သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းမီးလျှံကြားက မြန်မာ့ဒီမိုကရေစီ


အလုံမြို့နယ် စားသောက်ဆိုင်မှာ တွေ့ရှိတဲ့ မပေါက်ကွဲသေးတဲ့ ဗုံး၊ အောက်တိုဘာလ ၁၄၊ ၂၀၁၃ (ဓါတ်ပုံ - ရန်ကုန်တိုင်း ပြည်သူရဲတပ်ဖွဲ့ Facebook)
အလုံမြို့နယ် စားသောက်ဆိုင်မှာ တွေ့ရှိတဲ့ မပေါက်ကွဲသေးတဲ့ ဗုံး၊ အောက်တိုဘာလ ၁၄၊ ၂၀၁၃ (ဓါတ်ပုံ - ရန်ကုန်တိုင်း ပြည်သူရဲတပ်ဖွဲ့ Facebook)
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ အခုရက်ပိုင်းအတွင်း ရန်ကုန်၊ မန္တ္တလေးနဲ့ မြန်မာနိုင်ငံနေရာအတော်တော်များမှာ ဆက်တိုက်ဆိုသလို ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်လိုရည်ရွယ်ချက်၊ ခံယူချက်တွေနဲ့ လုပ်ဆောင်နေသလဲဆိုတာကို မြန်မာသတင်းသမား မောင်သွေးသစ် နဲ့ ကိုသီဟသွယ်တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပါတယ်။ ဒီမိုကရေစီလမ်းကို လျှောက်လှမ်းနေပါတယ်ဆိုတာကို လူထု တကယ်ယုံကြည်လာအောင်၊ နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံလာအောင် တာဝန်ရှိသူများအနေနဲ့ ကြိုးစားနေကြတဲ့အချိန် ဖြစ်ပါတယ်။ ဒီအချိန်မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်လာတာဟာ တိုင်းပြည်ရဲ့ ပုံရိပ်ကို ထိခိုက်နိုင်တယ်လို့ လူတကာက သုံးသပ်ယူဆနေကြတာပါ။ ဒါကို ပြည်သူတွေရဲ့ သဘောထားကို ထင်ဟပ်တဲ့ သတင်းသမားနှစ်ဦးရဲ့ အမြင်သုံးသပ်ချက်ကို ကြည့်ကြရအောင်ပါ။ ပထမဦးဆုံးတဦးကတော့ မြန်မာ့တိုမ်စ် သတင်းစာ သတင်းစာဆရာ မောင်သွေးသစ် ဖြစ်ပါတယ်။

မောင်သွေးသစ် ။ ။ နိုင်ငံရဲ့ image ကို အများကြီး ထိခိုက်ပါတယ်။ ပြည်ပအနေနဲ့လည်း အမြင်တိမ်းနိုင်သလို၊ ပြည်တွင်းမှာ ပြည်သူလူထုကလည်း လုံခြုံမှုမရှိဘူးပေါ့။ ကျောင်းကန်ဘုရားတို့၊ လူစည်းကားတဲ့အရပ်တွေသွားဖို့လည်း တော်တော်လေးကို စိုးရိမ်နေကြတယ်။ မကြာခင်မှာပဲ ပွဲတော်ကြီး (၃) ခုက ကျနော်တို့ဆီမှာ တပတ်အတွင်းမှာ ကျင်းပတော့မယ်။ (၁၉) ရက်နေ့မှာ သီတင်းကျွတ်လပြည့်နေ့။ ဒါက မြန်မာနိုင်ငံရဲ့ အမွန်မြတ်ထားတဲ့နေ့။ နောက်တခါ …၊ နောက်တခါ အခြားဘာသာဝင်တခုပေါ့။ ပွဲတော်တွေကလည်း ဆက်တိုက်ရှိနေတဲ့အချိန်။ ဒီထက်ပိုဆိုးတာက အရှေ့တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲကလည်း နိုင်ငံအနေနဲ့ ဂုဏ်ယူစရာပွဲပေါ့။ နောက်တခါ အာဆီယံဥက္ကဋ္ဌအဖြစ်နဲ့ ၂၀၁၄ မှာ ယူထားတယ်ဆိုတော့ ဘက်စုံခြုံကြည့်မယ်ဆိုရင်တော့ ကျနော်တို့အမြင်နဲ့ မြင်တာက နိုင်ငံတကာအမြင်နဲ့ ကျနော်တို့ image က မကောင်းဘူးဗျ။ ပေါက်တာက တောင်ငူက စလိုက်ပြီး (၃) ရက်ဆက်တိုက်မှာ ပဒေသာလို ပေါက်နေတာပေါ့။ ပေါက်တဲ့အခါမှာ လူအထိအခိုက် အနည်းအများ ရှိတာမရှိတာထက် ပိုဆိုးတာက ရန်ကုန်မြို့မှာ အထင်ကရ နာမည်ကြီးတဲ့ Trader ဟိုတယ်။ နိုင်ငံခြားသားတွေ လာတည်တဲ့နေရာမှာ ဒီလိုဖြစ်တယ်ဆိုတာကတော့ ကျော်မကောင်းကြားမကောင်း ဖြစ်တာပေါ့။

ဦးကျော်ဇံသာ ။ ။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကိုတော့ ထိခိုက်မှု ရှိနိုင်ပါမလား။

မောင်သွေးသစ် ။ ။ Trader ပေါက်လိုက်တဲ့ကိစ္စကတော့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကိုတော့ ကြီးစွာတုန်ခါသွားလိမ့်မယ်လို့ ထင်ပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေက လာရောက်ဝင်ရောက်မှုက ရာခိုင်နှုန်းများတယ်ဆိုပြီး ကျနော်တို့က ဂုဏ်ယူနေတဲ့ကာလမှာ နောက်တခါ တိုင်းပြည်က ပွင့်လင်းရာသီလည်းရောက်ပြီ၊ ပွဲလမ်းရာသီလည်း ရောက်တဲ့ရာသီမှာ နိုင်ငံတကာခရီးသွားတွေရဲ့ စိတ်ဝင်စားမှုကို အထူးခံစားနေရတဲ့အချိန်မှာ အခုလို ဖြစ်တဲ့အတွက် အများကြီးထိခိုက်တယ်။

ဦးကျော်ဇံသာ ။ ။ အခုဆက်လက်ပြီးတော့ NHK သတင်းဌာနရဲ့ သတင်းထောက် ကိုသီဟသွယ်ရဲ့ သဘောထားကို ကြည့်ကြအောင်ပါ။

ကိုသီဟသွယ် ။ ။ အဲဒီဖြစ်တဲ့နေ့က ကျနော်က ကေအိုင်အေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ရှိနေတဲ့အခါကြတော့ ကေအိုင်အေနဲ့ ဆွေးနွေးပြီးရင် tension တွေ ကျသွားပြီးတော့ အခြေအနေကောင်းပြီလို့ တွေးထားတာ။ ဒါပေမဲ့ သူတို့ပြီးတဲ့ နောက်ရက်မှာပဲ တောင်ငူကနေ ဗုံးကွဲတာ တော်တော်လေး အံ့သြတယ်။ အံ့သြတယ်ဆိုပေမယ့် ကျနော်တို့ သမိုင်းကြောင်းနဲ့ ကြည့်မယ်ဆိုလို့ရှိရင် ဒီလို ဗုံးကွဲမှုမျိုးက ရိုးမတကျော လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နီးစပ်တဲ့နေရာတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အတွက် သိပ်တော့လည်း မအံ့သြဘူး။ ဒါပေမဲ့လဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တောက်လျှောက်ဖြစ်နေလျက်နဲ့ အဲဒီလို ဒီလိုကိစ္စမျိုးတွေ ဖြစ်သလဲဆိုပြီးတော့ တွေးစရာတော့ ဖြစ်တာပေါ့။ ကျနော်တို့အားလုံး အဓိက အံ့သြသွားတာက Trader လို နေရာမျိုးတွေကို ပစ်မှတ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ Trader က ကျနော်တို့တိုင်းပြည်မှာ တကယ့် အထင်ကရ ဟော်တယ်ကြီးလည်းဖြစ်တယ်။ နောက်တခါ တကယ့်ကို ဧည်ကောင်းတွေတည်တယ်။ စီးပွားရေးသမားတွေ၊ နိုင်ငံတကာကလာတဲ့ တရားဝင်လာတဲ့ state visit လိုမျိုးတွေ တည်တဲ့နေရာမျိုး ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီနေရာကို ပစ်မှတ်ထားတဲ့ ရည်ရွယ်ချက်လည်း စေ့စပ်ထားတဲ့အဖွဲ့ကို ကျနော်တို့ တော်တော်လေး စဉ်းစားရကြပ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာမှာ ဗုံးဖောက်ခွဲလိုက်ခြင်းအားဖြင့် အခုဆိုပဲ ကျနော်တို့ ကြားနေရပါပြီ၊ Booking တွေ cancellation လုပ်ကြတယ်။ စီးပွားရေးအရ tourism ကို တိုက်ရိုက်ထိခိုက်တယ်။ နောက်တခုက ပိုဆိုးတာက တိုင်းပြည်ရဲ့ image - တိုင်းပြည်က အခုဆိုရင် အာဆီယံဥက္ကဋ္ဌလည်း ဖြစ်ပြီ။ အာဆီယံနဲ့ ပတ်သက်တဲ့ meeting တွေ အများကြီးလည်း ကျင်းပဖို့ရှိတယ်။ နောက်တခါ အနီးစပ်ဆုံးက Sea Game - နိုင်ငံတကာက ဧည်သည်တွေ အများကြီးလာမယ်။ ဒီလိုမျိုး ဗုံးတလုံးတလေ ကွဲတာမဟုတ်ဘဲနဲ့ ရက်ဆက်ဆိုသလို ဗုံးတွေတွေ့တယ်။ ဗုံးလန့်မှုတွေဖြစ်တယ်။ ဒီလိုမျိုး လုံခြုံရေးအားကောင်းတဲ့ နေရာမှာ ဖောက်ခွဲချလိုက်တာဟာ နိုင်ငံတကာက လာမယ့်ဧည်သည်တွေ၊ Delegation တွေ အားလုံးကို မလုံခြုံဘူး၊ လာဖို့ မသင့်ဘူးလို့ message ပေးသလို ဖြစ်သွားတယ်။ ဆိုတော့ ကျနော်တို့ တိုင်းပြည်အတွက် ဒီဗုံးပေါက်ကွဲမှုက ထိခိုက်မှုက လူသေလောက်အထိ မဖြစ်ပေမဲ့လဲ ဖြစ်ပွားတဲ့နေရာနဲ့ အနေအထားနဲ့ အချိန်ကာလက တော်တော်လေး တိုင်းပြည်အတွက် ထိခိုက်စရာဖြစ်တယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီလောက် အလားအလာကောင်းနေတယ်လို့ ပြောရမယ့်အချိန်။ လူတွေကလည်း ရင်တမမနဲ့ ပြုပြင်ပြောင်းလဲရေးတွေ အောင်မြင်ပါစေ၊ ရှေ့ကိုဆက်ပြီးတော့ အရှိန်ဟုန်ပြင်းပြင်းနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်ပါစေလို့ လူတိုင်းက မျှော်လင့်စောင့်စားနေတဲ့အချိန် ဖြစ်ပါတယ်။ ဒီလိုအချိန်မှာမှ ဒီဟာကို ဘာဖြစ်လို့ ဘယ်သူတွေက ရည်မှန်းချက်နဲ့ လုပ်နေကြတယ်လို့ ထင်ကြပါသလဲ။ ဆရာ မောင်သွေးသစ် အရင်ပြောပါ။

မောင်သွေးသစ် ။ ။ အဲဒါကတော့ မနေ့က သက်ဆိုင်ရာ ဖြေကြားပုံအရဆိုလို့ရှိရင် အရင်တုန်းက ဖြစ်ပြီဆိုရင်တော့ တောတွင်းလက်နက်ကိုင်တွေကို လက်ညှိုးညွှန်လေ့ရှိတယ်။ ကေအန်ယူ၊ ဗကပ၊ အေဘီအက်စ်ဒီအက်ဖ် တို့ပေါ့။ ဒါပေမဲ့ အဲဒီလူတွေက အခု ငြိမ်းချမ်းရေး dialogue လုပ်နေတဲ့အချိန်ကြတော့ သူတို့ လက်ညှိုးညွှန်ဖို့က ခက်တယ်။ သို့သော် ကျနော်တို့ ဒီမှာ သုံးသပ်နေတာကတော့ ပြုပြင်ပြောင်းလဲရေးကို လက်မခံတဲ့ လူတစုကနေပြီးတော့ ဆူပူမှုကို လုပ်နေသလား။ နောက်ပြန်လည့်ချင်တဲ့ လူတစုကပဲ ဆူပူမှုတွေကို ချိန်ကိုက်ဖန်တီးနေသလား။ နောက်တချက် စဉ်းစားရမှာက ပေါက်ကွဲတဲ့ ဗုံးတွေက နိုင်ငံခြားကလာတဲ့ ဗုံးတွေမဟုတ်ဘူး။ ပြည်တွင်းမှာပဲ လုပ်ပြီးတော့ ပြည်တွင်းမှာပဲ လေ့ကျင့်ပြီးတော့ အတွေ့အကြုံများတဲ့ လူတွေကလုပ်တယ်ဆိုပြီးတော့ သက်ဆိုင်ရာက ပြောတယ်။ အဲဒီတော့ ကျနော်တို့ ယူဆတာကတော့ ဒီလုပ်ကိုင်မှုက စနစ်တကျနဲ့ ဖြန့်ချက်ပြီးတော့ နေရာအနှံကို ခြိမ်းခြောက်နေတဲ့၊ နှောက်ယှက်နေတဲ့၊ အဟန့်အတားဖြစ်နေတဲ့ လုပ်ဆောင်မှုတရပ်ပဲဖြစ်တယ်လို့ ကျနော်ယူဆတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီလို တိုးတက်မှုကို မလိုလားတဲ့ လူတစုက လုပ်တယ်ဆိုတဲ့ကိစ္စက ဒီကိစ္စတင်မကပါဘူး။ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေကိုလည်း ဒီလူတစုက ဟိုနေရာ ဒီနေရာ လည့်ပြီးဖြစ်အောင် လုပ်နေတယ်ဆိုတဲ့ ပြောတဲ့ဆိုတဲ့ အသံတွေကို မကြာခဏ ကြားနေရပါတယ်။ အဲဒါ ဘယ်သူတွေလဲဆိုတာကို လက်ညှိုးထိုးပြီးတော့ အမှန်တကယ်ဖော်ထုတ်ပြီး အရေးယူဖို့ မဖြစ်နိုင်ဘူးလား။

မောင်သွေးသစ် ။ ။ သမ္မတကြီး ရခိုင်ခရီးစဉ်သွားတဲ့အချိန်ကလည်း ဒါကလည်း ချိန်ကိုက်ပြီး လုပ်တယ်။ အဲဒီလူတွေကတော့ ကျနော်တို့ ရန်ကုန်မှာနဲ့ သတင်းဌာနတွေမှာ အများကြီး ထွက်ပေါ်နေတဲ့သတင်း ဖြစ်ပါတယ်။ ယူဆချက်၊ ကောက်ချက်တွေပါပဲ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီလူတစုကို ဘာကြောင့် တိတိကျကျ ဖော်ထုတ်ပြီး အရေးမယူနိုင်သလဲ။

မောင်သွေးသစ် ။ ။ အဲဒါကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် မိတ္ထီလာက စရမှာပဲ။ မိတ္ထီလာ၊ ရခိုင်မောင်တောကနေ ဖမ်းဆီးထားတယ်။ ဖမ်းဆီးထားတယ်ဆိုလို့ရှိရင် မိထားတဲ့ တရားခံတွေကို စစ်ကြောမေးမြန်းလိုက်လို့ရှိရင် သူတို့နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့လူတွေကို ဖော်ထုတ်လို့ ရရမှာပေါ့။ အခုက စစ်ဆေးမေးမြန်းတာပဲရှိတယ်။ နောက်ကနေ ကြိုးကိုင်နေတဲ့ Godfather သို့မဟုတ် Group ကို ဘာကြောင့် မပြောနိုင်တာလဲ။ အဲဒါကလဲ စဉ်းစားစရာတချက်ပါ။ ဒါက တခါတရံမှ ဖြစ်တာမဟုတ်ဘူး။ အမြဲတမ်း ဖြစ်နေတာပဲ။ ဖြစ်နေတာကို ဘာကြောင့် မဖော်ထုတ်နိုင်သလဲဆိုတာကို သက်ဆိုင်ရာက ဖြေရှင်းဖို့ ကောင်းတာပေါ့။

ဦးကျော်ဇံသာ ။ ။ ဆရာသီဟသွယ်ရဲ့ သဘောထားကို ဆက်ပြောပါ။

ကိုသီဟသွယ် ။ ။ အဓိကတော့ နှစ်ချက်မြင်တယ်။ တချက်က ပထမဦးဆုံး တောက်လျှောက်ကြည့်လာတာ ဘာမြင်သလဲဆိုတော့ ကျနော်တို့ ဗုံးနေရာအများအပြား၊ public နေရာတွေမှာ တွေ့တဲ့ဟာမျိုးတွေ ဖြစ်တဲ့အခါကြတော့ public panic ဖြစ်အောင်၊ လူထု မတည်ငြိမ်သလို ခံစားရအောင်၊ လူထု ကြောက်ရွံထိတ်လန့်စိုးရိမ်နေအောင် လုပ်သလား။ အဲဒီ ရည်ရွယ်ချက်တခုကို သတိထားမိတယ်။ လူတွေအားလုံးက တယောက်နဲ့တယောက် သံသယတွေဖြစ်မယ်။ ကျနော်တို့ လူ့အဖွဲ့အစည်း မတည်မငြိမ် ဖြစ်မယ်ဆိုလို့ရှိရင် ဘယ်သူမှ ရင်းနှီးမြှုပ်နံှချင်မှာ မဟုတ်ဘူး။ ရင်းနှီးမြှုပ်နံှလို့ ကောင်းမှာမဟုတ်ဘူး။ ဆိုတော့ မတည်ငြိမ်သေးတဲ့ အကျိုးဆက်တွေ အများကြီး ကျနော်တို့ ဖြစ်လာနိုင်မယ့်ဟာကို ပထမဦးဆုံး သတိထားမိတယ်။ လုပ်တဲ့လူရဲ့ ရည်ရွယ်ချက်က ဒါလားပေါ့။ Trader လို နေရာမျိုးကို လုပ်လိုက်တယ်ဆိုတော့ ဒီထက်ပိုပြီး ကြီးမားတဲ့ ရည်ရွယ်ချက်ကို သွားတွေ့တယ်။ အဲဒါက နိုင်ငံတကာက ဧည်သည်တွေ မလာရဲအောင်။ နိုင်ငံတကာက delegation တွေ လာဖို့မသင့်တော်ဘူးလို့ ထင်အောင်။ နိုင်ငံတကာက အစည်းအဝေးတွေ ကျင်းပဖို့ကို ဖြစ်ပါ့မလားဆိုတဲ့ သို့လောသို့လော အတွေးတွေဝင်အောင် လုပ်သလားဆိုတဲ့ နောက်ထပ်ရည်ရွယ်ချက်တခုကို ဆက်တွေ့တယ်။ အဲဒီ ရည်ရွယ်ချက်ကတော့ ကျနော်တို့ သတင်းထောက်လုပ်ခဲ့တဲ့သမိုင်း၊ သိမှီတဲ့သမိုင်းမှာ ပထမဦးဆုံး ဒီလို ရည်ရွယ်ချက်ထားတာကို တွေ့ရတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဘယ်သူတွေက လုပ်သလဲဆိုတာကို စဉ်းစားမိကြပါသလား။ သတင်းထောက်အသိုင်းအဝိုင်း၊ သတင်းလောက က။ သုံးသပ်ကြသလား။

ကိုသီဟသွယ် ။ ။ အခုဟာက ခေတ်ကလဲ သိတဲ့အတိုင်း transitional period မှာ အများကြီး ပြဿနာတွေရှိတယ်။ ဆိုတော့ အဖွဲ့ဟောင်းတွေ ရှိသလို၊ အဖွဲ့သစ်တွေလည်း ရှိလာတယ်။ ဂိုဏ်းကွဲတွေလည်း ရှိလာတယ်ဆိုတော့ ပြောရမှာတော့ ခက်တယ်။ အရင်တုန်းက လုပ်ခဲ့တဲ့ အဖွဲ့အစည်းကလည်း မလုပ်တော့ဘူး။ ဒါပေမဲ့ အဲဒီအဖွဲ့အစည်းတွေက transition မှာ အစိုးရကိုယ်တိုင်က နှစ်ပိုင်းကွဲနေသလို ဖြစ်နေတယ်။ Hardliner နဲ့ Softliner ရှိသလို၊ အတိုက်အခံ၊ ဒီမိုကရေစီအဖွဲ့အစည်း၊ လက်နက်ကိုင်အဖွဲ့အစည်း၊ တိုင်းရင်းသားအဖွဲ့အစည်းတွေမှာလည်း Hardliner နဲ့ Softliner ရှိတယ်ဆိုတော့၊ တော်တော်ပြောရခက်တယ်။ ဒါပေမဲ့ ထူးခြားတာက နိုင်ငံရေးပစ်မှတ် မဟုတ်ဘူး။ အဓိက စီးပွားရေးပစ်မှတ်။ အဓိက ဒီတိုင်းပြည်မှာ လုံခြုံရေးအရ မလုံခြုံဘူး။ နိုင်ငံတကာက လာပြီးတော့ စီးပွားတွေလုပ်ဖို့ မသင့်တော်ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးကိုဆောင်တဲ့ တိုက်ခိုက်မှုမျိုး သဘောဆောင်တယ်။ ဆိုတော့ ကျနော်က စဉ်းစားတာက ဒီရည်ရွယ်ချက်က ပြည်တွင်းမှာရှိတဲ့ အတိုက်အခံက ရည်ရွယ်မလား။ ဒါမှမဟုတ် စီးပွားရေးအရ တခြား နိုင်ငံတကာ Relationship သဘောအရ ကျနော်တို့ တိုင်းပြည်ကို မလိုလားတဲ့၊ ဒါမှမဟုတ် ကျနော်တို့တိုင်းပြည်ကို ဒီအဆင့်မျိုး မရောက်ရှိအောင် ဖြစ်စေချင်တဲ့ အဖွဲ့အစည်းတခုက လုပ်သလား။ ကျနော်က ဘယ်လိုတွေးသလဲဆိုတော့ အပြင်က အဖွဲ့အစည်းလား။ အတွင်းက အဖွဲ့အစည်းဆိုရင်လည်း အပြင်ကို အခြေခံတဲ့ အဖွဲ့အစည်းလားပေါ့။ ကျနော်တို့ မြင်နေတဲ့အမြင်က အပြင်ကို ပိုပြီးသတိထားမိတယ်။ ရည်ရွယ်ချက်သည် ကျနော်တို့ တိုင်းပြည်ထဲမှာနေတဲ့ လူတွေက စဉ်းစားတယ့် စဉ်းစားပုံ စဉ်းစားနည်းမျိုး မဟုတ်ဘူးလို့ မြင်မိပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့ကလဲ မကြာသေးခင်က ဗုံးပေါက်ကွဲမှုတွေ မတိုင်ခင်ဘဲ ဘာသာရေးဆန်ဆန်၊ လူမျိုးရေဆန်ဆန် အဓိကရုဏ်းတွေလည်း ဖြစ်တယ်။ အဲဒီကိစ္စတွေမှာလည်း တိုင်းပြည်တိုးတက်မှုကို မလိုလားတဲ့လူတွေက နောက်ကကြိုးကိုင်နေတယ်။ လောလောဆယ် ဖြစ်ပွားမှုမှာ ပါဝင်တဲ့လူတယောက်ကို ဖမ်းမိတာ၊ နောက်က ကြိုးကိုင်နေတဲ့ လူတွေကို မမီဘူးဆိုပြီး လူတွေ သုံးသပ်တာရှိပါတယ်။ အဲဒါတွေနဲ့ ဆက်စပ်နေမယ်လို့ ထင်ပါသလား။

ကိုသီဟသွယ် ။ ။ ကျနော်တကိုယ်ရည်အမြင်က ဘယ်လိုရှိသလဲဆိုတော့ ဒီလိုမျိုး လူမျိုးပဋိပက္ခတွေ ဖြစ်တဲ့အခါမှာ သဘာဝအလျောက်ဖြစ်တာ ရှိသလို၊ သဘာဝအလျောက်မဟုတ်ဘဲ နောက်ကဖန်တီးပြီး ဖြစ်တာတွေရှိတယ်။ ဆိုတော့ ကျနော်ပြောချင်တာက ကျနော်တို့တိုင်းပြည်မှာ အားပြိုင်နေတဲ့ နိုင်ငံရေးအုပ်စုတွေ အများကြီးရှိတယ်။ လက်နက်ကိုင်အုပ်စုတွေ အများကြီးရှိတယ်ဆိုတော့ ဒီလိုမျိုး မီးတောက်ရှိတဲ့အခါမျိုးမှာ ဒီလိုမျိုး ပဋိပက္ခတွေ၊ လူမျိုးရေးပဋိပက္ခတွေ အရမ်းကြီးမားနေတဲ့အချိန်မှာ ဒီဟာကို လိုသလို ကြိုက်တဲ့ရည်ရွယ်ချက်နဲ့ သုံးလို့ရတဲ့ အနေအထားရှိတဲ့အတွက် တခုခုကို ပြောဖို့အရမ်းခက်တယ်။ ဒါပေမဲ့ အခု ဗုံးပေါက်ကွဲမှုတွေ ရှိတဲ့အခါမှာ မြန်မာနိုင်ငံဒေသ အနံှအပြားမှာ ဖြစ်တယ်ဆိုတော့ ကွန်ရက်က ကြီးတယ်လို့ ပြောလို့ရတယ်။ ရည်ရွယ်ချက်ကြီးတယ်၊ ကွန်ရက်ကြီးတယ်။ လုံခြုံရေးကို နားလည်းတယ်။ နောက်တခုက Trader မှာ ဖြစ်တယ်ဟာဆိုရင် အတော်အံ့သြတယ်။ လုပ်တဲ့လူက သေချာပေါက် security camera မှာ ပါနိုင်တယ်။ သူ့ရဲ့ identity ကိုပြရတဲ့အတွက်ကြောင့် သူကိုလည်း အလွယ်တကူ ခြေရာကောက်နိုင်တယ်။ ဒါကိုသိသိနဲ့ ဘာဖြစ်လို့ လုပ်သလဲဆိုတဲ့ဟာကိုလည်း ထည့်စဉ်းစားရတယ်။ တချို့ကလည်း အာဏာပိုင်နဲ့ ပတ်သက်နေတယ်လို့ တွက်ကြတာပေါ့။ အဲဒီမှာ ထည့်တွက်ရမယ့် အကြောင်းအရာတွေ အများကြီးရှိတယ်ဆိုတော့ ဒီတခေါက်တော့ တော်တော်လေး ခန့်မှန်းရခက်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဖြစ်ရပ်မှန် အမှန်တကယ် ပေါ်ပေါက်လာလိမ့်မယ်၊ လက်သည်တရာခံကို တကယ် အတိအကျ ဖော်ထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါသလား။

ကိုသီဟသွယ် ။ ။ ကျနော်ကတော့ ဒီအချိန်မှာတော့ ဖော်ထုတ်သင့်ပြီလို့ ထင်တယ်။ ဒါပေမဲ့ ဒီကိစ္စတော်တော်များများက ကျနော်တို့ တိုင်းပြည်မှာ လူတွေက ပြောစမှတ်ရှိတယ်။ ဗုံးပေါက်ကွဲမှု တော်တော်များများက ဘယ်တော့မှ မပေါ်ဘူး။ အဲဒီလိုပဲ ဖြစ်မယ်။ ပေါ်တယ်ဆိုရင်တောင်မှ ပိုက်ဆံပေးလို့ ခွဲရပါတယ်ဆိုတဲ့နေရာမှာ ရပ်သွားတာများတယ်။ ပိုက်ဆံရလို့၊ ငွေရေးကြေးရေး အကျိုးအမြတ်ရှိလို့ ကျနော်တို့ကို အမည်မသိ ပုဂ္ဂိုလ်ကနေ ခိုင်းလို့။ ဒါလေး ဒီမှာထားပေးပါဆိုလို့ ထားပေးရပါတယ်ဆိုတာနဲ့ ကိစ္စနဲ့ နောက်ဆုံးသွားတာများတဲ့အတွက်ကြောင့် တကယ် နောက်က ဘာကြောင့် လုပ်ရတယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိဘူး။ ဒီတကြိမ်လည်း ဒီလိုဖြစ်သွားမယ်ဆိုရင်တော့ နောက်ထပ်ဒီလို ဖြစ်ဆင်မျိုးကို ဖိတ်ခေါ်တာနဲ့ အတူတူပါပဲ။

ဦးကျော်ဇံသာ ။ ။ လွတ်လပ်ရေးရပြီစ မြန်မာနိုင်ငံရဲ့ မတည်မငြိမ်တဲ့ အခြေအနေကို ဆရာမြတ်ထန် က တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန် တင်စားမှတ်တမ်းတင်ခဲ့ဘူးပါတယ်။ အခုအခါမှာလည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုတာ သီးကင်းနုစအရွယ်တောင် မရောက်နိုင်တဲ့အချိန်မှာ တိုက်ခိုက်လာနိုင်တဲ့ မုန်တိုင်းရဲ့ အတိုင်းအတာနဲ့ တိုင်းပြည်ရဲ့ အန္တရာယ်ကို တာဝန်ရှိသူတွေသာမက ပြည်သူလူထုတရပ်လုံးက နိုးနိုးကြားကြား နဲ့ သတိထားနိုင်ကြမှ တော်ရာကြမယ်လို့ ထင်မိပါကြောင်း ပြောကြလိုပါတယ်။
XS
SM
MD
LG