သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗွီအိုအေ အယ်ဒီတာရဲ့ မြန်မာ့အရေး သုံးသပ်ချက်


MSF Burma
MSF Burma
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ပွင့်လင်းမြင်သာမှု ရှိလာပြီဆိုတဲ့ မြန်မာနိုင်ငံမှာ အားတက်စရာ သတင်းကောင်းတွေနှင့်အတူ စိတ်ပျက်စရာတွေ လည်း မြင်နေကြားနေဆဲ ဖြစ်ပါတယ်။ သတင်းသမာတစ်ဦးအဖြစ်နှင့် ဒါတွေနှင့် ကိုယ်တွေ့ကြုံခဲ့ရပုံကို သတင်းရယူရေးတာဝန်နှင့် မြန်မာနိုင်ငံမှာ သုံးလသာတာဝန်ယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်း အယ်ဒီတာ ဒေါ်ခင်စိုးဝင်း က ဦးကျော်ဇံသာရဲ့ အခုတပတ် မြန်မာအရေးသုံးသပ်ချက်မှာ ရင်ဖွင့်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီတစ်ခါ ဒေါ်ခင်စိုးဝင်း မြန်မာနိုင်ငံကို တာဝန်အရ သွားလိုက်တာ သုံးလဆိုတော့ အတော်ကြာကြာနေခဲ့ရတယ်ဆိုပါစို့ ခင်ဗျာ။ ဒီကာလအတွင်းမှာ မြန်မာနိုင်ငံက ထွက်လာတဲ့ သတင်းတွေ အရ တော်တော်အားတက်စရာ ကောင်းတဲ့သတင်းတွေ စိတ်ပျက်စရာကောင်းတဲ့ သတင်းတွေ ရောထွေးနေတာ တွေ့ရပါတယ်။ ကျနော်တို့ သတင်းသမားလည်းဖြစ် အကောင်းလည်း မြင်ချင်တဲ့လူတွေ ဆိုတော့ သတင်းနှင့် ပတ်သက်တဲ့သတင်းကို အရင်ဆုံး ပြောကြအောင်ပါ။ မြန်မာနိုင်ငံမှာ မီဒီယာ အပြောင်းအလဲတွေ တိုးတက်မှုတွေ လုပ်လာတယ်ဆိုတာ ကြားရပါတယ်။ ဒေါ်ခင်စိုးဝင်း အဲဒီမှာ ရှိခဲ့တဲ့တုန်းမှာ မြန်မာနိုင်ငံရဲ့သတင်းလောက မီဒီယာလောကမှာ အစိုးရဘက်က လျှော့ပေးတာတွေ ဘယ်လောက်အထိ တွေ့ခဲ့ရပါသလဲ။

ဒေါ်ခင်စိုးဝင်း ။ ။ တော်တော်လေးကို လျှော့ပေးတာ တွေ့ရပါတယ်။ ကျမ နေ့စဉ်သတင်းစာ ထုတ်တာလည်း မှီလိုက်တယ်လေ။ အဲဒီတော့ သတင်းစာတွေကြည့်ရတာ Generally ကြည့်ရတာ အတော်ကြီးကို လွတ်လပ်ခွင့်ပေးထားတာ တွေ့ရပါတယ်။ လွတ်လွတ်လပ်လပ်နှင့် ရေးလို့ရတယ်။ ဝေဖန်တာတွေလည်း လုပ်လို့ရတယ်။ တော်တော်လေးကို ကျယ်ကျယ်ပြန့်ပြန့် မီဒီယာလွတ်လပ်ခွင့်ကို တွေ့ခဲ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ပြည်သူတွေကကော အဲဒီသတင်းတွေကို ယုံကြည်အားထားကြသလား။ ကျနော် ပြောချင်တာက မြန်မာနိုင်ငံက အစတုန်းက သတင်းမှန် သိပ်ရှားပါးတော့ လူတွေဟာ ကောလာဟလကို နားထောင်ကြရတယ်။ ဆိုတော့ အခု အဲဒီလူတွေရဲ့ ကောလဟာလကို ကျော်လွှားနိုင်လောက်အောင် အဲဒီလွတ်လပ်တဲ့ သတင်းစာတွေ မီဒီယာတွေရဲ့ ရေးသားချက်က အာနိသင် ရှိလာပြီလား။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမအမြင်မှာတော့ ရှိတယ်လို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂျာနယ်တွေကို ဝယ်ပြီးတော့ အားပေးကြတဲ့ ပရိသတ်ပေါ့။ သူတို့တွေက တော်တော်ကြီးကို များပါတယ်။ ပြီးတော့ ဒီဂျာနယ်တွေကလည်း အပြိုင်အဆိုင် သူ့ထက်ငါဦးအောင် ရေးကြတယ်။ ဘယ်ဂျာနယ်က ဘယ်နေ့ကို ထွက်မယ်။ ဘယ်ဂျာနယ်က ဒီထွက်တဲ့ နေ့အလိုက်ပေါ့။ ဂျာနယ်တွေကိုဝယ်ပြီး အားပေးတာတွေ့ရပါ တယ်။ ဒီလမ်းက မီးပွိုင့်တွေမှာ ဝယ်သလိုမျိုး ဒီလိုမျိုး ဆိုင်တွေမှာဝယ်တာလည်း တွေ့ရတယ်။ အပြိုင်အဆိုင်ကို သတင်းတွေကို အချိန်နှင့်တပြေးညီ သူတို့ထုတ်နိုင်အောင် ကြိုးစားနေတာလည်း တွေ့ရပါတယ်။ ပြည်သူလူထုကလည်း ဒီဂျာနယ်တွေက သတင်းတွေကို အတော်လေးကို အားကိုးအားထားပြုလာတာ တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ သတင်းသမားတွေအနေနှင့် Journalist တွေအနေနှင့် သက်ဆိုင်တဲ့ အာဏာပိုင်တွေဘက်က သတင်းတွေကို ရယူတဲ့အခါမှာကော သူတို့ လိုချင်သလောက် အလုံအလောက် ရပါရဲ့လား။ အာဏာပိုင်တွေဟာ သူတို့ဘက်ကို မျှားဦးလှည့်လာမှာကို ငြင်းဆိုရုံသက်သက်ပဲ သူတို့ရဲ့ သတင်းထုတ်ပြန်ရေးဆိုတာကို သုံးသလား။ နောက်ပြီးတော့ သတင်းထုတ်ပြန်တဲ့ နေရာမှာကော အစိုးရနှင့် အလွမ်းသင့်တဲ့ သတင်းသမားတွေကို ဦးစားပေးပြီးတော့ တချို့ပြောကြတဲ့ ရွေးကောက်ပွဲတုန်းက မဲရုံကို သူတို့နှင့် အလွမ်းသင့်တဲ့သူတွေကြတော့ အထဲထိ ဝင်ယူခွင့်ပေးတယ်။ တခြားလူတွေကျတော့ အပြင်မှာပဲနေခွင့်ပေးတယ် စသဖြင့်။ အဲဒီလို ခွဲခြားမှုကော ရှိပါသေးလား။ နှစ်ချက်ပေါ့ဗျာ။ ကျနော် အဓိက ဒီနေရာမှာ မေးချင်တာကတော့။ သူတို့ရဲ့ဘက်ကို မျှားဦးလှည့်လာတာကို ကာကွယ်ဖို့ ငြင်းဆန်ဖို့လောက်ပဲ မီဒီယာသတင်းထုတ်ပြန်ရေးက သုံးသလား။ သတင်းသမားတွေကို ဆက်ဆံတဲ့နေရာမှာ တပြေးညီ ဆက်ဆံပါရဲ့လား။

ဒေါ်ခင်စိုးဝင်း ။ ။ နှစ်ခုစလုံးလို့ ပြောရမှာပဲရှင့်။ ဘာဖြစ်လို့လဲဆိုတော့ ဒီတစ်ခုခုပေါ့ ဒီနိုင်ငံတကာက စွပ်စွဲလာတယ် ဆိုပါစို့။ ကိစ္စတစ်ခုခု ဒီလူ့အခွင့်အရေးနှင့် ပတ်သက်လို့ပဲဖြစ်ဖြစ် ဒီ Communal Violence အကြမ်းဖက်မှုတွေနှင့် ပတ်သက်လို့ပဲဖြစ်ဖြစ်ပေါ့။ အဲဒီတော့ အဲဒါတွေနှင့် ပတ်သက်ပြီး ခုခံကာကွယ်ပြောဆိုဖို့အတွက်ကို သတင်းမီဒီယာတွေကို ထိတွေ့ဆက်ဆံတဲ့ သဘောရှိသလိုမျိုးပဲ သူတို့နှင့် အလွမ်းသင့်တဲ့ သူတွေကိုပဲ ပြောတယ်ဆိုတဲ့ဟာမျိုးလည်း ရှိတက်ပါတယ်။ ဥပမာဆိုလို့ရှိရင် ဘယ်သတင်းဌာနကနေပြီးတော့ မေးတာမျိုးကိုတော့ ဖြေမယ်။ ဘယ်သတင်းဌာနက မေးတာမျိုးကိုတော့ မဖြေဘူးဆိုတဲ့ဟာမျိုးလည်း ကျမကြားခဲ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ တကယ် မီဒီယာလွတ်လပ်တဲ့ ဒီမိုကရေစီ လူ့အဖွ့ဲအစည်းမှာ ဆိုရင်တော့ ပြည်သူလူထု သိသင့်တဲ့ကိစ္စဆိုရင် အစိုးရက ဘယ်သူ့ကိုမဆို ပွင့်ပွင့်လင်းလင်း။ အခု Boston မှာ ဖြစ်တဲ့ကိစ္စဆိုရင်လည်း မိနစ်နဲ့ မလပ်ပေါ့လေ တချိန်လုံးပဲ သူတို့ နောက်ဆုံးဖြစ်နေတာကို တန်းတူထုတ်ပြန်နေတာမျိုးတွေ တွေ့ရပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာတော့ အဲဒီလောက်ထိ သွက်သွက်လက်လက် ထုတ်ပြန်တာတွေကော ရှိပါပြီလား။

ဒေါ်ခင်စိုးဝင်း ။ ။ အခု ကျမနောက်ဆုံးပေါ့နော်။ ဒီကို မပြန်ခင်မှာ ဖြစ်ခဲ့တဲ့ ရေကျော် ဗလီ မီးလောင်တဲ့ အမှုဆိုလို့ရှိရင် ချက်ချင်း ဆိုသလိုပဲ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဦးစီးပြီးတော့ သူတို့ သတင်းထုတ်ပြန်တာ ရှိပါတယ်။ မနက်ပိုင်း တခါထုတ်တယ်။ ညနေပိုင်းတခါ ထုတ်တယ်ဆိုတော့ သူတို့လည်း တော်တော်လေးကို ဒီကိစ္စနှင့်ပက်သတ်ပြီးတော့ သွက်သွက်လက်လက်ကလေး ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ အစိုးရဘက်အာဏာပိုင်ဘက်ကို ပြောသလို။ ကျနော် အတိုက်အခံဘက်ကကော သတင်းနှင့် ပတ်သက်ပြီးတော့ Media Friendliness သတင်းသမားတွေ အပေါ်မှာ ဆက်ဆံမှု ဘယ်လိုနေပါသလဲ။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမတို့ကလည်း အခု ဝန်ကြီးဌာနတွေ ဌာနဆိုင်ရာတွေကို ဆက်သွယ်တဲ့အခါမှာ အရင်ကထက်စာလို့ရှိရင် ပိုပြီးတော့ လွယ်ကူလာတယ်။ ပြီးတော့ လိုလိုလားလား ဖြေပေးကြားတယ်။ တကယ်လို့ မဖြေနိုင်လို့ရှိရင်လည်း ဒေါ်ခင်စိုးဝင်းတို့ မေးမယ့်မေးခွန်လေးတွေများ နည်းနည်းပါးပါး ကြိုပြောလို့ရှိရင် ကျနော်တို့ သုံးနာရီလောက်ကြိုပြောလို့ရှိရင် ဝန်ကြီးကိုယ်တိုင်ဖြေပါမယ့် ဆိုပြီးတော့ ပြောတဲ့ဌာနတွေ ရှိပါတယ်။ ဒါပေမယ့် ကျမတို့ ဒီတဘက်က ဥပမာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဆိုလို့ရှိရင် ဆက်သွယ်ရတာလည်း တော်တော်လေး အခက်အခဲ ရှိပါတယ်။ နောက်ပြီးတော့ သူတို့မှာ သီးခြားသတ်မှတ်ထားတဲ့ ဥပမာ စီးပွားရေးနှင့်ဆိုင်တဲ့ကိစ္စရပ်၊ ဘဏ္ဍာရေးနှင့်ဆိုင်တဲ့ကိစ္စရပ်၊ ဥပဒေနှင့်ဆိုင်တဲ့ကိစ္စရပ်၊ ဒီကိစ္စရပ်တစ်ခုချင်းစီကို ဖြေကြားပေမယ့်သူက သီးသန်းခွဲထားတာမျိုး မရှိတဲ့အခါကြတော့ ဦးဉာဏ်ဝင်း အားတဲ့အခါ ဦးဉာဏ်ဝင်းက ဖြေပေးမယ်။ ဦးအုံးကြိုင် ဆိုလို့ရှိရင်လည်း သူက လွှတ်တော်အမတ် ဖြစ်သွားပြီဆိုတော့ တော်တော်လေး ဆက်သွယ်ရတာ ခက်ခဲပါတယ်။ ဘာကိစ္စဖြစ်ဖြစ် နာယကကြီးတွေဖြစ်တဲ့ ဦးတင်ဦး၊ ဦးဝင်းတင် တို့ကိုပဲ ခဏခဏ မေးနေရတဲ့အခါကြတော့လည်း လူကြီးတွေဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အားနာရတဲ့ အပိုင်းတွေ ရှိပါတယ်။ အဲဒီတော့ NLD အနေနှင့်က မီဒီယာနှင့် ဆက်ဆံတဲ့နေရာမှာ တော်တော်လေး အခက်အခဲတွေရှိတာ သတင်းမီဒီယာအားလုံးကလည်း ပြောကြပါတယ်။ ကျမတို့ ကိုယ်တိုင်လည်း ကြုံခဲ့ရပါတယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ကို လူကိုယ်တိုင်တွေ့ဖို့ မပြောပါနဲ့။ တယ်လီဖုန်းလေးနဲ့ ဆက်ဖို့ဆိုတောင်မှ အင်မတန်မှကို ခက်ခဲပါတယ်။ ဆက်သွယ်လို့လည်း မရပါဘူး။ ပူးပေါင်းဆောင်ရွက်မှုလည်း မရှိဘူးလို့ပဲ ကျမပြောရမှာပေါ့လေ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ အဲဒါ ကျနော်တို့ သတင်းသမားတွေ ပထမဦးဆုံး သိချင်တဲ့ သတင်းကိစ္စပါ။ နောက်တခုကတော့ နိုင်ငံတကာက ပိုပြီးစိတ်ဝင်စားတဲ့ Communal Violence တွေပေါ့လေ။ လူအုပ်စုချင်း အကြမ်းဖက် ပိဋိပက္ခတွေ ဖြစ်တာနှင့် ပတ်သက်လို့ကကော သတင်းသမားတစ်ယောက်အနေနှင့် ဒေါ်ခင်စိုးဝင်း ဘယ်လိုမြင်ပါသလဲ။ အဲဒီကိစ္စမှာ။ တချို့ကလည်း စွပ်စွဲကြတယ်။ ဒါ တမင်တကာ စနစ်တကျ လှုံဆော်ပေးတဲ့ လူအုပ်စုတွေ ပေါ်ပေါက်လာတယ်လို့ ဆိုတယ်။ တဘက်ကလည်းပဲ မြန်မာပြည်သူတွေရဲ့ ရင့်ကျက်မှု မရှိသေးတာ ဒါဘာသာရေး လွတ်လပ်ခွင့် Religious Toleration မရှိသေးတာလို့လည်း။ အဲဒါကို ဒေါ်ခင်စိုးဝင်း ဘယ်လိုသုံးသပ်ပါသလဲ။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမအမြင်ကတော့ ကျမတို့ ငယ်ငယ်လေးကတည်းကပေါ့ ကျမတို့ သူငယ်ချင်းတွေ အများကြီး ရှိပါတယ်။ အဲဒီအထဲမှာ ဘာသာပေါင်းစုံကိုးကွယ်တဲ့ သူငယ်ချင်းတွေလည်း ရှိပါတယ်။ မူစလင်တွေလည်း အများကြီးပါတယ်။ ကျမတို့ အစ်နေ့ဆိုရင်လည်း ဝိုင်းဝန်းစားသောက်ကြ။ ကျမတို့ တန်းဆောင်မုန်းပွဲတော် တန်းဆောင်တိုင်လုပ်တယ်ဆိုရင်လည်း သူငယ်ချင်းတွေ အကုန်လုံး ဘယ်ဘာသာမဆို ဝင်ပြီးတော့ ဆင်နွှဲကြတာပဲ။ ပါခဲ့ကြတာပဲလေ။

ဒါပေမယ့် မိတ္ထီလာအရေးအခင်း ဖြစ်တဲ့ကိစ္စမှာကတော့ နည်းနည်းလေး ထူးဆန်းနေတယ်လို့ ကျမစိတ်ထဲမှာ ထင်တယ်လေ။ နောက်ပြီးတော့ တခုခုဝင်ပြီး ဖျက်ကြတယ်လို့ သတ်ကြဖျက်ကြတယ်ဆိုတဲ့နေရာမှာ ရဲတွေက အများပြောကြတဲ့စကားကတော့ လက်ပိုက်ကြည့်နေတယ် ဆိုပြီးတော့လို့ ပြောတာများပါတယ်။ ကျမကလည်း ရဲတွေကို မေးကြည့်တဲ့အခါကြတော့ သူတို့က သူတို့ကို ညွှန်ကြားချက်ပေးမထားလို့ သူတို့ဘာမှ လုပ်လို့မရဘူး။ လူအုပ်ကြီးကကြီးတဲ့အခါမှာ သူတို့မှာ အင်အားလည်း မရှိဘူး။ ပစ်ခွင့်လည်းမရှိဘူး။ ဘာမှမတက်နိုင်ဘူးဆိုပြီး သူတို့ဘက်က ဆင်ခြေတွေပေးပါတယ်။ ဒါပေမယ့် ပြည်သူ့ရဲဆိုတဲ့ တာဝန်ကရေးထားတာ ကူညီပါရစေ အဲဒီတော့ ဒီလို ဒုက္ခရောက်နေတယ်ဆိုလို့ရှိရင် သူတို့အနေနှင့် ကူညီရမယ့် တာဝန်ရှိတယ်။ အဲဒါကြောင့်မို့လို့ ဒါက တမင်တကာများ အကွက်ချပြီး လုပ်တာလားဆိုပြီး လူတွေက သံသယမျက်လုံးနှင့် ကြည့်ကြတာပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်မပါဘဲနှင့် ဒီကိစ္စဟာမပြီဘူးဆိုပြီးတော့ စစ်တပ်ရဲ့အခန်းကဏ္ဍကိုလည်း မြှင့်ထားတယ်လို့ဆိုပြီး မြင်ကြတာလည်း ရှိတာပေါ့။ စစ်တပ်ပါမှပဲ ဒီကိစ္စဟာ ငြိမ်းသွားတော့တယ်။ စစ်တပ်ရဲ့ အခန်းကဏ္ဍက ဒီမြန်မာနိုင်ငံမှာ လိုအပ်နေဆဲပဲဆိုတာကို သက်သေပြချင်တဲ့သဘောလည်း ရှိတယ်လို့ ကျမ သုံးသပ်လို့ရတယ်လေ။ နိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍကိုလည်း သူတို့ လျှော့ပေးချင်ပုံ မရဘူးပေါ့။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံအစိုးရအနေနှင့် အင်မတန်ကို ယုံပြီးတော့ ပြောတဲ့ကိစ္စတခုကတော့ တိုင်းရင်းသားတွေနှင့် ငြိမ်းချမ်းရေး အလားအလာ သိပ်ကောင်းနေတယ်။ ငြိမ်းချမ်းရေး ရတော့မယ်ဆိုတော့ သဘောတွေ့ရပါတယ်။ ဘယ်လောက်ထိ စစ်မှန်သလဲ ခင်ဗျာ။ အဲဒီစကားဟာ။ အလားအလာ အမှန်တကယ်ပဲ ရှိနေပြီလား။ ဒေါ်ခင်စိုးဝင်း ကိုယ်တိုင်လည်း အဲဒီ ဆွေးနွေးပွဲတချို့ကို သွားပြီးသတင်းယူခဲ့တာ တွေ့ရပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမကိုယ်တိုင်သွားခဲ့တာတော့ ရွှေလီ ဆွေးနွေးပွဲပေါ့။ အခု နောက်ဆုံးသွားခဲ့တဲ့ ီရွှေလီ ဆွေးနွေးပွဲမှာ ကျမ အကဲခက်လို့ ရသလောက်တော့ စစ်တပ်အပိုင်း ပါလာတာပေါ့။ အရင်တုန်းကတော့ စစ်တပ်ကိုယ်တိုင် မလိုက်လာဘူး။ စစ်တပ်က အရာရှိကြီးကိုယ်တိုင် မပါလာဘူး။ ရွှေလီမှာတော့ စစ်တပ်ဘက်က တိုင်းမှုးတို့၊ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ်ကြီးတို့ ဘာတို့ အကုန်ပါဝင်လာတာ တွေ့ရတဲ့အခါကြတော့ သူတို့က နည်းနည်းတော့ ပထမတော့ Impressive ပေါ့ အားတက်မိသလို ဖြစ်ပါတယ်။ တကယ်တမ်း ရလိမ့်မယ်လို့။ ဒါပေမယ့် ဆွေးနွေးပွဲ ပြီးသွားတဲ့အခါကြတော့ ရေရေရာရာပေါ့ အပစ်အခက် ရပ်စဲကြမယ်ဆိုတဲ့ဟာမျိုး မထွက်လာဘဲနှင့် အပစ်အခက် ရပ်စဲရေးကို ဦးတည်ပြီးတော့ ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုတဲ့အခါကြတော့ နည်းနည်းလေး တမျိုးဖြစ်နေသလားလို့။ ကျမအမြင်ပြောတာပါ။ နောက်ပြီးတော့ တရုတ်နိုင်ငံမှာ လုပ်တယ်ဆိုတဲ့အခါကြတော့ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကလည်း ရှိနေတယ်ပေါ့။ အဲဒီတော့ အခုလာမယ့် ဆွေးနွေးပွဲကို ကျမတို့စောင့်ကြည့်ချင်တာက ပြည်တွင်းမှာလည်းလုပ်မယ်။နိုင်ငံတကာကလည်း လာပြီးတော့ အကဲခတ်ပုဂ္ဂိုလ်တွေနှင့် ပါမယ်ဆိုရင် နည်းနည်းလေး ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ ရေချိန်ဟာ ပြောင်းသွားမယ်လို့ ကျမ မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အစိုးရဘက်ကကော တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေး တိုင်းရင်းသားတွေ လိုချင်တဲ့ အခွင့်အရေး တကယ်လိုက်လျောမယ့် သဘောထားရှိတယ်လို့ ထင်ပါသလား။ အဲဒီမှာ သက်ဆိုင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ တာဝန်ခံတွေ၊ ဘာတွေကို ဒေါ်ခင်စိုးဝင်း စကားပြောကြည့်တော့။

ဒေါ်ခင်စိုးဝင်း ။ ။ စကား အပြောကတော့ အကုန်လုံးကတော့ စေတနာမှန်တဲ့ ပုံစံရှိပါတယ်။ ဒါပေမယ့်လိုပဲ ကျမပြောရမှာကတော့ သူတို့တကယ်တမ်း ငြိမ်းချမ်းရေး ရချင်တယ်ဆိုရင် နှစ်ဘက်စလုံး ငြိမ်းချမ်းရေး ရချင်တယ် ဆိုလို့ရှိရင် နှစ်ဘက်စလုံး အပစ်အခက် ရပ်စဲလိုက်ကြမယ်။ တကယ်ပဲ စေတနာမှန်မှန်နှင့် နှစ်ဖက်စလုံးက ဒီငြိမ်းချမ်းရေးရဖို့အတွက်ကို လုပ်ကြမယ်ဆိုတဲ့ Political Will ရှိတယ်ဆိုလို့ရှိရင် ငြိမ်းချမ်းရေးရမှာပါ။ အခုထက်ထိ မရသေးဘူးဆိုတာကိုပဲ ကြည့်ချင်းအားဖြင့် ကျမ ဘယ်လိုအကဲခတ်နိုင်သလဲဆိုတာ ဦးကျော်ဇံသာ သိမှာပါလေ။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးက အရေးကြီးဆုံးဖြစ်တဲ့ စီးပွားရေးကိစ္စပါ။ ပြည်သူတွေရဲ့ လူနေမှုဘဝ၊ လူနေမှုအဆင့်အတန်း ဘယ်လောက ်ပြောင်းလဲတိုးတက်လာပါသလဲ။ ဟိုအရင်တုန်းကနှင့်စာရင်။

ဒေါ်ခင်စိုးဝင်း ။ ။ အရင်တုန်းကနှင့်စာရင်တော့ ကျမ တော်တော်လေး ပြောင်းလဲတိုးတက်လာတယ်လို့ပဲ ပြောရမှာပေါ့။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ ဦးပိုင်နှင့် လက်တစ်ဆုပ်စာ Cronies တွေကပဲ ကြီးစိုးထားတာကို မျက်မြင်တွေ့ခဲ့ရပါတယ်။ အဲဒီတော့ ဒီလက်တစ်ဆုပ်စာ Cronies တွေရဲ့ စီးပွားရေး ချုပ်ကိုင်ထားမှုက ရန်ကုန်မြို့ ကွက်ကွက်လေးတစ်ခုတည်းပဲ စီးပွားရေး လှုပ်ရှားတိုးတက်နေတယ်လို့ပဲ ကျမမြင်ပါတယ်။ ရန်ကုန်မြို့တစ်မြို့မှာပဲ shopping center ကြီးတွေ ကားတွေကျပ်နေတာတွေ အများကြီးပေါ့ အဲဒါတွေ့ခဲ့ရတယ်။ နယ်တွေမှာကတော့ ကျိုးတိုးကျဲတဲပါ။ သိပ်ပြီးတော့ မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ ထူးထူးခြားခြား ပြောင်းလဲသလားလို့မေးရင် မန္တလေးနှင့် ရန်ကုန်ကလွဲလို့ ရှိရင်ပေါ့လေ ကျန်တဲ့ဒေသတွေကတော့ သိပ်ပြီးတိုးတက်လာတာ မတွေ့ရဘူးလို့ ကျမတော့ သုံးသပ်လို့ရပါတယ်။ အခြေခံအဆောက်အအုံတွေပေါ့။ လမ်းပန်းဆက်သွယ်ရေး ဘာညာကတော့ အရင်ကထက်စာရင် အများကြီး တိုးတက်လာပါတယ်။

ဦးကျော်ဇံသာ ။ ။ ဝန်ထမ်းတွေ အောက်ခြေဝန်ထမ်းတွေ သူတို့ဝင်ငွေနှင့် ထွက်ငွေကာမိပါရဲ့လား။ မိသားစုစားဖို့ လုံလောက်တဲ့ ဝင်ငွေမျိုး သူတို့ ရရှိနေကြပါသလား။ သို့မဟုတ် တခြားနည်းနှင့် မသမာတဲ့နည်း အကြံအဖန် ဖြစ်တဲ့နည်းနှင့် ရှာဖွေစားသောက်နေရသေးတာ ရှိပါသေးလား။

ဒေါ်ခင်စိုးဝင်း ။ ။ သိပ်ရှိတာပေါ့ ဦးကျော်ဇံသာ။ ကျမ ဗီဇာသက်တမ်းတိုးဖို့ ဆိုပြီး လူဝန်မှုကြီးကြပ်ရေးဌာနကို သွားပါတယ်။ သွားတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီနေရာက လစာတိုးတဲ့နေ့ ဖြစ်နေတယ်။ လစာတိုးတက်နေ့ဆိုတော့ ကျမကလည်း ဘာရယ်မဟုတ်ဘူး စပ်စုတဲ့အနေနှင့် ဝန်ထမ်းတွေ လစာတိုးတယ်ဆိုတော့ ပျော်နေကြမှာပေါ့နော် ဆိုတော့ ဝန်ထမ်းအားလုံးက လစလေးကတိုးတာ နည်းနည်းလေးပါတဲ့ ကုန်ဈေးနှုန်းကလည်း လိုက်တက်ပါတယ်။အခုဟာက လာဘ်ပေးတဲ့စနစ်ပေါ့။ စားပွဲအောက်က ပိုက်ဆံပေးတဲ့ဟာတွေလည်း လုပ်လို့မရသလောက် ဖြစ်နေတဲ့အခါကြတော့ သူတို့မှာ ဝင်ငွေကလည်း အရမ်းလျော့နေတဲ့ ပုံစံဖြစ်ပါတယ်။ လစာတိုးတာလည်း သူတို့ သိပ်ပြီးတော့ ပျော်ပျော်ရွှင်ရွင် မရှိကြပါဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ လာဘ်ပေးလာဘ်ယူကော နည်းနည်း ပပျောက်သွားပြီဆိုတဲ့ သဘောလား။

ဒေါ်ခင်စိုးဝင်း ။ ။ လာဘ်ပေးလာဘ်ယူကတော့ တော်တော်လေး ပျောက်သွားပြီလို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လာဘ်ယူမယ့်လူက ဒီလူက နောက်ကြောင်းကို ပြန်လှည့်မယ့် လူတစ်ယောက်ဆိုပြီးတော့ လက်ညိုးအထိုးခံရမှာကြောက်တယ်။ ကြောက်တဲ့အခါကြတော့ နည်းနည်းလေး အရင်ကလိုမျိုး လက်ရဲဇတ်ရဲယူတာမျိုးတော့ မရှိတော့ဘူးလေ။ အရင်ကဆိုရင်တော့ ဗြောင်ယူကြတာပေါ့။ အခုတော့ အဲဒီလိုမျိုး ဗြောင်ယူတဲ့သဘောတော့ သိပ်ပြီး မရှိတော့ပါဘူး။ နောက်ပြီးတော့ ဥပမာဆိုလို့ရှိရင် နိုင်ငံကူးလက်မှတ်ကိစ္စတွေ ဖြေလျှော့ပေးခဲ့တာ၊ D Form တို့ ဘာတို့ မရှိတော့တာတွေ အကုန်လုံးက တော်တော်လေး တိုးတက်တယ်လို့ ပြောင်းလဲတယ်လို့ ပြောရမယ်။ ဒါပေမယ့် အရင်ကတည်းကိုက အဲဒါတွေက မရှိသင့်တဲ့ ဥစ္စာတွေကို အခု ဖြုတ်ပေးလိုက်တယ်ဆိုတော့လည်း ပြောရမှာကတော့ နိုင်ငံရေးအကျဉ်းသားတွေလို့ပေါ့ အရင်ကတည်းက နိုင်ငံရေးအကျဉ်းသားဆိုတာ မဖမ်းခဲ့ဘဲနှင့် လွတ်ပေးလိုက်တော့ ကျေးဇူးတင်ပါတယ်လို့ ပြောရမလိုမျိုး အဖြစ်မျိုးဖြစ်နေတာပေါ့။
XS
SM
MD
LG