သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကွယ်ရာဘာသာ ကူးပြောင်းရတဲ့အကြောင်းတရားများ


Buddhist monks walk expecting alms as group of policemen(AP Photo/Gemunu Amarasinghe)
Buddhist monks walk expecting alms as group of policemen(AP Photo/Gemunu Amarasinghe)
ကိုးကွယ်တဲ့ဘာသာကူးပြောင်းမှု၊ လက်ထပ်ထိမ်းမြားမှု၊ တလင်တမယားစနစ် နဲ့ လူဦးရေးတိုးပွားမှုဆိုင်ရာ ဥပဒေမူကြမ်းတွေကို မကြာမီ ထုတ်ပြန်မယ်လို့ သိရပါတယ်။ ဒါကို "မျိုးစောင့်ဥပဒေ" အဖြစ် လူသိများပါတယ်။ ၁၉၅၄ "အထူးထိမ်းမြားမှု နှင့် အမွေဆက်ခံမှု အက်ဥပဒေ" ကို ပြင်ဆင်လိုက်ရင်ပြီးတဲ့ကိစ္စမို့ ရေးကြီးခွင့်ကျယ်လုပ်စရာ မလိုဘူးလို့ ယူဆသူတွေလည်း ရှိပါတယ်။ ဒီကိစ္စကို အမျိုးသမီး၊ တိုင်းရင်းသား၊ လူငယ်စတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း (၁၀၀) ကျော်က ကန့်ကွက်လိုက်ပြီး သမ္မတဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းတို့ကို တွေ့ဆုံလိုကြောင်း မေလ (၁၄) ရက်နေ့က တောင်းဆိုထားပါတယ်။

ကိုးကွယ်တဲ့ဘာသာ ပြောင်းကြတာ အကြောင်းရှိပါတယ်။ အကြောင်းမရှိဘဲ ဘာသာကူးပြောင်းမှာ မဟုတ်ပါဘူး။ မိမိနဲ့ ထိတွေ့နေတဲ့ ဘာသာဝင်အသိုင်းအဝိုင်းမှာ ပျော်မွေ့ပြီး သာယာသွားရာက ကိုးကွယ်တဲ့ ဘာသာပြောင်းကြတာ ရှိပါတယ်။ ဒီနည်းနဲ့ ကိုးကွယ်တဲ့ဘာသာ ပြောင်းသွားသူတွေ ဗြိတိန်နိုင်ငံမှာများပေမယ့် (၅၀) ရာခိုင်နှုန်းဟာ မကြာမီ မွတ်စလင်ဘာသာကို စွန့်လွှတ်ကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဆင်းရဲနွမ်းပါးပြီး ခိုးကိုးရာမဲ့ ဖြစ်နေတဲ့ဘဝကို ရိုးရာဘာသာယဉ်ကျေးမှုက မကူညီမထောက်ပံ့နိုင်တဲ့အခါမှာ မိမိကို ကယ်တင်နိုင်မယ်လို့ ယုံကြည်တဲ့ ဘာသာကို ကူးပြောင်းသွားကြတာများပါတယ်။

၁၉ ရာစုနှောင်းပိုင်းမှာ ချင်းဒေသကို ခရစ်ယာန်သာသနာပြုတွေ ရောက်လာတဲ့အခါ ကျန်းမာရေးနဲ့ ပညာရေး အကူအညီပေးပြီး ဘာသာရေးစည်းရုံးရေးဆင်းပါတယ်။ သာသနာပြုတွေရဲ့ ဆေးကုသမှုဟာ ချင်းရိုးရာနည်းထက် ပိုပြီးထိရောက်တာကြောင့် ခရစ်ယာန်ဘာသာဝင်ဦးရေ ချက်ချင်းတိုးပွားလာပါတယ်။ ၂၀ ရာစု အလယ်ပိုင်းလောက်ရောက်တဲ့အခါမှာ ချင်းတိုင်းရင်းသားအားလုံးလိုလို ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ကုန်ကြပါတယ်။ ခရစ်ယာန်သာသနာပြုတွေရဲ့ ကူညီအားပေးမှုကြောင့် စိုက်ပျိုးရေး၊ ကုန်သွယ်ရေး နဲ့ ပညာရေးတွေမှာ ချင်းတွေ စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။ ချင်းတိုင်းရင်းသားအကျိုးစီးပွားကို သာသနာပြုက မြှင့်တင်ပေးလို့ ချင်းတွေ ခရစ်ယာန်ဖြစ်လာပုံကို ချင်းပညာရှင် ဒေါက်တာဗွန်စွန်း ရေးသားပြီး (၁၉၈၆) က အိန္ဒိယမှာထုတ်ဝေတဲ့ ဇိုသမိုင်း (Zo History) စာအုပ်မှာ ဖော်ပြထားပါတယ်။

ချင်းခရစ်ယာန်ရွာတွေမှာ စိုက်ထားတဲ့ လက်ဝါးကပ်တိုင်တွေကို ၁၉၉၀ လောက်ကစပြီး စစ်အစိုးရတပ်တွေက ဖျက်ဆီးပစ်ပါတယ်။ နောက်တော့ စစ်တပ်နဲ့ တောင်တန်းဗုဒ္ဓသာသနာပြုအဖွဲ့ ပူးပေါင်းပြီး ချင်းပြည်နယ်မှာ ခရစ်ယာန်ဘာသာတရား မဟောကြားနိုင်အောင် အတင်းအဓမ္မ လုပ်ပါတယ်။ ချင်းရွာမှာ ဘုန်ကြီးကျောင်းဆောက်ပြီး သင်္ကန်းဝတ်ကို သီတင်းသုံးခိုင်းတာဟာ စစ်အစိုးရရဲ့ သာသနာပြုနည်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်လာသူကို အခွင့်ထူးခံစားခွင့်ပေးပါတယ်။ ဥပမာ ဗုဒ္ဓဘာသာဝင်ဆိုရင် စားကုန်ပစ္စည်းလျှော့ဈေးနဲ့ ဝယ်နိုင်ပြီး အဓမ္မလုပ်အားပေးစနစ်က ကင်းလွတ်ခွင့်ရပါတယ်။ အခုအထိ ခရစ်ယာန်ရွာတွေကို အစိုးရဝန်ထမ်းတွေက အနိုင်ကျင့်ဆဲ၊ ခြိမ်းခြောက်ဆဲဖြစ်တယ်လို့ မကြာမီက ထုတ်ပြန်တဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ သတင်းထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စိတ်ဓါတ်ကျနေတုန်း (သို့မဟုတ်) ဝမ်းနည်းကြေကွဲစရာ ဖြစ်နေတုန်းမှာ ကူညီတဲ့ ဓမ္မဆရာရဲ့ အယူဝါဒကို ကူးပြောင်းသွားတာမျိုးလည်း ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်တပ်ကို ခေတ်မီအောင်လုပ်သူအဖြစ် နာမည်ကြီးခဲ့တဲ့ ဗိုလ်ချုပ်မောင်မောင်ရဲ့ ဖြစ်ရပ်ဟာ လူသိများပါတယ်။ ပြည်တွင်းစစ် ပြင်းထန်တဲ့ ၁၉၅၁ မှာ ဒု-ဗိုလ်မှုးကြီးမောင်မောင် ကို ကရင်သူပုန်က ဖမ်းဆီးသွားပါတယ်။ ကရင်သူပုန်ရဲ့ အကျဉ်းသားဘဝမှာ မျှော်လင့်ချက်မရှိဖြစ်နေတုန်း ခရစ်ယာန် ကတ်သလစ်ဘုန်းကြီးတပါးက သမ္မာကျမ်းစာတွေ မကြာခဏ လာပေးပါတယ်တဲ့။ အစိုးရတပ်ရဲ့ အလင်းရောင်စစ်ဆင်ရေးကြောင့် ၁၉၅၁ ခုနှစ်၊ သြဂုတ်လမှာ လွတ်မြောက်လာတဲ့အခါမှာ ဒု-ဗိုလ်မှုးကြီးမောင်မောင် ဟာ ကတ်သလစ်ဘာသာဝင် ဖြစ်နေပါပြီ။ ကတ်သလစ်ဘုန်းကြီးလုပ်ဖို့ စိတ်ကူးနေတုန်း မိတ်ဆွေတွေ ဆွဲဆောင်လို့ တပ်ထဲပြန်ဝင်လာတာ ဖြစ်ပါတယ်။

ဒီအစဉ်အလာကြောင့် နာဂစ်လေဘေးဒုက္ခသည်တွေကို ခရစ်ယာန်တရားမဟောဖို့ စစ်အာဏာပိုင်တွေက ပိတ်ပင်ခဲ့တာ ဖြစ်ပုံရပါတယ်။ နေပြည်တော် တည်ဆောက်ရေးကို ဦးစားပေးပြီး ပြည်သူပြည်သားတွေရဲ့ အကျိုးစီးပွားကို လစ်လျှူရှုခဲ့လို့ ဆင်းရဲတွင်း နက်လာတာဟာ ဘာသာပြောင်းအောင် တွန်းအားပေးတဲ့ အခြေခံတခု ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ ကယ်တင်ရှင် မရှိပါဘူး။ ဗုဒ္ဓဘာသာမှာ ကိုးကွယ်ဆည်းကပ်တယ်ဆိုတာဟာ မိမိကိုယ်မိမိအားကိုးတဲ့ အလေ့အကျင့်ကို တည်ဆောက်တာ ဖြစ်ပါတယ်။ 'အတ္တသမ္မာ ပဏိတိစ ဧတံမင်္ဂလမုတ္တမံ' ဆိုတာကို ဗုဒ္ဓဘာသာဝင်တိုင်း ကြားဖူးကြပေမယ့် အနက်အဓိပ္ပါယ်ကို သဘောပေါက်သူ နည်းနေပုံရပါတယ်။

ဘယ်သူပြောတာကိုမှ မယုံဖို့ ထပ်ခါတလဲလဲကြားတာနဲ့ မယုံဖို့၊ အစဉ်အဆက်က ကြားဖူတာကို မယုံဖို့၊ ကိုယ်တိုင်လုပ်ကြည့်ပြီးမှ ဆုံးဖြတ်ဖို့ ဗုဒ္ဓရှင်တော် ဟောကြားခဲ့ပါတယ်။ ဒါပေမဲ့ ရာစုနှစ်တွေနဲ့ချီပြီး လွှမ်းခြုံလာတဲ့ အခွံအကာနဲ့ အယူသီးမှုတွေကြောင့် ဗုဒ္ဓဝါဒ အနှစ်သာရနဲ့ အလှမ်းဝေးနေသူတွေ ရှိပါတယ်။ ဓမ္မအစစ်အမှန်ကို နားလည်းသူဟာ ဘယ်ဘာသာကိုမှ ကူးပြောင်းမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ အခွံအကာမပါတဲ့ ဗုဒ္ဓဝါဒအနှစ်သာရကို နားလည်းသဘောပေါက်ဖို့ကိစ္စဟာ ဥပဒေပြဌာန်းဖို့ထက် အဆပေါင်းများစွာ ပိုပြီးအရေးကြီးကြောင်း တင်ပြလိုက်ရပါတယ်။
XS
SM
MD
LG