သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD တင် ဒုသမ္မတ တဦး သမ္မတဖြစ်ရေး ယုံကြည်ထား


ဒုတိယသမ္မတသုံးဦး။ (ဝဲမှယာ - ဦးဟင်နရီ ဗန် ထီးယူ၊ ဦးထင်ကျော်၊ ဦးမြင့်ဆွေ) (ဓာတ်ပုံ - AP)
ဒုတိယသမ္မတသုံးဦး။ (ဝဲမှယာ - ဦးဟင်နရီ ဗန် ထီးယူ၊ ဦးထင်ကျော်၊ ဦးမြင့်ဆွေ) (ဓာတ်ပုံ - AP)

မတ်လ ၁၅ ရက် အင်္ဂါနေ့ ပြည်ထောင်စုလွှတ်တော်မှာ ရွေးချယ်တင်မြှောက်မယ့် သမ္မတ ရာထူးနေရာ အတွက် အမတ်နေရာ အများစု အနိုင်ရထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က တင်မြှောက်ထားတဲ့ ဒုသမ္မတတွေထဲကပဲ ရမယ်လို့ NLD ပါတီဘက်က အခိုင်အမာယုံကြည်တဲ့ အကြောင်း NLD ပါတီရဲ့ နိုင်ငံအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များဆိုင်ရာ ပြောခွင့်ရက VOA ကို ပြောဆိုလိုက်ပါတယ်။ မနက်ဖြန် တနင်္လာနေ့မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာလည်း သမ္မတလောင်းရွေးချယ်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးနိုင်ခြေရှိပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

တနင်္လာနေ့ မနက်ပိုင်းမှာတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးတွေ ကျင်းပမှာမဟုတ်ပေမဲ့လို့ မွန်းလွဲပိုင်း တစ်နာရီမှာတော့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပမှာဖြစ်ပါတယ်။ အဲ့ဒီ့ကျရင်တော့ သမ္မတလောင်း စိစစ်ရွေးချယ်မှုဆိုင်ရာ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ရလာဒ်တွေကို ဆွေးနွေးနိုင်ခြေရှိပါတယ်။

လက်ရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က ရွေးချယ်တင်မြှောက်လိုက်တဲ့ ဒုသမ္မတသုံးဦးအနက် သမ္မတရာထူးနေရာအတွက် ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး ရွေးချယ်မှုမှာအမတ်အများစုနေရာရရှိထားတဲ့ အနိုင်ရပါတီ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က သမ္မတရာထူး ရရှိနိုင်မယ်လို့ ဘာကြောင့်ယုံကြည်ချက်ရှိပါသလဲ ဆိုတာကို နိုင်ငံအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များဆိုင်ရာ ပြောခွင့်ရ NLD ပါတီက ဒေါက်တာဇော်မြင့်မောင် ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလို ရှင်းပြပါတယ်။

"ကျနော်တို့က ပြည်သူ့လွှတ်တော်မှာ ၂၅၅ ယောက်ရှိတယ်လေ။ အမျိုးသားလွှတ်တော်မှာ ၁၃၅ အားလုံးပေါင်း ၃၉၀ နော်။ လွှတ်တော်ကိုယ်စားလှယ်ပေါင်းက လောလောဆယ် ၆၇၅ ဦးရှိတဲ့အတွက်ကြောင့် ကျနော်တို့ ၃၉၀ နဲ့ manipulate လုပ်လို့ရပါတယ်။ သမ္မတက ကျနော်တို့ ယူမှာပါ။"

မဆုမွန်။ ။ ဟုတ်ကဲ့ပါဆရာ ။ ဒုသမ္မတ ၁ ရွေးချယ်မှုနဲ့ ပတ်သက်ပြီးတော့ရော ဆရာ။

ဒေါက်တာဇော်မြင့်မောင်။ ။ ကျနော်တို့ သမ္မတ ယူမှာပြောလိုက်တော့ မဟုတ်လည်း ဒု သမ္မတကတော့ ၁ နဲ့ ၂ နဲ့ ပဲ ရှိတာ မဟုတ်ဘူးလား။ ဒုသမ္မတ က မဲ ဒုတိယ အများဆုံးရတဲ့သူက ဒုသမ္မတ ၁ ဖြစ်မယ်လေ ။ မဲအနည်းဆုံးရတဲ့လူက ဒုသမ္မတ ၂ ဖြစ်မယ်။ ကျနော်တို့ သမ္မတ ရအောင်ယူပါမယ် ။ဒါကနော်တို့ manipulate လုပ်ယူလို့ရတဲ့ ကျနော်တို့ရဲ့ ပိုင်ကွက်ထဲမှာ ရှိနေတယ်။ ကျနော်တို့မဲပေးလို့ လုပ်လို့ရတယ်လေ။ ကျနော်တို့ သမ္မတရအောင်ယူမယ်ဆိုတော့ ဒုသမ္မတ ၁ တွေ ၂ တွေ မပြောတော့ဘူးလေ။ NLD ရဲ့ စီမံခန့်ခွဲမှုအပိုင်းထဲမှာရှိနေတာလေ။ ဒါတွေအသေးစိတ်ပြောလို့မရဘူးလေ။ ကျနော်တို့ manipulate လုပ်ယူလို့ရတဲ့ ကိုယ်စားလှယ်ကို ကျနော်တို့ ရထားတယ်။ ကျနော်တို့ ၃၉၀ က total ၆၇၅ မှာ။

မဆုမွန်။ ။ ဆရာနောက်ဆုံး ပြည်သူတွေကို ဆရာ့အနေနဲ့ ဘယ်လိုများ message ပေးချင်ပါသလဲ။

ဒေါက်တာဇော်မြင့်မောင်။ ။ ကျနော်ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် ရွေးလိုက်တဲ့ ကိုယ်စားလှယ် ဦးထင်ကျော်ရော ၊ ဦးဟင်နရီ ဗန်ထီးယူ အပေါ်မှာရော၊ ကျနော်တို့လည်း ဒါကို လေ့လာနေတာပါ။ လူထုရဲ့ တုန့်ပြန်မှုလုံး၀ ကောင်းပါတယ်။ ကျနော်တို့ ကြားရသမျှ ကျနော်တို့ကို congratulate လုပ်တဲ့ သူတွေ၊ လူထုကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကို တသွမသိမ်းလိုက်နာတယ်။ ဒေါ်အောင်ဆန်းစုကြည် တင်လိုက်တဲ့အပေါ်မှာလည်း နားလည်မှုရှိတယ်။ အဲဒီတော့ လူထုကို ကျနော်က ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်။ နောက်ပြီးတော့ ဆက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောက်မှာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ ဝိုင်းဝန်းပြီးတော့ လုပ်ကြဖို့ ကျနော်က မေတ္တာရပ်ခံတယ်လို့ ပြောပေးပါခင်ဗျာ။

NLDပါတီရဲ့ နိုင်ငံအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များဆိုင်ရာ ပြောခွင့်ရ လည်းဖြစ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင် ပါ။

ပြည်ထောင်စုလွှတ်တော်မှာ ရွေးချယ်တော့မယ့် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ တပ်မတော် က ရွေးချယ် တင်မြှောက်လိုက်တဲ့ ဒု သမ္မတတွေရဲ့ ကိုယ်ရေးရာဇဝင်အချက်တွေကို အများပြည်သူ သိရှိနိုင်အောင်လို့ နိုင်ငံပိုင်သတင်းစာတွေက တဆင့် ထုတ်ပြန်ထားသလို အခုလက်ရှိ ရွေးချယ်တင်မြှောက်ခံ ဒုသမ္မတ သုံးဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်က တင်မြှောက်လိုက်တဲ့ ဦးထင်ကျော်၊ အမျိုးသားလွှတ်တော်က တင်မြှောက်လိုက်တဲ့ ဦးဟင်နရီဗန်ထီးယူနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေက ရွေးချယ်လိုက်တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဦးမြင့်ဆွေတို့ သုံးဦးကို သမ္မတအရည်အချင်းစိစစ်ရေးအဖွဲ့က စိစစ်နေပြီဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ အရည်အချင်းနဲ့ ပြည့်စုံမှု ရှိ-မရှိ စိစစ်ရေး အဖွဲ့မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်၊ NLD ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာမျိုးအောင်၊ NLD အမျိုးသားလွှတ်တော်အမတ် ဦးဘမျိုးသိန်းနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးတို့ ပါဝင်ပါတယ်။

XS
SM
MD
LG