သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲစာရင်းမှာ မဆိုင်သူတွေပါရင် ပယ်ဖျက်ခိုင်းဖို့ NLD နှိုးဆော်


တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ မဲဆန္ဒရှင်စာရင်းတွေမှာ ရပ်ကွက်၊ လမ်းအလိုက် မိမိတို့ရဲ့ မိသားစုဝင် မဟုတ်သူများ၊ မိမိမသိတဲ့ သူစိမ်းနာမည်တွေပါဝင်နေရင် သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးတွေကို အမြန်ဆုံး အကြောင်းကြားပြီး ပယ်ဖျက်ခိုင်းပါလို့ အတိုက်အခံပါတီ NLD က ပြည်သူတွေကို နိုးဆော်လိုက်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ ကျင်းပဖို့ရက်နီးကပ်လာချိန်မှာ မဲဆန္ဒရှင်ပြည်သူတွေ မဲပေးမှုနည်းစနစ်မှန်ကန်အောင် မဲပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းပေးကြဖို့ ကိုလည်း ၈၈ မျိုးဆက်ကျောင်းသားတွေက တိုက်တွန်းပါတယ်။ အသေးစိတ်ကို မဆုမွန်က စုံစမ်းတင်ပြပေးထားပါတယ်။

လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အထွေထွေ ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ကြေညာထားတာပါ။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေ၊ တသီးပုဂ္ဂလတွေကလည်း စက်တင်ဘာလ ၈ ရက်နေ့က စလို့ ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေး ဆင်းနေကြချိန်ဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဘက်က မဲဆွယ်စည်းရုံးရေးဆင်းနေချိန်နဲ့ တပြိုင်နက်တည်း ပြည်သူတွေ မဲစာရင်းသွားကြည့်ကြဖို့ မဲစာရင်းစစ်ဆေးကြဖို့နဲ့ မဲပေးနည်းစနစ် မှန်ကန်စွာပေးနိုင်ကြဖို့ စတဲ့ ရွေးကောက်ပွဲပညာပေးမှုတွေကိုလည်း လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက် တစ်ထောင့်တစ်ရာကျော် နဲ့ အများဆုံးဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်တဲ့ အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဘက်ကနေ နိုင်ငံသားတွေ မဲပေးခွင့် မဆုံးရှုံးစေရေး မဲစာရင်း စိစစ်မှုတွေကို အင်တိုက်အားတိုက် လုပ်ဆောင်နေတာဖြစ်ပါတယ်။ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်တွေမှာ ဒုတိယအကြိမ် ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေထဲ မိမိတို့ မိသားစုဝင်မဟုတ်သူတွေရဲ့ နာမည်တွေ၊ ရပ်ကွက်၊ လမ်းတွေထဲမှာ မိမိတို့ မသိတဲ့ သူစိမ်းတွေရဲ့ နာမည်တွေ အများအပြား ပါဝင်နေတာကို စိစစ်တွေ့ရှိရတဲ့အတွက် သက်ဆိုင်ရာ ဒေသခံ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးတွေကို အမြန်ဆုံးအကြောင်းကြား တင်ပြပေးဖို့ကို အဖွဲ့ချုပ်ဘက်က ပြည်သူတွေကို နိုးဆော်နေပါတယ်။

ရွေးကောက်ပွဲ မဲမသမာမှု မဖြစ်စေရး မဲဆန္ဒရှင် ပြည်သူတွေဘက်က တာဝန်တရပ်အနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ မဲစာရင်းစိစစ်ရေးတာဝန်ခံ ကိုဇာနည်ထိန်ဝင်းက အခုလိုတိုက်တွန်းပါတယ်။

“ဒီ မဲ…ကာလမှာ၊ မဲ..သွားပြီး …တဲ့အခါမှာ …မိသားစုလိုက်၊ သို့မဟုတ် ရပ်ကွက်အလိုက်၊ သို့မဟုတ် အုပ်စုလိုက်တွေဆိုရင် ကျနော်တို့က ရွေးကောက်ပ ွဲဆိုင်ရာ နည်းဥပဒေအရဆိုရင် ကျနော်တို့က ခရိုင်ကော်မရှင်ကို သွားပြီးအကြောင်းကြားရပါတယ်ခင်ဗျ။ ခရိုင်ဘက်ကနေပြီး ဥပဒေအရပဲ ကျနော်တို့ကို ပြန်လည်…ပေးရပါတယ်ခင်ဗျ။ ကျနော်တို့က ရွေးကောက်ပွဲကော်မရှင်ရဲ့ အသိသက်သေပြုပြီးတော့ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြရပါတယ်ခင်ဗျ။ နောက်ကပ်မယ့်၊ မဲရုံအတွင်းမှာကပ်မယ့် မဲဆန္ဒရှင်စာရင်းမှာ အကုန်ဖြုတ်ပြီးသွားပါပြီခင်ဗျ။”

ရွေးကောက်ပွဲကျင်းပဖို့ တစ်လလောက်ပဲ ကျန်တော့တဲ့ အချိန်မှာ မဲဆန္ဒရှင်ပြည်သူတွေ ရွေးကောက်ပွဲမှာ မဲပေးမှုနည်းစနစ်မှန်မှန်ကန်ကန်နဲ့ မဲပေးနိုင်ရေး နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအင်အားစုတွေဘက်က ပြည်သူတွေနဲ့အတူ ပညာပေး ဆောင်ရွက်ပေးဖို့ကိုလည်း ၈၈ မျိုးဆက် ပွင့်လင်း၊ လူ့အဖွဲ့အစည်းက ၈၈ ကျောင်းသားခေါင်းဆောင်တွေက နှိုးဆော်နေပါတယ်။

တိုင်းပြည်အပြောင်းအလဲအတွက် အရေးပါလှတဲ့ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒမဲတပြား မဆုံးရှုံးစေရေး မဲပေးနည်းစနစ်မှန်မှန်ကန်ကန်ပေးနိုင်ဖို့ စနစ်တကျ မဲတံဆိပ်တုံး ထုနိုင်အောင် လေ့လာထားကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်လို့ ရွေးကောက်ပွဲ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီကလည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မဲတုံးထုပုံ နမူနာပြစဉ်။ (ဓာတ်ပုံ- NLD)
ဒေါ်အောင်ဆန်းစုကြည် မဲတုံးထုပုံ နမူနာပြစဉ်။ (ဓာတ်ပုံ- NLD)

“အခုဟာ မဲစာရင်းမကြည့်တာရယ်၊ နောက်ပြီးတော့ မဲပေးနည်းမှာ ပြဿနာရှိနေတာရယ်၊ အဲဒါကိုတော့ ရွေးကောက်ပွဲဝင်မယ့်ပါတီတွေရော၊ ရပ်ကွက် လူ့အဖွဲ့အစည်းတွေကောက ဒါကို ထိထိရောက်ရောက်လုပ်ပေးဖို့ လိုအပ်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲတုံးထုမယ်ဆိုရင်တောင်မှ အဲဒီမှင်များသွားရင် တောင်မှ ပြဿနာရှိတယ်။ ပေးလိုက်တဲ့မှင်များသွားရင်တောင် မှင်ပြားသွားနိုင်တယ်၊ အဲဒီ ပြဿနာတွေရှိနေတယ်။ ရှိနေတဲ့အတွက် မဲတုံးထုတဲ့စံနစ်၊ ဟိုဘက်က မဲကို မှင်နဲ့ထုပေးလိုက်တဲ့အချိန်မှာ ဘယ်လောက်များသလဲ၊ နည်းသလဲဆိုတာကို စစ်ဆေးနိုင်ခွင့်ပေါ့၊ အဲဒါတွေကအစ ပြည်သူလူထုကို voter education မှာ ထိထိရောက်ရောက် လုပ်ရလိမ့်မယ်။ ဒါက အထူးသဖြင့် network ကျယ်ပြန့်တဲ့ အဖွဲ့ဝင်များများနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လိုမျိုးပေါ့ voter education ကိုလုပ်ရင်းနဲ့ မဲဆွယ်စည်းရုံးမှုကို လုပ်သွားနိုင်ရင်တော့ ပိုကောင်းမယ်လို့ ကျနော်တို့ယုံတယ်။ အကောင်းဆုံးကတော့ အခုနက ကျနော် ပြောသလိုပဲ ကျနော်တို့မှာ ဒါ လုပ်ကြရမယ့်တာဝန်ရှိနေတယ်။ ကျနော်တို့ ၈၈ မျိုးဆက်တွေရော၊ နောက်ပြီးတော့ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေရော၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေကိုရော ဖြစ်နိုင်လို့ရှိရင် တအိမ်တက်ဆင်းပေါ့၊ တစ်ယောက်ချင်းကို ပညာပေးတဲ့ကိစ္စမျိုး၊ အဲလိုမျိုးလုပ်ဖို့ ကောင်းတယ်လို့ ကျနော်ထင်တယ်။ မဲ တုံးထုတဲ့ပုံ စနစ်ကစလို့ပေါ့နော်။”

သဘာဝဘေးအန္တာရာယ်နဲ့ ရေဘေးသင့်ဒေသတွေဖြစ်တဲ့ တိုင်းနဲ့ပြည်နယ်တွေ အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က မဲစာရင်း ထုတ်ပြန် ကြေညာမှုကို တိုးမြင့်ကြေညာထားပေးထားတဲ့အထဲ မကွေးတိုင်း စေတုတ္တရာမြို့နယ်၊ မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ မြန်အောင်မြို့နယ်တွေအတွက် ဒီကနေ့ အောက်တိုဘာလ ၄ ရက်နေ့အထိ မဲစာရင်းကို နောက်ဆုံးထား ထုတ်ပြန်ပေးထားတာပါ။ ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်လိုသူတွေအနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်၊ ကျေးရွာ ရပ်ကွက်ကော်မရှင်ရုံးတွေကို အကြောင်းကြားရမှာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က ရွှေ့ပြောင်းသူတွေအတွက် မဲစာရင်း ပုံစံ(၃) (က) ဖြည့်စွက်တင်ပြခွင့်ကို အောက်တိုဘာလ ၁၀ ရက်နေ့အထိ ခွင့်ပြုထားတာဖြစ်လို့ နောက်ဆုံးအဆင့် မဲရုံမှာ ကြေညာကပ်မယ့် မဲစာရင်းပါဝင်နိုင်ရေး ပုံစံဖြည့်ပေးကြဖို့ကိုလည်း အတိုက်အခံပါတီ NLD ဗဟို မဲစာရင်းစိစစ်ရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်နိုးဆော်ထားပါတယ်။

XS
SM
MD
LG