သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆ ပွင့်ဆိုင်ဆွေးနွေးရေး NLD လက်ခံ


ဖွ့ဲစည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအပါအဝင် နိုင်ငံရေးပြသနာတွေကို ဖြေရှင်း သွားဖို့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေကို ပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ အဆိုတင်သွင်းခဲ့ပြီး ဒီအဆိုကို အတိုက်အခံ NLD ပါတီကလည်း ဒီအဆိုကို ထောက်ခံလိုက်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအပါအဝင် ဖြေရှင်းဖို့ ကျန်နေသေးတဲ့ နိုင်ငံရေးပြဿနာတွေကို အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ ဖြေရှင်းသွားနိုင် ရေးအတွက် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး သင့်တယ်ဆိုပြီး ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီး အဆိုတရပ် တင်သွင်းခဲ့တာပါ။

၆ ပွင့်ဆိုင်ဆိုတာက နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသား လွှတ်တော် ဥက္ကဌနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တဦးတို့ ဖြစ်ပါတယ်။ ဒီအဆိုကို လွှတ်တော်တွင်း ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြောင်း သိရပါတယ်။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဘာကြောင့် ဒီအဆိုကို တင်သွင်းရသလဲ ဆိုတာနဲ့ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဗွီအိုအေကို ရှင်းပြပါတယ်။

“နိုင်ငံရေး အကျပ်အတည်းတခုကို တတ်နိုင်သလောက် ဖြေလျှော့မယ်ဆိုတဲ့ စိတ်ကူးနဲ့ ဒီအဆိုကို တင်တယ်လို့ ကျနော်တို့ ထင်ပါတယ်။ ဒီကိစ္စဟာ ပါတီက ဆုံးဖြတ်ပါတယ်။ ဆုံးဖြတ်ပြီးတော့မှ ကျနော်တို့ကိုလည်း ဒါလေးကို ရှင်းပြပြီးတော့မှ လွှတ်တော်မှာ တင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဥပမာဗျာ ဒေါ်အောင်ဆန်းစုကြည်တို့က လေးပွင့်ဆိုင် တွေ့ချင်တယ်။ အဲ့ဒီမှာ ဒီပါတီက ခုနပြောသလို ၆ ပွင့်ဆိုင် တွေ့လိုက်ရင်ကောင်းတယ်။ ဒါဆိုရင် ပို သဘာဝကျတယ်ပေါ့နော်။ ခုနက သမ္မတကြီးခေါ်တွေ့သလို ၁၄ ယောက်တွေ ဘာတွေကျတော့လည်း ဟန်ပြလိုလို ဖြစ်သွားတဲ့အခါကျတော့ အနှစ်မပါဘူးပေါ့နော်။ အဲ့ဒါမျိုးပုံစံ ဖြစ်နေတဲ့အတွက်ကြောင့် ပါတီကနေ အဲ့လို လှမ်းပြီးတော့ ထောက်လိုက်တဲ့သဘော ဖြစ်ပါတယ်။ မျှော်လင့်ထားတဲ့အတိုင်း ၂၀၁၅ အလွန်ပေါ့ဗျာ သာယာဖြောင့်ဖြူးတဲ့ မြန်မာနိုင်ငံလမ်းကို လျှောက်ချင်ကြတာပေါ့။ အဲ့ဒါကြောင့် အဲဒီ ၆ ယောက်က ဆွေးနွေးလိုက်ရင်ပေါ့ သာယာတဲ့လမ်းကြောင်းတခုကို ရောက်လိမ့်မယ်လို့ မျှော်လင့်ပြီးတော့ သူတို့ တင်တယ်လို့ ကျနော် ထင်ပါတယ်ခင်ဗျာ။”

NLD ပါတီနဲ့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူကိုယ်တိုင် အပါအဝင် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ပြည်ထောင်စုလွှတ်တော် ဥက္ကဌ ၄ ဦး တွေ့ဆုံဆွေးနွေးမယ့် ၄ ပွင့်ဆိုင်ကို တောင်းဆိုထားခဲ့တာပါ။ ဒါပေမဲ့ ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ တင်သွင်းတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ၆ ပွင့်ဆိုင် အဆိုကို သူတို့ NLD ပါတီက ထောက်ခံကြောင်း NLD ပါတီ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ဆိုပါတယ်။

“ကျနော်တို့ကတော့ ထောက်ခံပါတယ်။ အကုန်လုံးက ထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကုန်လုံးက ဒီလိုလေ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့မူက အထွေထွေ သဟဇာတဖြစ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံညှိနှိုင်းအဖြေရှာရေးဆိုတာ အဖွဲ့ချုပ်က တောက်လျှောက် ရပ်တည်လာတဲ့ မူပဲလေ။ ဆိုတဲ့အခါကျတော့ ဒါနဲ့ပတ်သက်လို့ ကျနော်တို့အဖွဲ့ချုပ်က ထောက်ခံတာပေါ့။ ဒါကြောင့် ကျနော်တို့က ခုနက ရှင်းလင်းတင်ပြချက်ကိုပေါ့ တိုင်းပြည်အနာဂတ်အတွက်၊ မျိုးဆက်သစ်တွေအတွက် နောက်တခုက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်၊ ပြည်သူတွေ မျှော်လင့်တောင့်တနေတဲ့ ဆန္ဒတွေ ပြည့်ဝရေးအတွက် လုပ်သင့်လုပ်ထိုက်တာ တခုခုကိုဗျာ တာဝန်ရှိတဲ့သူတွေ၊ တာဝန်ရှိတဲ့ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာတာက ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးသည်၊ ပြည်တွင်းငြိမ်းချမ်းရေးသည် စသည့်ဖြင့်ပေါ့ဗျာ နောက်တခါ တိုင်းရင်းသားလူမျိုးစုများရဲ့ အခွင့်အရေးသည် စသည်ဖြင့်ပေါ့ တွေ့ဆုံညှိနှိုင်း အဖြေရှာမယ်ဆိုရင်တော့ ဒါက ပိုပြီးတော့ သင့်မြတ်တာပေါ့။”

ပြည်ခိုင်ဖြိုးပါတီက အခုတင်သွင်းတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးမှာ တိုင်းရင်းသား ကိုယ်စားလှယ်တဦးလည်း ပါဝင်ပါတယ်။ အဲဒီ တိုင်းရင်းသား ကိုယ်စားလှယ်ဟာ ဘယ်တိုင်းရင်းသားထဲက ဖြစ်လာမှာလဲ၊ ဘယ်သူလဲ ဆိုတာကို လူတွေက စိတ်ဝင်စားနေကြတာပါ။ ဒါနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ သုံးသပ်တာက -

“ကျနော်တို့ တိုင်းရင်းသားအားလုံးမှာ ရှမ်းက အင်အားများပါတယ်။ ဟိုး ဗိုလ်ချုပ်အောင်ဆန်းခေတ်ကတည်းက ဒါကြောင့်မို့လို့လည်း ကျနော်တို့ အခု မြန်မာပြည်ရဲ့ အနေအထားမှာ ဒုသမ္မတကို ရှမ်း ဒုသမ္မတတယောက် တင်ထားတယ်ဆိုတာကလည်း ခန့်မှန်းမိမှာပါ။ ဒီလောက်ဆိုရင် နားလည်ပြီလို့ ထင်ပါတယ်။ ကျနော့်အမြင်ကတော့ ကြံ့ခိုင်ရေးက nominate လုပ်ပြီး ပေးလိုက်တဲ့သူမျိုးတော့ မဖြစ်သင့်ဘူးပေါ့။ အားလုံးက ဝိုင်းပြီးတော့ ခင်ဗျား ကျနော်တို့ ကိုယ်စားသွားပါ ဆိုတဲ့ သူပဲ ဖြစ်သင့်တယ်လို့ ကျနော် မြင်ပါတယ်ခင်ဗျ။”

ဒီကနေ့ လွှတ်တော်မှာ တင်သွင်းအတည်ပြုခဲ့တဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အဆိုကို ၈၈ ကျောင်းသားများအဖွဲ့ကလည်း ကြိုဆိုကြောင်း သဘောထားတရပ် ထုတ်ပြန် ထောက်ခံခဲ့ပါတယ်။

XS
SM
MD
LG