သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပါတီ ကိုယ်စားလှယ်လောင်းစာရင်း ဝေဖန်မှုထွက်ပေါ်


National League for Democracy (NLD)'s flag
National League for Democracy (NLD)'s flag

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကနေထုတ်ပြန်လိုက်တဲ့ ၂၀၁၅ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေထွက်ရှိနေပါတယ်။ မနေ့က မင်္ဂလာတောင်ညွန့်က NLD ပါတီဝင်အချို့က လာမယ့်ရွေးကောက်ပွဲမှာ NLD ကိုယ်စားပြု အနေနဲ့ မင်္ဂလာတောင်ညွန့်ကနေဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီကသက်မှတ်ထားတဲ့ ကိုယ်စားလှယ်ရဲ့လုပ်ရပ်ကိုမထောက်ခံကြောင်း ထုတ်ဖော်မှုတွေရှိလာခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ဗွီအိုအေမြန်မာပိုင်းက မေခက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တဲ့ NLD ကိုယ်စားလှယ်လောင်း စာရင်းအပေါ်မှာ ပါတီကိုထောက်ခံအားပေးသူ၊ ပါတီဝင် အချင်းချင်းမှာ တုံ့ပြန်ဝေဖန်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ မင်္ဂလာတောင်ညွန့်က NLD ပါတီဝင်အချို့က လာမယ့်ရွေးကောက်ပွဲမှာ NLD ကိုယ်စားပြု အနေနဲ့ မင်္ဂလာတောင်ညွန့်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီကသက်မှတ်ထားတဲ့ ကိုယ်စားလှယ်ရဲ့လုပ်ရပ်ကို မထောက်ခံကြောင်း၊ ရွေးချယ်သူက ဝင်ရွေးခံမယ့်နေရာဒေသကို မကျွမ်းကျင်မှု၊ ပြည်သူနဲ့ရင်းနှီးမှုမရှိသူဖြစ်တာကြောင့် ကိုယ်စားပြုအနေနဲ့ ဝင်ရွေးခံဖို့ ဗဟို ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး မင်္ဂလာတောင်ညွန့်က NLD မြို့နယ်ပါတီဝင် ဖြိုးမင်းမြင့်က အခုလို ဗွီအိုအေကို ပြောပါတယ်။

“ပြည်သူနဲ့ထိတွေ့မှုမရှိတဲ့အပေါ်မှာ ရပ်ကွက် မဲဆန္ဒရှင်တွေကိုရော၊ ရပ်မိရပ်ဖတွေကိုရောလေ သူ့ကို ထောက်ခံမှုမရှိတဲ့အတွက် ကျနော်တို့ လုပ်ကြတာပါ။ မဲဆန္ဒရှင်အများစု ငြိုငြင်မှုကို ကျနော်တို့ပါတီက လူတွေ အဓိက ခံရတယ်လေ။ လမ်းဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး သူ့ကို ရပ်မိရပ်ဖတွေက တင်ပြတဲ့အပေါ်မှာ သူ့အနေနဲ့ neglect လုပ်ထားတဲ့ တချို့အချက်အလက်တွေလည်း ရှိတာကို။ တချို့ရပ်မိရပ်ဖတွေက သူ့ကို မကျေနပ်ဘူးခင်ဗျ။ သူ့နေရာမှာ ဘယ်သူပဲလာလာ၊ ကျနော်တို့အောင်နိုင်ရေးကို လုပ်ပေးပါမယ်ဆိုပြီး အဖွဲ့ချုပ်ကို မေတ္တာရပ်ခံတာပေါ့ အမရယ်၊ ဗဟိုကို၊ ဒါပါပဲ။”

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အတွက် မင်္ဂလာတောင်ညွန့်ကနေ NLD ကိုယ်စားလှယ်အနေနဲ့ ဒေါ်ဖြူဖြူသင်း၊ တိုင်းဒေသကြီးလွှတ်တော်အနေနဲ့ ဦးလှဌေး၊ ဦးတင်မောင်ဝင်းတို့ကို ရွေးချယ်ခံဖို့ NLD က ထုတ်ပြန်ထားပါတယ်။ ဒီအပေါ်မှာ ဒေါ်ဖြူဖြူသင်းကို မင်္ဂလာတောင်ညွန့်က NLD ပါတီဝင်အချို့က မထောက်ခံနိုင်ကြောင်း အခုလို ထုတ်ဖော်ပြောဆိုလိုက်တာပါ။ ဒီလို မထောက်ခံရတဲ့အကြောင်းရင်းကိုလည်း ဗဟိုကိုတင်ပြထားတယ်လို့ ဖြိုးမင်းမြင့်က ပြောပါတယ်။ မြို့နယ်ကနေ စိစစ်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မင်္ဂလာတောင်ညွန့်ကနေ အရွေးခံဖို့ မင်္ဂလာတောင်ညွန့်သား ၈၈ က ကိုမြအေး၊ ကိုရန်အောင်နဲ့ ရှေ့နေ ဦးလှမျိုးမြင့်တို့ကို မြို့နယ်ကော်မတီဝင်တွေက ရွေးချယ်ဖို့ တင်ပြခဲ့ပေမယ့် တင်ပြထားသူတွေကို ဗဟိုကနေ မရွေးချယ်ဘူးလို့ ဖြိုးမင်းမြင့်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခဲ့ပေမယ့် NLD ကိုယ်စားလှယ်လောင်းစာရင်းမှာ မပါခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းကတော့ ဗဟိုကော်မတီဝင်တွေက ရွေးချယ်တာမှာ အောက်ခြေကတင်လာတဲ့အတိုင်း ဗဟိုကရွေးချယ်တယ်လို့ ဖြေကြားမှုတွေရှိကြောင်း၊ လက်တွေ့မှာ အောက်ခြေမြို့နယ် ပါတီကိုယ်စားလှယ်တွေက ဗဟိုမတင်ခင် မဲစနစ်အရ ရွေးချယ်ခဲ့ကြကြောင်း၊ ရွေးချယ်ရာမှာ မဲအရ အနိုင်ရခဲ့ပေမယ့် နောက်ဆုံးစကာတင်မှာ မပါဝင်ခဲ့ကြောင်း ဘယ်လိုအချက်နဲ့ညိစွန်းခဲ့သလဲဆိုတာကို NLD ဗဟိုအောင်နိုင်ရေးကို မေးခွန်းထုတ်ထားတယ်လို့ အခုလို ပြောပါတယ်။

“အဖွဲ့အစည်းတခုနဲ့အလုပ်လုပ်တယ်ဆိုတဲ့အခါကျတော့ ကိုယ့်အဖွဲ့အစည်းကို အစည်းအဝေးထိုင်ချိန်တို့၊ ပြန်လည်သုံးသပ်ချိန်တို့၊ ဒါမျိုးလေးတွေ အမတို့ ပေးသင့်တာပေါ့နော်၊ ဒီနေ့မေး၊ ဒီနေ့ဖြေပေးဆိုတော့ မကောင်းဘူးလေ။ သူတို့အတွက်ကလည်း တနိုင်ငံလုံးအတွက် စဉ်းစားရတာဆိုတော့ ၊ NLD ရဲ့ရွေးချယ်ရေးမှူးတွေကလည်း ကမ္ဘာသိ ထုတ်ပြန်ထားတာဖြစ်တယ်လေ။ ဒီအရည်အချင်းများနဲ့ အကုန်လုံးပြည့်စုံတယ်ဆိုပြီးပေါ့နော်။ အဲဒီပြည့်စုံတဲ့အတွက် ဘယ်မူနဲ့ငြိစွန်းတဲ့အတွက်ကြောင့်မို့လို့ အခုလိုမျိုး၊ အမကို ရှုံးနိမ့်တဲ့ပြိုင်ဘက်ကို ရွေးချယ်တာပါလဲဆိုတာကို အမ မေးထားတယ်လေ။ သူတို့ရဲ့အဖြေကို အမ စောင့်ပြီးတော့မှပဲ တခြားဆုံးဖြတ်ချက် ချမယ်ပေါ့နော်။”

ပါတီကိုယ်စားလှယ် ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က အခုလိုပြောပါတယ်။

“ဝေဖန်မှုကတော့ ရှိမှာပဲ၊ ဒါပေမယ့် အကောင်းဆုံးကိုတော့ အန်တီတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူကြီးတွေ ရွေးထားတာပါ။ ရွေးကတည်းကိုက ….ထဲမှာ စာကိုထည့်ထားပြီးတော့ အောက်ပါအရည်အချင်းတွေနဲ့ ပြည့်စုံတဲ့လူတွေကို စိစစ်ပြီးတော့ ရွေးတယ်ဆိုတာကို အန်တီတို့ ခနခန ပြောပြနေပါတယ်။ အန်တီတို့ ပါတီဝင်ထဲက လူတွေကကို ဒီ -ကို သေချာလည်းမဖတ်ထားဘူး၊ စည်းမျဉ်းစည်းကမ်း ကိုလည်း သဘောမပေါက်တဲ့လူတွေက ပိုပြီးများနေတာ၊ သူတို့စိတ်ထဲမှာ သူတို့ရွေးလိုက်ရင်ရပြီလို့ သူတို့ကထင်တယ်။ ရွေးချယ်မှု အပိုင်းကတော့ အောက်ခြေနဲ့မဆိုင်ဘူးလေ။ အဲဒီတော့ အောက်ခြေကလူတွေက သေသေချာချာမသုံးသပ်ဘဲနဲ့ နောက်ဆုံးကျတော့ အပေါ်မှာပဲလာပြီးတော့ ပြဿနာဖြစ်တော့ အောက်က မပြေလည်တဲ့ကိစ္စတွေက အပေါ်ကို ရောက်လာတာပေါ့နော်။”

ဒီလိုဝေဖန်မှုတွေရှိနေတဲ့ NLDပါတီ ရဲ့ကိုယ်စားလှယ် ရွေးချယ်ရေးမှုအပေါ် သတင်းစာဆရာ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစည်သူအောင်မြင့်ကတော့ ခုလိုသုံးသပ်ပါတယ်။

“သူ့ပါတီမှာ သူတို့ချထားတဲ့ စည်းမျဉ်းစည်းကမ်းရှိတာပေါ့နော်။ အဲဒီအတိုင်း လုပ်သွားတယ်လို့ပဲ နားလည်တယ်။ ဒါ သူတို့တရားဝင် authority တွေ၊ ဦးဉာဏ်ဝင်းကိုယ်တိုင် ပြောတာပဲ။ သူတို့က လာပါ၊ ခင်ဗျားကို ကျနော်တို့က ဒါအမတ်လောင်းအနေနဲ့ ရွေးချယ်ပါမယ်-ဆိုပြီးတော့ ဖိတ်ခေါ်တာ၊ ဒီလိုတော့ မရှိဘူးပြောတယ်။ အဲလို မရှိဘူးဆိုတဲ့အခါကျတော့ ကိုယ့်ဆန္ဒနဲ့ကိုယ်ပဲ လုပ်ပြီးတဲ့အခါကျတော့မှ အဆိုပြုတာပဲ၊ အဓိပ္ပာယ်ကတော့ ပါတီရဲ့ဆုံးဖြတ်ချက်ကိုပဲ နာခံရမယ်ဆိုတဲ့ သဘောပဲလေ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ တိုင်းဒေသအချို့မှာ NLD ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေ ထုတ်ပြန်ဖို့ကျန်ရှိနေသေးတယ်လို့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်ကပြောပါတယ်။ လက်ရှိ ထုတ်ပြန်ထားတဲ့စာရင်းတွေအရ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ NLD က ကိုယ်စားလှယ်ဦးရေ ၁,၀၉၀ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

XS
SM
MD
LG