သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီအပေါ် ဝေဖန်ချက် ဒေါ်စု ကာကွယ် ပြောဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ျချုပ် (၂၅) နှစ်ပြည့်အခမ်းအနား။ (စက်တင်ဘာလ ၂၇၊ ၂၀၁၃)
အမျိုးသားဒီမိုကရေစီအဖွဲ့ျချုပ် (၂၅) နှစ်ပြည့်အခမ်းအနား။ (စက်တင်ဘာလ ၂၇၊ ၂၀၁၃)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှာ အားနည်းချက်တွေ ရှိနေတယ်ဆိုပြီး ဝေဖန်ပြောဆိုတာတွေ ထွက်နေတဲ့အပေါ် ဒီကနေ့ကျင်းပတဲ့ ပါတီညီလာခံ အတွင်း ဒေါ်အောင်ဆန်းစုကြည်က ခုခံချေပခဲ့ပါတယ်။ အပြစ်အနာ အဆာဆိုတာ ဘယ်လို နိုင်ငံရေးပါတီတိုင်းမှာမဆို ရှိတတ်တာမို့ စိတ်ပျက်စရာ မလိုဘူးလို့ ညီလာခံတက်ရောက်လာတဲ့ ပါတီဝင်တွေကို ပြောခဲ့တာပါ။ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ တိုးတက်မှု အနည်းငယ် ရှိပေမယ့်လည်း ဒီမိုကရေစီ စံနှုန်း စံထားတွေနဲ့တော့ ကိုက်ညီခြင်း မရှိသေးဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အပြည့်အစုံကို ညီလာခံ ကျင်းပတဲ့နေရာဆီ ကိုယ်တိုင်သွားပြီး သတင်းယူခဲ့တဲ့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

NLD ပါတီ စတင်တည်ထောင်ခြင်း ၂၅ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ ပါတီဌာနချုပ်မှာ ဒီကနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ NLD ပါတီအတွင်း အားနည်းချက်ရှိနေတယ်ဆိုပြီး ပြင်ပက ထောက်ပြ ပြောဆိုနေကြတာတွေနဲ့ ပတ်သက်လို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားမှာ အခုလို တုံ့ပြန် ပြောဆိုသွားပါတယ်။

“ကျမတို့အထဲမှာဆိုလို့ရှိရင် ပြောကြတာပေါ့နော်- ပြောကြတာလည်း မှန်ပါလိမ့်မယ်၊ အခွင့်အရေးသမားတွေလည်း ပါပါတယ်။ ဖောက်ပြန်ရေး သမားတွေလည်း ပါပါတယ်။ အမျိုးမျိုးပါပဲ။ နိုင်ငံရေးပါတီတစ်ခုမှာ ဒီလိုရှိပါတယ်။ တချို့ကဆိုလို့ရှိရင် ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အပြစ်အနာအဆာတွေ၊ အားနည်းချက်တွေလို့ ဒီလို ထိုးပြကြပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံရေး ပါတီမဆို ဒီလို ရှိပါတယ်။ အင်မတန်မှ ရင့်ကျက်နေတဲ့ ဒီမိုကရေစီနိုင်ငံတွေရဲ့ နိုင်ငံရေးပါတီတွေအတွင်းမှာလည်း ဒီလို ပြဿနာတွေ ရှိတာဟာ မထူးဆန်းပါဘူး။ ဒါကြောင့် ကျမတို့အနေနဲ့ စိတ်ဓာတ်ကျစရာ မလိုဘူး။ ဒါပေမဲ့ ဆက်ပြီးတော့ ကြိုးစားသွားရမှာပဲ။ အမြင့်ဆုံး ဖြစ်စေချင်တယ်။ အကောင်းဆုံး ဖြစ်စေချင်တယ်။ ဆက်ပြီးတော့ ကြိုးစားပါ။”

အခုနှစ်အတွင်း အတိုင်းအတာတခုအထိ လွတ်လပ်မှုရှိလာပြီး ပါတီအနေနဲ့ လှုပ်ရှားမှုတွေ ပိုလုပ်လာနိုင်ပေမယ့်လည်း မြန်မာတနိုင်ငံလုံးအနေနဲ့ ဒီမိုကရေစီ စံနှုန်းစံညွန်းတွေနဲ့ ကိုက်ညီခြင်းမရှိသေးဘူးဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုသွားပါတယ်။

“အဖွဲ့ချုပ်ဟာ အခုနှစ်အတွင်းမှာ ပြည်လုံးပြည့်ညီလာခံများလုပ်နိုင်တဲ့အတွက် အရင်ထက်စာလို့ရှိရင် ပိုမိုပြီးတော့ ဒီမိုကရေစီဆန်တဲ့ ဒီမိုကရေစီ စံနှုန်း စံထားများနဲ့ ကိုက်ညီတဲ့အဖွဲ့အစည်းတစ်ခု ဖြစ်လာပါတယ်။ ကျမတို့နိုင်ငံကကော ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ ကိုက်ညီတဲ့နိုင်ငံတစ်ခု ဖြစ်လာပြီလားဆိုတော့ တိုးတက်မှု အနည်းငယ်ရှိသော်လည်း တကယ်တော့ ပြည့်ဝတဲ့ဒီမိုကရေစီနိုင်ငံမဟုတ်ဘူးဆိုတာကို ကျမတို့အားလုံး ဒါကို လက်ခံပြီးတော့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပြည့်ဝတဲ့ဒီမိုကရေစီနိုင်ငံ မဖြစ်တဲ့ အပြင် ကျမတို့ ပြည်သူလူထုရဲ့ဘဝဟာ တိုးတက်မှုရှိသလားဆိုတာကို သုံးသပ်တဲ့အခါကျရင်လည်း တကယ်တို့ တိုးတက်မှုမရှိသေးဘူးလို့ ဒီလိုပဲ ဝန်ခံရမှာပါ။”

NLD ပါတီဟာ ၁၉၈၈ ခုနှစ်က စတင်တည်ထောင်တဲ့အချိန်ကစလို့ ၂၅ နှစ်တာ ဖြတ်သန်းလာခဲ့တဲ့ သက်တမ်းတလျှောက် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အတွက် နိုင်ငံရေးပါတီတခုရဲ့ လုပ်ငန်းတွေကို ပြည့်ပြည့်၀၀ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

“ပါတီတစ်ခုအနေနဲ့ ကြည့်ရမယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အင်မတန်မှ ကြမ်းတမ်းတဲ့ခရီးတခုကို ဖြတ်သန်း ခဲ့ရတာပါ။ ၁၉၈၈ ခုနှစ် ကတည်းက တရားဝင်နိုင်ငံရေးပါတီတစ်ခုအနေနဲ့ မှတ်ပုံတင်ခဲ့ရတယ် ဆိုပေမဲ့လည်း ဒီ ၂၅ နှစ် အတွင်းမှာ တရားဝင်နိုင်ငံရေးပါတီ တစ်ခုရဲ့ လုပ်ပိုင်ခွင့်များ ပြည့်ပြည့်ဝဝရခဲ့တဲ့ အချိန်က အင်မတန်မှ နည်းခဲ့ပါတယ်။ အဲဒီလို နည်းပါးတဲ့အချိန်မှာပဲ ကျမတို့ရဲ့ အဖွဲ့ချုပ် ရှင်သန်ရေးအတွက်ကို ကြိုးစားရပါတယ်။ နိုင်ငံရေးပါတီတစ်ခုရဲ့လုပ်ငန်းများကို ပြည့်ပြည့်ဝဝ မလုပ်နိုင်သော်လည်း တတ်နိုင်သမျှ ကျမတို့ပါတီဝင်တွေရဲ့ အရည်အချင်းပြည့်ဖို့အတွက် ကျမတို့ ကြိုးစားခဲ့ပါတယ်။ ပါတီဝင်များဟာ အရည်အချင်းပြည့်မှသာလျှင် ကျမတို့ရဲ့နိုင်ငံကို အကျိုးပြုနိုင်မှာပါ။”

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းခဲ့ရကျိုးနပ်ပေမယ့် လုပ်ချင်တဲ့ လုပ်ငန်းအများအပြားကို လုပ်နိုင်ခဲ့ခြင်းမရှိတဲ့အတွက် စိတ်ထဲမှာ ကျေနပ်လောက်တဲ့အထိတော့ ဖြစ်မလာသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

NLD ပါတီကို ဖွဲ့စည်းရခြင်းရဲ့အကြောင်းရင်းဟာ နိုင်ငံကို အကျိုးပြုဖို့ ဖြစ်ပေမယ့် နိုင်ငံကို အကျိုးပြုသင့်သလောက် မပြုနိုင်ခဲ့ဘူးဆိုရင်တော့ ဖွဲ့ရကျိုး မနပ်ဘူးလို့ ပြောရမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒါကြောင့် တိုင်းပြည်ကို အကျိုးပြုနိုင်အောင် ပါတီဝင်တွေအနေနဲ့ အလုပ်ပိုလုပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုသွားပါတယ်။

တိုင်းရင်းသား အရေးကိစ္စနဲ့ ပတ်သက်လို့ ပြောရာမှာလည်း သူမနေနဲ့ တိုင်းရင်းသား လူမျိုးစုတခုထဲအတွက် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ ပြည်ထောင်စုတခုလုံး စည်းလုံး ညီညွတ်ဖို့အတွက် လုပ်ဆောင်နေခြင်းဖြစ်တယ် ဆိုတာကို ထည့်သွင်း ပြောဆိုသွားပါတယ်။

“ကျမ ဘယ်တိုင်းရင်းသားအုပ်စုကိုမှ ရွေးပြီးတော့ အထူး မပြောလိုပါဘူး။ အားလုံးဟာ ကျမတို့ရဲ့ ပြည်ထောင်စုသားတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်ထောင်စုသာယာဝပြောရေး၊ ပြည်ထောင်စု ညီညွတ်ရေး၊ ခိုင်မာရေး ဆိုတာဟာ အားလုံးအတွက်ဖြစ်ပါတယ်။ ဗမာတွေအတွက်တင်လည်း မဟုတ်ဘူး၊ ကရင်တွေအတွက်တင်လည်း မဟုတ်ဘူး၊ ကယားတွေ အတွက်တင်လည်း မဟုတ်ဘူး၊ အားလုံးအတွက်ပါ။ ရှိတဲ့တိုင်းရင်းသားများ အားလုံးအတွက် ဒီနိုင်ငံမှာနေတဲ့ ပြည်သူလူထုအားလုံးဟာ လုံခြုံမှုရှိရမယ်။ အေးချမ်းမှုရှိရမယ်။ ချမ်းသာမှုရှိရမယ်။ ဒီဟာကို ကျမတို့ ကြိုးစားသွားရမယ်။ ကြိုးစားသွားရမယ်ဆို ဒီနှစ်လည်းမဟုတ်ဘူး၊ နောက်နှစ်နဲ့လည်းမပြီးဘူး၊ ဒီနိုင်ငံတည်ရှိသရွေ့ ဆက်ပြီးတော့ ကြိုးစားသွားရမှာပါ။”

ဒီကနေ့ ကျင်းပတဲ့အခမ်းအနားကို NLD ပါတီ နာယက ဦးတင်ဦး၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားပါတီ ခေါင်းဆောင်တွေ၊ နိုင်ငံတကာ သံတမန်တွေ၊ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့အပြင် NLD ပါတီဝင်တွေနဲ့ စိတ်ဝင်စားသူ အများအပြား တက်ရောက်လာကြတာ ကိုတွေ့ရပါတယ်။

တက်ရောက်လာကြတဲ့ ဧည့်ပရိတ်သတ်တွေကများပြီး အခမ်းအနားကျင်းပတဲ့ နေရာက ကျဉ်းလွန်းပြီး နေရာ အခက်အခဲရှိတဲ့အတွက် ပါတီဝင်အဖြစ် အစဉ်တစိုက် ရပ်တည်လာခဲ့တဲ့ မစုစုနွေးလို့ အထင်ကရပုဂ္ဂိုလ်တွေတောင် အခမ်းအနားကျင်းပရာ ဌာနချုပ်ထဲကို ဝင်ခွင့်မရခဲ့ပါဘူး။
အပြင်မှာ လာရောက်အားပေးကြတဲ့ ပါတီဝင်တွေကလည်း ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးစတဲ့ ခေါင်းဆောင်တွေပြောတဲ့ စကားကို အပြင်ကနေ ကြားခွင့်မရတဲ့အတွက် ကြားအောင်လုပ်ပေးဖို့ အော်ဟစ် တောင်းဆိုတာမျိုးတွေ ရှိခဲ့ပါတယ်ခင်ဗျား။
XS
SM
MD
LG