သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD (၂၆) နှစ်ပြည့်


NLD ၂၆ နှစ်ပြည့်အခမ်းအနား
NLD ၂၆ နှစ်ပြည့်အခမ်းအနား

မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ အဆင့်တခုရောက်လာပေမယ့် လိုအပ်ချက်တွေအများကြီးရှိနေသေးတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတိပေး ပြောဆိုလိုက်ပါတယ်။ စက်တင်ဘာလ (၂၇) ရက် ပါတီထူထောင်ခဲ့တဲ့ ၂၆ နှစ်မြောက်နှစ်ပတ်လည်နေ့မှာ ပါတီရဲ့ ရပ်တည်ချက်တွေနဲ့ ပတ်သက်လို့ ထုတ်ပြန်ကြေညာခဲ့ပြီး ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရုံးချုပ်မှာလည်း အခမ်းအနား ဒီနေ့ကျင်းပခဲ့ပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

NLD ထူထောင်ခဲ့တဲ့ ၂၆ နှစ်မြောက် ဒီကနေ့မှာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအခြေအနေနဲ့ပတ်သက်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကျနော်တို့တိုင်းပြည်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး ဆိုတဲ့အချက်တွေက ကနေ့အထိ မရသေးပါဘူး။ ဒီဟာတွေ ပြုပြင်ပြောင်းလဲဖို့နဲ့ပတ်သက်ပြီးတော့ အဆင့်တခုကိုတော့ ရောက်ပါတယ်။ ကျေနပ်တဲ့အဆင့်ကိုတော့ မဟုတ်သေးပါဘူး။ အဲဒါနဲ့ပတ်သက်ပြီးတော့ ပြည်သူလူထုက သတိကြပ်ကြပ်ရှိဖို့ ဒီဟာကို ကျနော်တို့က message ပေးတဲ့ အခမ်းအနားတခုပါ။”

မေး။ ။ လွှတ်တော်နဲ့ စစ်ဘက်ဆိုင်ရာအကြီးအကဲတို့ကို NLDဘက်က တောင်းဆိုထားတဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲအခြေအနေရော ဘယ်အဆင့်ထိရောက်နေပါသလဲရှင့်။

ဖြေ။ ။ အဲဒီ လေးပွင့်ဆိုင် ဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့ ကျနော်ပြောရရင် ဒီဟာကို မလုပ်သင့်ဘူးလို့ ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်းပြောတဲ့ လက်ရှိ အုပ်ချုပ်သူဘက်က ပြောတာ ကျနော် တခုမှ မတွေ့သေးဘူး။ ပြောတော့ပြောတယ်။ တဆင့်ပြောမယ်။ ကြားခံနဲ့ပြောတယ်။ ဒါကို လုပ်ဖို့ မလိုဘူးလို့ အဲဒီလို ပွင့်ပွင့်လင်းလင်းပြောတာမျိုး ကျနော်တို့ မတွေ့သေးဘူး။ ဒါပေမယ့် ဒီဥစ္စာဟာ အမှန်တကယ်အားဖြင့် ဒီတိုင်းပြည် မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့အချက်တခုပါ။

မေး။ ။ ဟုတ်ကဲ့။ NLD ရဲ့ အဓိကမူတချက်ဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆိုတဲ့မူအရ လက်ရှိ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးပွဲတွေမှာ NLD ပါဝင်လာနိုင်တဲ့ အခြေအနေဘယ်လိုရှိပါလဲရှင့်။

ဖြေ။ ။ NLD က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ ပါတီဥက္ကဋ္ဌအနေနဲ့ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ သို့သော် ပါဝင်တယ်ဆိုတဲ့နေရာမှာ ကိုယ့်ဖာသာကိုယ် ဝင်လို့လည်း မရပါဘူး။ လက်တွေ့လည်းမကျပါဘူး။ လက်တွေ့ကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အကျုံးဝင်သက်ဆိုင်တဲ့ ပုဂ္ဂိုလ်များ အားလုံးရဲ့ဖိတ်ခေါ်မှုဟာလည်း လိုအပ်ပါတယ်။ ပြောချင်တာကတော့ NLD က ပါဝင်ဆောင်ရွက်ဖို့ အဆင်သင့်ရှိပါတယ် ဆိုတာပါပဲ။

၁၉၈၈ ခုနှစ် ရှစ်လေးလုံးလူထုလှုပ်ရှားမှုကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲပြီး အာဏာသိမ်းပြီးနောက် NLD ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တတ်သိပညာရှင်တွေ၊ တပ်မှူးဟောင်းတွေပါဝင်တဲ့ မျိုးချစ်ရဲဘော်ဟောင်းတွေနဲ့ ၁၉၈၉ ခုနှစ်မှာ ထူထောင်ခဲ့တာဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြည်နေတယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။ ရန်ကုန်မြို့မှာ ကျင်းပတဲ့ ၂၆ နှစ်မြောက် ပါတီအခမ်းအနားကို အဖွဲ့ဝင်တွေအပြင် နိုင်ငံတကာ သံတမန်တွေလည်း တက်ရောက်ခဲ့ပါတယ်။ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာပဲရှိနေပြီး အခမ်းအနားကို တက်ရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။

XS
SM
MD
LG