သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အပြောင်းအလဲ VOA သတင်းထောက် ဒီလိုမြင်


VOA သတင်းထောက် ကိုကျော်ကျော်သိန်း
VOA သတင်းထောက် ကိုကျော်ကျော်သိန်း
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်း မြန်မာနိုင်ငံမှာ (၃) လကျော် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း မြန်မာနိုင်ငံအတွင်း မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတွေအကြောင်းကို ဦးကျော်ဇံသာနဲ့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ကျနော်မေးချင်တာက မျက်စိအမြင်အားဖြင့် မြန်မာနိုင်ငံဟာ ဘယ်လောက်အထိ တိုးတက်သွားသလဲဆိုတာကို အပေါ်ယံအမြင်ကို ပြောပါအုံး။
ကိုကျော်ကျော်သိန်း ။ ။ ကျနော် မနှစ် ၂၀၁၂ ခုနှစ် ကြာဖြတ်ရွေးကောက်ပွဲကာလက (၅) ရက် ရွေးကောက်ပွဲသတင်းယူဖို့ ရောက်ခဲ့တယ်။ တနှစ်အကြာ ၂၀၁၃ မှာ ပြန်ရောက်တော့ တနှစ်အတွင်း မျက်စိအမြင်အရ အပြောင်းအလဲကို ပြောရမယ်ဆိုရင် ကျနော့်မျက်စိထဲမှာ အသိသာဆုံး အပြောင်းအလဲကတော့ လမ်းပေါ်က ကားတွေလို့ ပြောရမှာပဲ။ လွန်ခဲ့တဲ့ တနှစ်တုန်းက လမ်းပေါ်မှာ ကားအဟောင်းတွေ တော်တော်များတယ်။ ကားတွေကထွက်တဲ့ မီးခိုးတွေနဲ့ အနံတွေအတော်ရတယ်။ အငှားကား တက္ကစီ ငှားစီတယ်ဆိုရင် တံခါးဆွဲလိုက်လို့ ပြုတ်ထွက်သွားမှာကို စိုးရိမ်နေရတယ်။ ကားတစီးလုံးက လှုပ်ခါနေတယ်။ ဒီနှစ်ကြာတော့ လမ်းပေါ်မှာ အငှားကားတွေကလည်း အသစ်ပေါ့ မြန်မာပြည်အနေအထားနဲ့ အသစ်ကားတွေ များလာတယ်။ တခြား ကိုယ်ပိုင်ကား အသစ်အသစ်တွေလည်း များလာတယ်။ အဲဒါကတော့ အဓိက အထင်ရှားဆုံး တနှစ်အတွင်း အပြောင်းအလဲလို့ ပြောရမှာပဲ။ ကျန်တာကတော့ လမ်းတွေ ပိုပြီးတော့ ကောင်းလာတာကို တွေ့ပါတယ်။ နောက် တံတားအသစ်တွေ၊ ဂုံးကျော်တံတားအသစ်တွေ ဆောက်နေတာ တွေ့တယ်။ အဆောက်အဦးအသစ်တွေ အပြိုင်အရိုင်း၊ ဟိုတယ်လ်အသစ်တွေ အပြိုင်အရိုင်း ပြီးသွားတာတွေ၊ ဆောက်နေတာတွေကလည်း မနှစ်ကထက် ပိုများလာတာကို တွေ့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ စည်းကမ်းပိုင်းအနေနဲ့ ကားမောင်းတဲ့လူတွေ၊ လမ်းဖြတ်တဲ့လူတွေရဲ့ စည်းကမ်းက တိုးတက်လာသလား။
ကိုကျော်ကျော်သိန်း ။ ။ ကျနော် ကင်းကွာခဲ့တဲ့ (၁၁) နှစ်ကာလအတွင်း (၁၁) နှစ်ကျော်ရဲ့ ဟိုဘက်တုန်းကနဲ့ ဒီကနေ့နဲ့တော့ အတော်ကွာတယ် ပြောရမယ်။ လူတွေကို မြင်းကျားကနေ ကူးပါဆိုပြီး ပညာပေးတယ်။ လူတွေကလည်း မြင်းကျားကနေ ကူးတယ့်လူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ မော်တော်ကားတွေကြတော့ မြင်းကျားက ကူးတယ့်လူတွေကို လူကိုလူလို အသိအမှတ်ပြုပြီးတော့ ဦးစားပေးရမယ်ဆိုတဲ့ အသိပညာပေးမှုက မရှိသေးဘူးထင်တယ်။ ဆိုတော့ မြင်းကျားက လူကူးနေတဲ့ မော်တော်ကားက ဟွန်းတီးပြီးလာတယ်။ ဒါ့အပြင် ရှေ့မီးကြီးကို ရဲနေအောင်ဖွင့်ပြီးတော့ လူကို အတင်းမကူးကူးအောင် တွန်းပို့ပြီးတော့ လူက ကားကိုရှောင်ပြီးတော့ သွားရတယ်။ ကျနော့် အတွေးထဲမှာတော့ တနေ့တနေ့ ရန်ကုန်မြို့မှာ လမ်းပေါ်သွားနေရတဲ့ လူတွေက အသက်စွန့်၊ အသက်လုသွားနေရတယ်လို့ ခံစားရတယ်။ လမ်းစည်းကမ်းနဲ့ ပြောရင်၊ ယာဉ်စည်းကမ်းနဲ့ပြောရင် လက်ရှိအခြေအနေက မြန်မာနိုင်ငံဟာ zero လို့ပဲ ပြောချင်တယ်။
ဦးကျော်ဇံသာ ။ ။ သတင်းထောက်တယောက်အနေနဲ့ သတင်းယူရတာ၊ ဘယ်လောက် လွတ်လွတ်လပ်လပ် ရှိပြီလို့ ခံစားခဲ့ရပါသလဲ။ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတခုမှာ သတင်းလိုက်နေရတယ်ဆိုတဲ့ ခံစားမှုမျိုး ရရှိခဲ့ပါသလား။
ကိုကျော်ကျော်သိန်း ။ ။ ရပါတယ်။ ယေဘုယျအားဖြင့်ပြောရင် အဲဒီ ခံစားမှုမျိုး ရပါတယ်။ တခုပဲ အကြီးမားဆုံးရှိနေတဲ့ စိမ်ခေါ်မှုက access of information အစိုးရတာဝန်ရှိသူတွေဆီကနေ သတင်းတွေကို လွတ်လွတ်လပ်လပ် အလွယ်တကူ၊ အများပြည်သူကို တင်ပြနိုင်အောင် ရယူနိုင်ခွင့်။ အဲဒီအပိုင်းမှာ အကန့်အသတ် အတားအဆီးတွေ အများကြီးရှိတယ်။ တခါတရံကြရင် အစိုးရတာဝန်ရှိသူတွေကို ကျနော်တို့ မေးဖို့မြန်းဖို့ရာမှာ အလွယ်တကူ ဆက်သွယ်လို့မရတာ၊ မေးလို့မရတဲ့ အခြေအနေမျိုးတွေက နေရာဌာနပေါင်းစုံမှာ တွေ့ရတယ်။ ဒါ့အပြင် ပိုပြီးတော့ မသက်မသာ ဖြစ်စရာကောင်းတာက ဆွေးနွေပွဲကြီးလုပ်တယ်၊ workshop, seminar လုပ်တယ် စသည်အားဖြင့် အဲဒီအပေါ်မှာ အစိုးရတာဝန်ရှိသူတွေက စင်ပေါ်တက်ပြီး တင်ပြဆွေးနွေးကြတယ်။ အဲဒီ အစိုးရတာဝန်ရှိသူက တင်ပြဆွေးနွေးချက်ပြီးတဲ့အခါ ကျနော်ချဉ်းကပ်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး on camera လုပ်ချင်ပါတယ်ဆိုတော့ အဲဒီ တာဝန်ရှိသူတွေက ကျနော် (၃) ကြိမ်လောက် ကြုံခဲ့ပါတယ်။ ငြင်းပါတယ်။ ကျနော်တို့ မလုပ်ရပါစေနဲ့ ကျနော်တို့ အစိုးရဝန်ထမ်းတွေပါ။ ဒီပွဲမှာ ဒီလိုလာပြောပါဆိုလို့ ကျနော်တို့က လာပြောတာပါ စသည်ဖြင့် အဆင့်မြင့်တဲ့ တာဝန်ရှိသူတယောက်နဲ့လည်း တွေ့ဆုံမေးမြန်းခွင့်ရဖို့ ချဉ်းကပ်တယ်။ ကျနော် လိုချင်တဲ့ အချက်အလက်တွေအားလုံးပေးပါမယ်။ on the record - on camera တော့ မလုပ်ရပါစေနဲ့လို့ ငြင်းတာရှိတယ်။ ဆိုတော့ သတင်းလိုက်ရတဲ့အပိုင်းမှာ လွတ်လွတ်လပ်လပ်၊ ဘာအတားအဆီး အနှောက်အယှက်မရှိပါဘူး။ ဒါပေမဲ့ တာဝန်ရှိသူတွေဆီကနေ တရားဝင် သတင်းရယူနိုင်ဖို့ နေရာမှာတော့ တကယ်ကို စိမ်ခေါ်မှုက ကြီးကြီးမားမား ရှိနေတုန်းပါ။
ဦးကျော်ဇံသာ ။ ။ သတင်းထုတ်ပြန်ရေးအဖွဲ့ဆိုတာကလည်း သူတို့ဘက်က ပြောချင်တဲ့ သတင်းအချက်အလက်ဆိုရင်တော့ ချက်ချင်းထုတ်ပြောတယ်။ ဒါပေမဲ့ သူတို့ကို ထဲထဲဝင်ဝင် သိချင်လို့ မေးတယ်ဆိုရင် သူတို့သိပ်ပြီးတော့ ... နိုင်ငံရေးနည်းနည်း ကြည့်ကြအောင်ပါ။ ပထမတခုကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရမယ်၊ ၂၀၁၅ ကျရင် စစ်မှန်တဲ့ ရွေးကောက်ပွဲဖြစ်ပြီးတော့ အရပ်သားလုံးဝပီပြင်တဲ့ အစိုးရဖြစ်လာမယ်။ ပီပြင်တဲ့ အတိုက်အခံတွေ ရှိလာမယ်ဆိုတာကို မျှော်မှန်းနေကြပါတယ်။ အဲဒီအတွက် ဦးတည်လှုပ်ရှားနေတဲ့ နိုင်ငံရေးပိုင်းက ဘယ်လောက်တက်တက်ကြွကြွ လုပ်နေကြပါသလဲ။ ဒါတွေကို တွေ့ရပါသလား။
ကိုကျော်ကျော်သိန်း ။ ။ လုပ်တော့ လုပ်နေကြပါတယ်။ ဒါပေမဲ့ နယ်ပယ်ပေါင်းစုံက လူတော်တော်များများနဲ့ မေးမြန်းတဲ့အခါတိုင်းမှာ ဒီလိုမျိုး ဆက်တဲ့မေးခွန်းကို ထည့်ပြီးတော့ မေးလေ့ရှိပါတယ်။ ဆိုတော့ အဲဒီလူတွေ အများစုရဲ့ အမြင်ကတော့ တူကြတာ ဘာလဲဆိုတော့ ပြောင်းနေတယ်။ အကောင်းဘက်ကို ပြောင်းနေတယ်။ ဒါပေမဲ့ စိတ်ချလက်ချ နေရလောက်အောင် ဖြစ်နိုင်တဲ့ ပြင်ဆင်မှုမျိုးတွေလုပ်တာ အားနည်းနေသေးတယ်။ ၂၀၁၅ ဆိုရင် ကျနော် အခုပြန်လာတဲ့အချိန်အထိ ထိထိရောက်ရောက် ပြင်ဆင်နေတာမျိုး ပေါ်ပေါ်ထင်ထင် မတွေ့ရသေးဘူး။ အတွင်းမှာ ကြိတ်လုပ်နေရင်တော့ ကျနော်တို့အနေနဲ့ မသိနိုင်ဘူးပေါ့။ သတင်းစာရှင်းလင်းပွဲတွေမှာ သတင်းထောက်တွေမေးတာ ကြုံခဲ့ရဘူးပါတယ်။ ဘာတွေပြင်ထားပြီးပြီလဲလို့ မေးတဲ့အခါ ပြင်ဖို့လုပ်နေတုန်းဆိုတဲ့ အဖြေမျိုးတွေ ကြားခဲ့ရတာ တွေ့ပါတယ်။ ဆိုတော့ သက်ဆိုင်တဲ့လူတွေအနေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေအနေနဲ့ ၂၀၁၅ အတွက် ဘယ်လောက်အထိ ပြင်ဆင်နေကြပြီလဲဆိုတာတော့ တိတိကျကျ မတွေ့ရသေးပါဘူး။ ရှင်းရှင်းလင်းလင်း၊ ထင်ထင်သာသာ တွေ့ရတဲ့အခြေအနေမှာ မရှိသေးဘူး။
ဦးကျော်ဇံသာ ။ ။ အဲဒီနောက်ပိုင်းမှာ စစ်တပ်က နောက်ဆုတ်မလား။ သို့နည်းမဟုတ် အခုလက်ရှိပုံစံမျိုး စနစ်ဟောင်းနဲ့ ဆက်စပ်နေတဲ့ လူတွေပဲ ကြီးစိုးနေမလားဆိုတာကို ပြတ်ပြတ်သားသား ပြောနိုင်တဲ့ အခြေအနေ မရှိသေးဘူးပေါ့။
ကိုကျော်ကျော်သိန်း ။ ။ မရှိသေးပါဘူး။ ဒါပေမဲ့ နှစ်ဘက် ပြင်ဆင်တာထက် နှစ်ဘက်က ဒီအပေါ်မှာ ချဉ်းကပ်နေကြတဲ့ အရိပ်အရောင်မျိုးတွေတော့ တွေ့နေရတယ်။ စနစ်ဟောင်းက လူတွေပဲ ကြီးစိုးမလား။ စစ်တပ်က နောက်ဆုံးမလား။ နောက်ထပ်အင်အားစုတွေကို ဘယ်လောက်အထိ နေရာပေးတဲ့ အခင်းအကျင်းမျိုး ဖြစ်လာမလဲဆိုရာမှာ နှစ်ဘက်ခြေလှမ်းတွေတော့ ရိုးတိုးရိပ်တိပ် တွေ့ရတာမျိုးတော့ရှိတယ်။ ဒါပေမဲ့ အခုလက်ရှိ အခြေအနေအထိမှာ စစ်တပ်က သိသိသာသာကြီး နောက်ဆုတ်မယ့် အနေအထားမျိုး၊ လက်ရှိအာဏာရထားတဲ့ အစုကနေပြီးတော့ သိသိသာသာကြီး အာဏာကို ဖြေလျှော့ပေးလိုက်မယ့် အနေအထားမျိုးတော့ ကျနော်ကိုယ်တိုင်တော့ မတွေ့ရဘူး။
ဦးကျော်ဇံသာ ။ ။ အာဏာပိုင်တွေပြီးတော့ ပြည်သူလူထု - မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းအတွက် အဓိက စိမ်ခေါ်မှုဆိုပြီး ဒီကနေ့ ကြုံတွေ့လာရတာကတော့ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေ ဖြစ်ပါတယ်။ အဲဒီဟာနဲ့ ပတ်သက်လို့ ပထမဦးဆုံး လူတွေရဲ့ သဘောထား။ လူတွေဟာ ဘယ်လောက်အထိ တဖတ်နဲ့တဖတ် အပြန်အလှန် နားလည်းမှုရှိပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့အတူ ဟိုတုန်းကလို နေထိုင်ကြတဲ့ဆီကို ပြန်သွားနိုင်မယ့် အလားအလာကို တွေ့ပါသလား။ ဒီအန္တရာယ်က ဘယ်လောက်အထိ ခြိမ်းခြောက်နေသလဲ။
ကိုကျော်ကျော်သိန်း ။ ။ ဒီအန္တရာယ်က သိပ်ကိုကြီးမားတဲ့ ခြိမ်းခြောက်မှုဆိုတာကို ကျနော် တွေ့ဆုံမေးမြန်းဖူးသမျှ လေ့လာသူတွေ၊ နိုင်ငံတကာအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ၊ နောက်ဆုံးအဆင့် ကုလသမဂ္ဂ တာဝန်ရှိသူတွေကိုယ်တိုင်က ဒီအန္တရာယ်နဲ့ ပတ်သက်လို့ အကြီးအကျယ် သတိပေးပြောတာကို တွေ့ရတယ်။ အခုနတုန်းက လူမှု့အဝင်အဝိုင်းတွေကြားမှာ ပြန်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ဖို့ဆိုတဲ့နေရာမှာ အင်မတန် စိတ်ဝင်စားဖို့ကောင်းတာက ဘာလဲဆိုတော့ အခုလက်ရှိဖြစ်တဲ့ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေ။ ဒီပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့ အမြင်တွေ ချဉ်းကပ်ပုံတွေက မြန်မာနိုင်ငံအတွင်းမှာ ရှိနေတဲ့ လူတွေနဲ့ မြန်မာပြည်ပြင်ပကနေပြီးတော့ မြန်မာနိုင်ငံအတွင်းကို ရောက်သွားတဲ့ တချိန်က မြန်မာနိုင်ငံသားတွေကြားမှာ အတော်ကို ကွဲတဲ့အမြင်မျိုးရှိတာကို တွေ့ရတယ်။ မြန်မာနိုင်ငံအတွင်းမှာ ရှိနေတဲ့လူတွေက လက်ရှိပဋိပက္ခတွေမှာ ချဉ်းကပ်တဲ့ဟာက နိုင်ငံတကာက ချဉ်းကပ်တာမျိုးနဲ့ လုံးဝဆန့်ကျင်တယ်။ သူတို့အနေနဲ့ အခုဆိုရင် ပြတ်ပြတ်သားသား တချို့နေရာတွေမှာ ပြောတာက ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ဖို့ အတော်ခဲယဉ်းသွားပြီ။ အတူယှဉ်တွဲ နေထိုင်ဖို့ အတော်ခဲယဉ်းသွားပြီ။ နေဖို့ဆိုရင်တော့ အချိန်အများကြီး ကြာလိမ့်မယ်။ သူတို့က နိုင်ငံတကာက ပြောနေတဲ့ မြန်မာနိုင်ငံ ပြင်ပကနေ မြန်မာနိုင်ငံအတွင်း ဝင်သွားတဲ့ လူတွေပြောနေကြတဲ့ လူ့အခွင့်အရေးတို့၊ နိုင်ငံတကာအလယ်မှာ လူမျိုးဂုဏ်သိက္ခာ၊ တိုင်းပြည်ဂုဏ်သိက္ခာ မကျစေဖို့ ဆိုတာတွေက သူတို့ရဲ့ ထိပ်တန်းစဉ်းစားမှုတွေမှာ မပါဘူး။ သူတို့ ဦးစားပေး စဉ်းစားတာက ကိုယ့်ရဲ့ လူမျိုးရေး၊ ကိုယ့်နိုင်ငံ၊ ကိုယ်ဘာသာ အမျိုးသာသနာ။ အဲဒီလိုဟာမျိုးကို အဓိက ဦးစားပေး စဉ်းစားကြတယ်။ စဉ်းစားတော့ အင်မတန် စိတ်ဝင်စားဖွယ်ကောင်းအောင် တွေ့ရတဲ့အချက်ကတော့ နိုင်ငံတကာက အထူးသဖြင့် တာဝန်ရှိသူတွေ သတိပေးနေသလိုမျိုးပဲ စိုးရိမ်စရာကောင်းတဲ့ အခြေအနေကို ပြည်တွင်းရဲ့ လူတွေရဲ့ တုံ့ပြန်ချက်မှာ သွားပြီးတော့ ရောင်ပြန်ဟပ်နေတယ်။
ဦးကျော်ဇံသာ ။ ။ အစဉ်အလာ အမျိုးသားရေးဝါဒကို စွဲကိုင်ထားတယ်ဆိုတော့ အခု (၂၁) ရာစု နိုင်ငံတကာမြင်လာတဲ့ civic nationalism နိုင်ငံသားကို အခြေခံတဲ့ အမျိုးသားရေးဝါဒနဲ့ ခေတ်မီတိုးတက်အောင် သွားနိုင်တဲ့ လမ်းကြောင်းတော့ မတွေ့နိုင်ဘူးဆိုတဲ့ သဘောပေါ့။
ကိုကျော်ကျော်သိန်း ။ ။ အဲဒီလို အခြေအနေမျိုး ရောက်ဖို့ကို တော်တော်သွားရလိမ့်မယ်လို့ ကျနော်ထင်တယ်။ အခုလက်ရှိ အခြေအနေမှာတော့ အဲဒီလောက်အထိ မရှိဘူး။ ကျနော်ကို တချို့က ဘယ်လောက်အထိ ပြောသလဲဆိုရင် မြန်မာနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို နိုင်ငံတကာ စံနှုန်းစံထားတွေနဲ့ ဥပမာ နောက်ဆုံး ကုလသမဂ္ဂကြေညာစာတမ်းလိုမျိုး နိုင်ငံတကာ ပဋိညာဉ်စာတမ်းတွေ၊ နိုင်ငံတကာရဲ့ သတ်မှတ်ချက်တွေနဲ့အညီ အကဲဖြတ်ဖို့။ အဲဒါတွေ သတ်မှတ်ချက်တွေနဲ့ လိုက်လုပ်ဖို့ မြန်မာနိုင်ငံ မဖြစ်နိုင်သေးဘူး။ သိပ်စောသေးတယ်။ မြန်မာနိုင်ငံ ကိုယ့်စံကိုယ့်အထွာ၊ ကိုယ့်ပေတံနဲ့ပဲ သွားရအုံးမယ် အဲဒီလောက်အထိ ပြောကြတယ်။
ဦးကျော်ဇံသာ ။ ။ နှစ်ပေါင်းများစွာ ပိတ်ခံနေခဲ့ရတော့လည်း နိုင်ငံတကာအမြင်၊ နိုင်ငံတကာအယူအဆ၊ နိုင်ငံတကာ ပညာရေးတွေ...
ကိုကျော်ကျော်သိန်း ။ ။ အဲဒီလို ပြောတဲ့အထဲမှာ အခုနလို ပညာတတ်တွေ၊ အတွေးအခေါ်ရှိသူတွေ၊ စာဖတ်သူတွေပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒါက လောလောဆယ်ပေါ်ပေါက်လာတဲ့ ပြဿနာစိမ်ခေါ်မှုပေါ့။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းအတိုင်း တိုးတက်ဖွံ့ဖြိုးရေးအတွက် အစဉ်အလာရှိလာတဲ့ တိုင်းရင်းသားလူမျိုးစု ပြဿနာပြေလည်ရေး၊ ငြိမ်းချမ်းရေးတို့၊ အပစ်အခတ် ရပ်စဲရေးတို့ အကြိမ်ကြိမ်ကြားနေရတယ်။ လက်တွေ့ကတော့ သေနတ်သံတွေလည်း ထွက်နေတုန်းပဲ။ အဲဒါဟာကော ဘယ်လိုဖြစ်နေသလဲ။ ဘယ်တော့များ ...
ကိုကျော်ကျော်သိန်း ။ ။ ကျနော် မြစ်ကြီးနားမှာ ကချင်လွတ်မြောက်ရေး KIA နဲ့ မြန်မာအစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ဆွေးနွေးပွဲကို ကျနော် တောက်လျှောက်သတင်းသွားယူခဲ့ရပါတယ်။ ဆိုတော့ အဲဒီမှာ ပြင်ပမှာ ကျနော် မေးမြန်းကြည့်တာတွေ ရှိပါတယ်။ ယေဘုယျ အားလုံးမှာရှိနေတဲ့ ခံစားချက်။ အားလုံးမှာရှိနေတဲ့ စိတ်အတွေး ခံစားချက်ကတော့ အပစ်အခတ်ရပ်စဲရေး ဖြစ်မယ်။ ငြိမ်းချမ်းရေးဖြစ်မယ်။ ဒါပေမဲ့ အဖုအထစ်လေးတွေ ရှိနေတယ်။ သံသယလေးတွေ ရှိနေတယ်။ အဲဒါလဲ နှစ်ပေါင်းများစွာ ဖြစ်လာတဲ့ သမိုင်းကြောင်းတွေလည်း ရှိမှာပေါ့။ တဖတ်နဲ့တဖတ် ရှိခဲ့တဲ့အနေအထားတွေ။ ဖြစ်တာတော့ဖြစ်မယ်။ သို့သော် အချိန်နည်းနည်း ယူရလိမ့်အုံးမယ်။ အဲဒါကြောင့်လည်း တဖတ်က အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးပြောတယ်။ သိပ်မကြာဘူး တဖတ်မှာပစ်တယ်။ နောက်တခုကလည်း ကျနော်ကိုယ်တိုင်မြင်တာက အဆင့်လိုက် တဖတ်မှာ အဆင့်အဆင့်အလိုက်မှာ သဘောထားတွေက ထပ်တူမကျဘူး။ အမြင်တွေက ထပ်တူမကျဘူး။ ချဉ်းကပ်ပုံ ထပ်တူမကျဘူး။ အပေါ်မှာတော့ သဘောတူတယ်။ အောက်ခြေမှာက သဘောတူညီချက်မရဘူး။ အဲဒီသဘောတူညီချက်က အောက်ခြေအထိ မရောက်ဘူး။ မရောက်တော့ အောက်ခြေမှာ ပစ်တာခတ်တာတွေ ရှိမှာပဲ။ အဲဒါကိုလဲ တခုကောင်းတာကတော့ အပေါ်အဆင့်မှာတော့ ဒီဟာတွေကို အသိအမှတ်ပြုတယ်။ ရှိနေလိမ့်မယ် ဒီလိုပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေလိမ့်အုံးမယ်။ ဒီမှာ သဘောတူညီချက်ရပြီသော်လည်း တနေ့မှာ နှစ်ဖက် နားလည်းမှုလွှဲပြီးတော့ ပစ်တာခိုက်တာတိုက်တာတွေ ရှိနေလိမ့်မယ်။ အဲဒါတွေကို လျှော့ချမယ်။ အဲဒါတွေကို အတတ်နိုင်ဆုံး ပြေလျော့အောင်လုပ်မယ်။ တခါ နောက်တပိုင်းကလဲ အားလုံးမှာ ယေဘုယျအားဖြင့် သဘောတူနေတယ်လို့ မြင်နိုင်တဲ့တချက်က ဒီလူမျိုးတိုင်းရင်းသားတွေ ပြဿနာတွေအကုန်လုံးကို နိုင်ငံရေးနဲ့ ဖြေရှင်းမှရမယ်ဆိုတဲ့ဟာကို ဟိုဘက်ကရော၊ ဒီဘက်ကရော လက်ခံလာတဲ့ပုံမျိုးတော့ရှိတယ်။ သို့သော် a long way to go အများကြီးသွားရလိမ့်မယ်လို့ ကျနော်ကိုယ်တိုင်ကတော့ အဲဒီလိုမြင်တယ်။

ဦးကျော်ဇံသာ ။ ။ ဒီကနေ့ ကမ္ဘာ့နိုင်ငံတွေမှာ ကြည့်မယ်ဆိုရင် လူမျိုးစုများစွာ စုစည်းနေထိုင်တဲ့ နိုင်ငံတွေဟာ တချို့က ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပြီးတော့ လာကြတယ်။ လူမျိုးစု အခွင့်အရေးတွေ၊ တန်တူညီတူ ပေးလာကြတယ်။ ဆိုတော့ ဒီလိုပေးသင့်တယ်ဆိုတဲ့ အယူအဆမျိုး ဗဟိုအာဏာပိုင်တွေဆီမှာ တကယ်ရှိနေကြပြီလား။
ကိုကျော်ကျော်သိန်း ။ ။ ဗဟိုအစိုးရအဆင့်မှာ အဲဒီလို ပေးသင့်တယ်ဆိုတာကို လက်ခံလာတဲ့ အဆင့်မြှင့်တာဝန်ရှိသူတွေ ရှိလာတယ်။ လူသိရှင်ကြား ထုတ်ဖော်မပြောတာလည်းရှိတယ်။ ဒါပေမဲ့ မသေချာတာက အဲဒါဟာ အခုနပြောသလို ဗဟိုအဆင့်တာဝန်ရှိသူတွေ အားလုံးကြားထဲမှာ တထပ်တည်းကျတဲ့ သဘောထားလား။ သို့မဟုတ် တယောက်နှစ်ယောက်ရဲ့ သဘောထားလား။ အဲဒါမသေချာဘူး။ ပိုပြီးတော့ အရေးကြီးတာက စစ်တပ်က သဘောတူရမယ်။ အဲဒီလို အရေးကြီးတဲ့ players တွေ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေသူတွေအားလုံး တထပ်တည်းကျတဲ့ကိစ္စလားဆိုတာကတော့ အခုအချိန်အထိ ရှင်းရှင်းလင်းလင်း မရှိသေးဘူး။
XS
SM
MD
LG