့ လိုပါတယ်။

စီးပွားရေး တိုးတက်ဖို့အတွက် လိုအပ်တဲ့ အဓိက သော့ချက် (၄) ခုကို မက်ကင်းဇီအဖွဲ့က ထောက်ပြပါတယ်။ ကွန်ပြူတာ အင်တာနက် ကျွမ်းကျင်စွာအသုံးပြုရင် အစိုးရရုံး၊ ပညာရေး၊ ကျန်းမာရေး၊ ဘဏ်လုပ်ငန်း၊ လက်လီဈေးနဲ့ စိုက်ပျိုးရေးမှာ တိုးတက်နိုင်တာ ပထမသော့ချက် ဖြစ်ပါတယ်။ ဒုတိယ သော့ချက်က ကုန်ထုတ်လုပ်ငန်းကဏ္ဍ ကြီးထွားအောင် မြေတောင်မြှောက်ပေးဖို့ ဖြစ်ပါတယ်။ တတိယက လူဦးရေများပြားလာတဲ့ မြို့တွေကို အခြေခိုင်အောင် လုပ်ပေးဖို့ ဖြစ်ပါတယ်။ တိုင်းပြည်စီးပွားရေးမှာ မြို့ကြီးတွေ အရေးပါအရာရောက်တာကို သင်ခန်းစာယူနိုင်ပါတယ်။ ကမ္ဘာ့စီးပွားရေးမှာ ဝင်ဆံ့နိုင်ရေးဟာ စတုတ္ထသော့ချက် ဖြစ်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှပ်နံှမှု၊ အမြင်ချင်းဖလှယ်မှု၊ ကုန်သွယ်မှု စတာတွေ တိုးတက်ဖို့ လိုပါတယ်။ အရင်းအနှီး စုစုပေါင်း ဒေါ်လာသန်းပေါင်း (၆) သိန်းကျော် လိုတယ်လို့ ဆိုပါတယ်။

မက်ကင်းဇီအဖွဲ့က တင်ပြထားတဲ့ စီးပွားရေးအလားအလာ အကောင်အထည်ပေါ်လာဖို့ကိစ္စဟာ အစိုးရခေါင်းဆောင်ပိုင်ပေါ်မှာရော ပုဂ္ဂလိကပိုင်းက ခေါင်းဆောင်တွေအပေါ်မှာရော မူတည်နေတယ်လို့ ဆိုပါတယ်။ အစိုးရမှာ အချိန်ကာလ၊ စွမ်းရည်နဲ့ ငွေကြေးအကျပ်အတည်း ရှိပါတယ်။ တိုင်းသူပြည်သားတွေ၊ လုပ်ငန်းရှင်တွေနဲ့ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက ယုံကြည်လာအောင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်မှု အောင်မြင်ဖို့ လိုပါတယ်။ အခု လာရောက်ကြတဲ့ ကုမ္မဏီတွေ ရင်းနှီးမြှပ်နံှလိမ့်မယ်လို့ အာမခံနိုင်တာ မဟုတ်ပါဘူး။ အစိုးရဟာ အပြောင်းအလဲကို စနစ်တကျ စီမံခန့်ခွဲနေတာ တွေ့ရပါတယ်။

လာမယ်နှစ်တွေမှာ ပြည်တွင်းကုမ္မဏီတွေ အပြောင်းအလဲကြီးတွေကို ရင်ဆိုင်လာရပါလိမ့်မယ်။ ဒါကြောင့် ပြည်တွင်းပြည်ပမှာ ပြိုင်ဆိုင်နိုင်စွမ်းရှိဖို့ လိုလာပါတယ်။ ကုန်ပစ္စည်း အရည်အသွေးနဲ့ ဈေးနှုန်းကို အပြည်ပြည်ဆိုင်ရာ အဆင့်မီအောင်လုပ်နိုင်ဖို့ လိုပါတယ်။ အတတ်ပညာနဲ့ အရင်းအနှီးရရှိပြီး ကမ္ဘာ့ဈေးကွက်ကို ဝင်တိုးနိုင်ဖို့အတွက် နိုင်ငံခြားကုမ္မဏီတွေနဲ့ တွဲလုပ်နိုင်ဖို့ လိုတယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရ ကြိုးပမ်းနေတာဖြစ်လို့ ကျွမ်းကျင်မှုနဲ့ ဝိရိယစိုက်ထုတ်မှု အထူးလိုအပ်ကြောင်း မက်ကင်းဇီ အတိုင်ပင်ခံကုမ္မဏီက သုံးသပ်ထားပါတယ်။
XS
SM
MD
LG