သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NGO တွေ တိုက်ခိုက်ခံရမှု မြန်မာဖြေရှင်းချက် ကုလကြိုဆို


မြန်မာအစိုးရရဲ့ စုံစမ်းရေးကော်မရှင်ကနေ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့လနှောင်းပိုင်းတုန်းက ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အကူညီပေးရေး အဖွဲ့အစည်းတွေရဲ့ ရုံးခန်းတွေ၊ နေအိမ်တွေ၊ အကြမ်းဖက် တိုက်ခိုက်ခံရမှုကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည် ရှင်းလင်းတင်ပြခဲ့မှုအပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်နဲ့ ပတ်သက်ပြီးတော့ မြန်မာအစိုးရက ဝေဖန်ပြစ်တင် ရှုံ့ချလိုက်ပြီးတော့၊ သမ္မတကိုယ်တိုင် ချက်ချင်းဆိုသလို ကော်မရှင်တရပ် ဖွဲ့စည်းပြီး စုံစမ်း စစ်ဆေးစေခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ သဘောရိုးနဲ့ မရည်ရွယ်ဘဲ ဖြစ်ပွားခဲ့ရတာကို တွေ့ရှိတဲ့အကြောင်း ထုတ်ပြန်ခဲ့တဲ့အပေါ် လူသားချင်းစာနာမှု အကူညီပေးရေး ဆောင်ရွက်နေသူတွေက အသိအမှတ်ပြုကြောင်း၊ နောက်ပြီး အစိုးရက အကြမ်းဖက် ဖြစ်ရပ်တွေမှာ ပါဝင်ကျူးလွန်သူတွေကို ဖော်ထုတ်ပြီး ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ပြောဆိုတဲ့အပေါ် ကြိုဆိုတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Stepphane Dujjaric က ပြောသွားတာပါ။

မတ်လ ၂၆ နဲ့ ၂၇ ရက်နေ့တွေတုန်းက စစ်တွေမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်ခံရမှုကိစ္စဟာ အဖွဲ့တဖွဲ့ကနေ မမှန်သတင်းဖြန့်ပြီး လှုံ့ဆော်ဆောင်ရွက်မှုတွေ ရှိခဲ့တယ်လို့ အစိုးရရဲ့ စုံစမ်းရေးကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။

စုံစမ်းရေးကော်မရှင် တာဝန်ရှိသူတွေဟာ သူတို့တွေ့ရှိချက် အစီရင်ခံစာနဲ့ ပတ်သက်လို့ ရန်ကုန်အခြေစိုက် သံတမန်တွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ခေါ်ယူရှင်းလင်းမှု လုပ်ခဲ့တာပါ။

ကုလသမဂ္ဂနဲ့ INGO အဖွဲ့တွေ ရခိုင်ပြည်နယ်အတွင်း ပုံမှန် ပြန်လည် အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် လုံခြုံရေး အပြည့်အ၀ အကာအကွယ်ပေးနိုင်အောင် အစိုးရက ညှိနှိုင်းဆောင်ရွက်သွားမယ်လို့လည်း ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားတာဟာ အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ အသိမှတ်ပြုတဲ့ အကြောင်းကိုလည်း ကုလအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက ပြောဆိုပါတယ်။
XS
SM
MD
LG