သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပါတီ ဖိတ်ခေါ်စုဆောင်းမှုမှာ ပညာရှင်တွေ စတင်ပါဝင်


မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲကို ဖော်ဆောင်နိုင်မယ့် ပါတီဟာ NLD ပါတီဖြစ်တယ်လို့ ယုံကြည်တာကြောင့် NLD ပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ သူ့အနေနဲ့ ဆုံးဖြတ်ခဲ့ကြောင်း မန္တလေးဆေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဒေါက်တာ သန်းဝင်းက ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ယိုယွင်းပျက်စီးနေတဲ့ ကျန်းမာရေးစနစ်နဲ့ ပညာရေးစနစ်ကို ပြုပြင်လိုတဲ့ဆန္ဒ ရှိတာကြောင့် အခုလို ရွေးကောက်ပွဲဝင်ရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် ထင်ရှားတဲ့ ပညာရှင်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို NLD ပါတီက ဖိတ်ခေါ်စုဆောင်းနေတဲ့အထဲမှာ မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာ သန်းဝင်းလည်း ပါဝင်ပါတယ်။ သူဟာ မန္တလေးဆေးတက္ကသိုလ်ကနေ ၂၀၁၃ ခုနှစ် ဧပြီလမှာ အငြိမ်းစားယူခဲ့သူ ဖြစ်ပါတယ်။ NLD ပါတီဟာ ဒီမိုရေစီကို ဖော်ဆောင်နိုင်မယ့် ပါတီဖြစ်တယ်လို့ ယုံကြည်တာကြောင့် NLD ပါတီအနေနဲ့ ရွေးကောက်ပွဲ ဝင်ရတာဖြစ်တယ်လို့ ဒေါက်တာသန်းဝင်းက ဆိုပါတယ်။
“အပြောင်းအလဲ လိုနေတယ်။ အပြောင်းအလဲလိုနေတဲ့ အချိန်မှာ အပြောင်းအလဲ ဖော်ဆောင်နိုင်မယ့်ဟာ NLD ပါတီပဲဆိုတာ ကျနော်ယုံကြည်ပါတယ်။ ကျနော်တို့ ဝန်ထမ်းဘဝမှာတော့ လက်တွေ့လှုပ်ရှားလို့ မရပေမဲ့ NLD ပါတီ စတင်ပေါ်ပေါက်ခဲ့တဲ့ ၈၈ ကတည်းက တစိုက်မတ်မတ် ထောက်ခံခဲ့တာပါ။ နောက် NLD ပါတီရဲ့ မူဝါဒတွေ၊ နောက်တခုက ခေါင်းဆောင် အမဒေါ်အောင်ဆန်းစုကြည်ရဲ့ မူဝါဒတွေ၊ သူ့ရဲ့ဖြောင့်မတ်မှု၊ သူ့ရဲ့စေတနာ၊ သူ့ရဲ့အနစ်နာခံမှု၊ ဒါတွေ အကုန်လုံးလည်း ကျနော်တို့က အပြည့်အ၀ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ NLD ပါတီရဲ့ မူဝါဒနဲ့ ကျနော်တို့ရဲ့ အတွေ့အကြုံနဲ့ ပေါင်းစပ်ပြီးတော့မှ ကိုယ့်ပြည်သူပြည်သားတွေအတွက် လုပ်ပေးနိုင်မယ်လို့ ကျနော်ခံယူပါတယ်။”

မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာ သန်းဝင်း
မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာ သန်းဝင်း

ဒေါက်တာသန်းဝင်း အနေနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် မန္တလေးတိုင်းကနေ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ဇူလိုင်လ ၁၇ ရက်နေ့မှာ အမည်စာရင်းတင်သွင်းခဲ့တာ ဖြစ်ပါတယ်။

“ကျနော်က မန္တလေး၊ ချမ်းအေးသာဇံမြို့နယ်မှာ နေပါတယ်။ အဲဒီတော့ ချမ်းအေးသာဇံမြို့နယ် NLD ကနေတဆင့် အဆိုပြုလွှာတင်ပါတယ်။ နောက် မန္တလေးတိုင်း NLD ရဲ့ တာဝန်ပေးမှုနဲ့ပေါ့လေ၊ ကျနော်အခုတော့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) အဲဒါကကျတော့ ချမ်းအေးသာဇံ မြို့နယ်ရယ်၊ အောင်မြေသာဇံ မြို့နယ်ရယ်၊ ပုသိမ်ကြီးမြို့နယ်ရယ်၊ မြို့နယ် ၃ ခု ပါပါတယ်။ အဲဒီမှာလို့တော့ လျာထားပါတယ်။ ဒါပေမဲ့ ဗဟိုကသတ်မှတ်တဲ့ နေရာမှာ ကျနော်တို့ ဝင်လှုပ်ရှားရမှာပါ။”

ရွေးကောက်ပွဲမှာ သူသာ အနိုင်ရခဲ့မယ်ဆိုရင် ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွေကို အလေးထား ဆောင်ရွက်သွားမယ်လို့ ဒေါက်တာသန်းဝင်းက ပြောပါတယ်။
“ကျနော်က သားဖွားမီးယပ် အထူးကုဆရာဝန်ပါ။ သားဖွားမီးယပ် ပါမောက္ခကနေပြီးတော့မှ ၂၀၀၈ ခုနှစ် ဇန်နဝါရီမှာ ပါမောက္ခချုပ်တာဝန် စတင်ထမ်းဆောင်တာ ဖြစ်ပါတယ်။ ဆိုတော့ ကျနော့်ရဲ့ အဓိက တစ်အချက်က ဆရာဝန်ပေါ့၊ ကျန်းမာရေးပေါ့၊ နောက်တချက်က ကျနော် ၁၉၈၁ နိုင်ငံတာဝန်၊ အစိုးရဝန်ထမ်း စလုပ်ကတည်းက ကျနော်က ဆေးတက္ကသိုလ်မှာ သရုပ်ပြဆရာဘဝကနေ စတက်ခဲ့တာဆိုတော့ ကျနော့်သင်ကြားရေး အတွေ့အကြုံပေါ့။ ကျနော်အာရုံပြုမယ့် ကဏ္ဍတွေကတော့ ကျန်းမာရေးနဲ့ ပညာရေးပဲ ဖြစ်ပါတယ်။”

လက်ရှိမြန်မာအစိုးရ လက်ထက်မှာ ကျန်းမာရေးအသုံးစားရိတ် အနည်းငယ်တိုးလာပေမဲ့ ပြည်သူတွေအတွက် ရေရှည်အာမခံချက်ရှိမယ့် ကျန်းမာရေးစနစ်တခု အကောင်ထည်ပေါ်လာဖို့နဲ့ အဂတိလိုက်စားမှုနည်းအောင် လုပ်ဆောင်သွားလိုတဲ့ ဆန္ဒရှိတယ်လို့ ဒေါက်တာသန်းဝင်းက ဆိုပါတယ်။
“လူထုကျန်းမာရေး အပိုင်းမှာတော့ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်မှာတော့ ကျန်းမာရေး အသုံးစားရိတ်တွေက အရင်တုန်းကနှစ်တွေနဲ့စာရင်တော့ ဘတ်ဂျက်တွေတော့ တိုးလာတယ်။ ဆေးရုံတွေမှာလည်း၊ ပြည်သူ့ဆေးရုံတွေမှာ ဆေးတွေ၊ ပစ္စည်းကရိယာတွေ အများကြီး တိုးနိုင်တယ်။ တိုးနိုင်သော်လည်းပဲ အခမဲ့ ဆေးဝါးကုသမှု အနေနဲ့ကတော့ တကယ်တမ်း သန်း ၅၀ ကျော် ပြည်သူအတွက်က ဘယ်အစိုးရကမှ ရာနှုန်းပြည့် တာဝန်ယူနိုင်မှာ မဟုတ်ဘူးလေ။ အဲဒီတော့ အဲဒီကျန်းမာရေးစနစ်ဟာ ရေရှည်ထိန်းသိမ်းနိုင်မယ့် စောင့်ရှောက်မှု စနစ်တခုကို အကောင်အထည်ဖော်ဖို့ လိုမယ်လို့ ကျနော်ခံယူပါတယ်။ ပြီးတော့ နောက်တခုကတော့ တကယ်အကောင်အထည်ဖော်တဲ့ အပိုင်းမှာ အဂတိကင်းစွာပေါ့ အကောင်အထည်ဖော်ဖို့ အပိုင်းတွေမှာလည်း အများကြီးလိုတယ်လို့ ကျနော်တွေ့ပါတယ်။ အဲဒီအပိုင်းတွေကို ဆောင်ရွက်မယ်လို့ ကျနော်စိတ်ကူးပါတယ်။”

ပညာရှင်တွေကို NLD ပါတီကတဆင့် ရွေးကောက်ပွဲဝင်ကြဖို့ ဖိတ်ခေါ်နေရာမှာ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာအောင်သူလည်း ပါဝင်တယ်လို့ NLD ပါတီနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

XS
SM
MD
LG