သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေးအကျဉ်းသား ၉၉ ဦးပါဝင်


လွတ်လာမည့်နိုင်ငံရေးအကျဉ်းသားများကို အင်းစိန်ထောင်ဗူးဝရှေ့မှာ စောင့်ဆိုင်းနေသည့် နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များ။
လွတ်လာမည့်နိုင်ငံရေးအကျဉ်းသားများကို အင်းစိန်ထောင်ဗူးဝရှေ့မှာ စောင့်ဆိုင်းနေသည့် နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များ။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က ကုလသမဂ္ဂအထွေထွေရုံးချုပ်မှာ ကျင်းပတဲ့ အထွေထွေညီလာခံကြီးကို တက်ရောက်ဖို့ မြန်မာသမ္မတဦးသိန်းစိန် အမေရိကန်ကို မကြာခင် လာရောက်ဖို့ ရှိနေချိန်မှာပဲ မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်တွေထဲကနေ အကျဉ်းသား ၅၁၄ ယောက်ကို သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ မနေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။ အခုလို ပြန်လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသား ၉၉ ဦး ပါဝင်တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ပြောပါတယ်။

အခုလို ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ဘယ်သူတွေပါသလဲ၊ အကျဉ်းထောင်တွင်း အခြေအနေတွေနဲ့ပတ်သက်လို့တော့ အကြောင်းစုံကို စုံစမ်းမေးမြန်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာအစိုးရက မနေ့က အကျဉ်းသား ၅၁၄ ဦးကို ပြန်လွှတ်လိုက်တဲ့အထဲမှာ နိုင်ငံခြားသား အကျဉ်းသားက ၄၀၀ နီးပါးလောက်ပါဝင်ပြီး အကျဉ်းထောင်အသီးသီးက ပြန်လွတ်လာသူတွေ ထဲမှာတော့ နိုင်ငံရေးအကျဉ်းသား ၉၉ ဦးပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က ကိုဘမျိုးသိန်းက ပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသားဟောင်းများစာရင်းဟာ ၉၉ ယောက် ရှိပါတယ်။ စစ်တွေက ၁၁ ယောက်၊ သံတွဲက ၂ ယောက်၊ စာရင်းကို အဲလို ထုတ်ပြန်ထားပါတယ်။”

၁၉၉၈၊ မေလမှာ မန္တလေးမြို့မ၊ ရုပ်ရှင်ရုံ ဗုံးပေါက်ကွဲမှုကို အကြောင်းပြပြီး ဖမ်းဆီးထိန်းသိမ်းခြင်း ခံရပြီး ပုဒ်မ ၁၂၄/က နဲ့ ထောင် နှစ်၂၀၊ ဖောက်ခွဲ (၅) နဲ့ ၁၄ နှစ်၊ ၁၇/၂ နဲ့ ၅ နှစ်၊ ၂၉/စနဲ့ ၃ နှစ်၊ အား လုံးေပေါင်း ၄၂ နှစ်ကျခံစေဆိုပြီး ထောင်ချခံရတဲ့ ဦးရွှေထူး (ခေါ်) ဦးအောင်ဇေယျကတော့ ထောင် ဒဏ် ၁၄ နှစ်နဲ့ ၅ လအကြာ မှာ တောင်ကြီးထောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်ကတည်းက နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးရွှေထူးက အကျဉ်းသားတွေ ပြန်လွှတ်ပေး လိုက်တာဟာာ နိုင်ငံရေးကစားကွက်တခုအဖြစ် ရှုမြင်တယ်လို့ ဆိုပါတယ်။

“ကျနော်က ကျေးဇူးတင်ထိုက်တယ်လို့ကို မထင်ဘူးဗျ။ ဘာလို့လဲဆို ကျနော်တို့ကို ဖမ်းကတည်း ကိုက နိုင်ငံရေးသမားတွေ၊ ကိုယ်ရသင့်ရထိုက်တဲ့ ဒီမိုကရေစီရေးအတွက် တောင်းဆိုတယ်၊ လှုပ်ရှားတယ်။ ဒါက ကျနော်တို့လုပ်ရမယ့် အလုပ်ပဲ၊ သူတို့ကလည်း ကျနော့်ကို နှိပ်ကွပ်တယ်၊ ဖမ်းဆီးတယ်၊ ထောင်ချတယ်၊ မမျှမတတွေ လုပ်တယ်။ ထောင်ထဲမှာ နှစ်ပေါင်းများစွာထည့်တယ်။ တချို့က ထောင်ထဲမှာ သေသွားတယ်။ မိသားစုဘဝတွေ ပျက်သွားတယ်။ အဲဒီလို အနေအထားမျိုးမှာ မှ သူတို့က ကျနော်တို့ကို မလွှတ်မဖြစ်တဲ့ အခြေအနေအတွင်း ရောက်လာတယ်။ ရောက်လာတော့ Political Bargain တွေ လုပ်တယ်။ အဲဒီအတွက် လွှတ်တာလို့ပဲ ကျနော်တို့ ယုံကြည်တယ်။”

အကျဉ်းထောင်ထဲမှာနေစဉ် စာဖတ်ခွင့်ရခဲ့တဲ့အတွက် အပြင်လောကနဲ့မကင်းကွာသလို မျက်ခြေပြတ်မှု မရှိခဲ့ကြောင်း၊ လက်ရှိ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း သူ့အနေနဲ့ သိပ်ထူးခြားမှု ရှိတယ်လို့ မမြင်သေးတဲ့အကြောင်း ဆက်ပြောပြပါတယ်။

“ဥပမာ- လယ်ယာမြေ အသိမ်းခံရတဲ့ကိစ္စတွေ၊ လယ်သမားတွေဘက်က တောင်းဆိုတယ်ဆိုတာ မှန်ကန်တဲ့တောင်းဆိုမှုတွေပဲ။ အခုလည်း လက်ပန်းတောင်းတောင် ဖြစ်နေတယ်။ ဒါက မှန်ကန်တဲ့တောင်းဆိုမှုတွေပဲ။ ပြောင်းလဲမှုဆိုတာ အပေါ်ယံက ပြောင်းနေပေမဲ့ အောက်ခြေက လူထုက ဒီပြောင်းလဲမှုရဲ့ အကျိုးတရားတွေကို လက်တွေ့ မခံစားရသေးဘူး။ ဒီနှစ်တွေအတွင်း အကျဉ်းထောင်တွေထဲမှာ၊ တောတွေထဲမှာ ဖြတ်သန်းခဲ့တဲ့လူတွေအဖို့ကတော့ တကယ် ပြောင်း လား၊ မပြောင်းဘူးလားဆိုတာ မြင်နေတယ်ခင်ဗျ။ အဓိက-ကတော့ ကျနော်တို့နိုင်ငံမှာ တရားဥပဒေ မစိုးမိုးခဲ့တာ ကြာလှပြီ။ တရားဥပဒေစိုးမိုးမှုရှိတယ်ဆိုရင်တော့ အမှန်တကယ် ပြောင်းလဲတယ် လို့ ပြောလို့ရပါတယ်။ ဒီ တရားဥပဒေမစိုးမိုးဘူး ဆိုတဲ့ ကိစ္စကြီးကလည်း ဒေါ်အောင်ဆန်းစုကြည် လက်ထဲ ရောက်လာပြီ။ သူ ဘယ်လို လုပ်မလဲ၊ ကျနော်တို့ ကြည့်ရတာပေါ့။”

ဦးရွှေထူးလိုပဲ ပဲခူးထောင်က ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဇင်မင်းအောင် ကလည်း ခေတ်စံနစ် အခြေအနေအရ နိုင်ငံရေး အကျဉ်းသားတွေ မရှိသင့်တော့တာကြောင့် ပြန် လွှတ်ပေးခဲ့ရတယ်လို့ ယူဆကြောင်းပြောပါတယ်။

“ခေတ်စံနစ်အရ လွှတ်သင့် လွှတ်ထိုက်တဲ့အရာကို လုပ်တာပေါ့နော်။ ဒီခေတ်မှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကျဉ်းသားဆိုတာဟာ ထောင်တွေမှာ မရှိသင့်တော့ဘူးလေ။ ဒီမိုကရေစီစံနစ်ကို သွားနေတဲ့အချိန်မှာ ဒီမိုကရေစီရေးအတွက် ဖော်ဆောင်မယ့် တိုက်ပွဲဝင် နိုင်ငံရေး လှုပ်ရှားဆောင်ရွက်မှုကြောင့် အကျဉ်းကျခံနေရတယ်ဆိုတာ မရှိသင့်တော့ပါဘူး။ အမြန်ဆုံး ပြန်လွှတ်ပေးသင့်ပါတယ်။”

အကျဉ်းထောင်တွေထဲမှာတော့ နိုင်ငံရေးသမားတွေနဲ့အတူ နေရတဲ့တခြားအမှုနဲ့ ထောင်ကျသူတွေဟာ နေရာထိုင်ခင်း ကျဉ်းကြပ်စွာ နေထိုင်ရတဲ့ အခက်အခဲရှိကြောင်းလည်း ဦးရွှေထူးက ပြောပြခဲ့ပါတယ်။

“မကောင်းတာက ဘာလဲဆိုတော့ အကျဉ်းသားနဲ့ ထောင်နဲ့ မမျှဘူး။ မမျှဘဲနဲ့ လူတစ်ယောက် ထားရမယ့်အဆောင်မှာ လူနှစ်ယောက် အဲဒီလို ပြွတ်သိပ်ထားတော့ သာမန်အကျဉ်းသားတွေဟာ သိပ်ဒုက္ခရောက်တယ်။ ကျနော်တို့ကတော့ အေးအေးဆေးဆေးနေရတာပါ။ အဲဒီတော့ ဒီအထဲက အကျဉ်းသားတွေကလည်း ကျနော်တို့ကို အားကိုးတကြီးနဲ့ ပြောရှာကြတာပေါ့ဗျာ။

လက်ရှိမှာတော့ ပြည်တွင်း နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကျန်နေသေးပြီး သူတို့ကိုလည်း ပြန်လွှတ်ပေးနိုင်ရေးအတွက် ဆက်လက် လုပ်ဆောင် သွားမယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ပြောဆိုခဲ့ပါတယ်။

နိုင်ငံခြားသား အကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့နှုန်းနဲ့စာရင် နိုင်ငံရေးအကျဉ်းသား လွှတ်ပေးတဲ့နှုန်း ဟာ နည်းပါးနေသေးတယ်လို့လည်း နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ထောက်ပြပြောဆို ပါတယ်။ သမ္မတဦးသိန်းစိန် တက်လာပြီးနောက်ပိုင်း ၆ ကြိမ်မြောက် လွတ်ငြိမ်း ချမ်သာခွင့်အရ အခုလို အကျဉ်းသာေးတွ ပြန်လွှတ်ပေးတာဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်နေ့မှာ အမေရိ ကန် ပြည်ထောင်စုမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ သမတ္တဦသိန်းစိန်းက မိန့်ခွန်းပြောဆိုမှာဖြစ်ပြီး ဒီအချိန် မတိုင်မီမှာပဲ အခုလို နိုင်ငံရေးအကျဉ်းသား တချို့ ပြန်လွှတ်ပေး ခဲ့တာနဲ့လည်း တိုက်ဆိုင်နေပါတယ်ရှင်။
XS
SM
MD
LG