သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပထမဆုံးအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကျင်းပ


ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - News and Information Department of NLD)
ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - News and Information Department of NLD)
ပထမဆုံးအကြိမ် ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီ အစည်းအဝေးမှာ NLD ပါတီနဲ့ လူထု ထိစပ်မှုတွေကြား အားနည်းချက်တွေ၊ အားသာချက်တွေကို ထောက်ပြပြီး ပါတီနိုင်ငံရေးမှာ အများပြည်သူနဲ့ တသားတည်းဖြစ်ပြီး နိုင်ငံကို အကျိုးပြုတဲ့ ပါတီဖြစ်အောင် လုပ်ဆောင်ကြဖို့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ဗဟိုကော်မတီဝင်တွေကို ပြောကြား ခဲ့ပါတယ်။ ပြည်နယ်၊ တိုင်းအလိုက် ဗဟိုကော်မတီဝင်တွေ ၁၀၀ ကျော် တက်ရောက်ပြီး ရှေ့လုပ်ငန်းစဉ်တွေနဲ့ ဒေသတွင်းက မူးယစ်အန္တရာယ်တွေကို အထူး အလေးထား ဆွေးနွေးခဲ့ကြတယ်လို့ ပါတီပြောခွင့်ရက ဗွီအိုအေ (မြန်မာပိုင်း) ကို ပြောပါတယ်။ အသေးစိတ်ကို မဆုမွန် က တင်ပြထားပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဒီကနေ့ မေလ ၂၇ ရက်နေ့မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီအစည်းအဝေးကို ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မှာ ကျင်းပခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတဲ့ အရပ်သားအစိုးရလက်ထက်မှာ တရားဝင် လှုပ်ရှားခွင့် ရလာတာ တစ်နှစ်ကျော်လောက်ပဲ ရှိသေးတာမို့ အဖွဲ့ချုပ်အနေနဲ့ ခက်ခဲပင်ပန်းစွာ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံကို ယူပြီး ပါတီတွင်းမှာလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ကြပါလို့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ဗဟိုကော်မတီဝင်တွေကို မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

“ဒါဟာ ကျမတို့ရဲ့ ပထမဦးဆုံးအကြိမ် အစည်းအဝေးဖြစ်သလို၊ ဒီကနေ့ဟာဆိုရင်လည်း ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရဲ့ နှစ်ပတ်လည်နေ့ လည်း ဖြစ်ပါတယ်။ ဒီနေ့မှာဆိုရင် ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖြတ်သန်းခဲ့ရတဲ့ သမိုင်းကို ကျမတို့ ပြန်သုံးသပ်ပြီးတော့ ဘယ်လို ဒီပါတီကို နိုင်ငံ့အကျိုးပြုတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ဖို့အတွက် ဆောက်တည်သွားမလဲဆိုတာကို ကျမတို့ စဉ်းစားရမှာပါ။ ကျမတို့ အဖွဲ့ချုပ်အနေနဲ့ တရားဝင် လှုပ်ရှားပိုင်ခွင့် ရလာတယ်ဆိုတာ တကယ်တော့ မကြာသေးပါဘူး။ တစ်နှစ်ကျော်ကျော်ပဲ ရှိသေးတယ်လို့ ပြောရပါလိမ့်မယ်။ ၁၉၈၈ ခုနှစ်ကတည်းက စပြီးတော့ ထူထောင်ခဲ့တယ်ဆိုပေမဲ့လည်း ကျမတို့အဖွဲ့ချုပ်မှာ လွတ်လွတ်လပ်လပ် နိုင်ငံရေးတစ်ခု ပါတီတစ်ခုအနေနဲ့ လှုပ်ရှားခဲ့ရတဲ့ကာလဟာ အင်မတန်မှကို တိုတောင်းပါတယ်။ သို့သော်ငြားလည်း ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေဟာ ခက်ခဲကြမ်းတမ်းတာကြောင့်မို့လို့ ရသင့်ရထိုက်တဲ့ အရည်အချင်းတွေတော့ အဖွဲ့ချုပ်ဝင်တွေမှာ ရရှိနေပြီလို့ ကျမ မျှော်လင့်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နှစ်ပေါင်း ၂၀ ကျော် ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် အခုလို တရားဝင်လှုပ်ရှားခွင့် ရလာတဲ့ အခြေအနေမှာ ပါတီဝင်တွေအနေနဲ့ ပြည်နယ်/တိုင်း ဒေသအသီးသီးက ပြည်သူတွေနဲ့ ထိစပ်မှုတွေ ရှိလာတဲ့အခါ အများပြည်သူအကျိုးကို သယ်ပိုးပြီး ဒီမိုကရေစီ အသွင်ပြောင်းနေတဲ့ နိုင်ငံကို ပြည်သူနဲ့ တသားတည်း တည်ဆောက်ကြဖို့၊ တကယ် အလုပ်လုပ်ရမယ့်အချိန် ဖြစ်နေပြီဆိုတာ သတိထားရမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ဗဟိုကော်မတီဝင်တွေကို ပြောကြားခဲ့ပါတယ်။

“တကယ့် ပြုပြင်ပြောင်းလဲရေး ထိရောက်ဖို့ဆိုလို့ရှိရင် ထိရောက်တယ်လို့ ကျမတို့ ပြောနိုင်ဖို့ဆိုရင် ကျမတို့ ပြည်သူတွေရဲ့ဘဝဟာ တိုးတက်ရမှာပါ။ ပြည်သူတွေရဲ့ဘ၀ တိုးတက်ရေးအတွက် ကျမတို့အဖွဲ့ချုပ်က ဘာတွေလုပ်သလဲ။ ဘယ်လောက်အထိ စွမ်းဆောင်နေသလဲ ဆိုတာ အားလုံး ပြန်ပြီးတော့ သုံးသပ်ဖို့ လိုပါတယ်။ အခု တက်လာတဲ့ အစီရင်ခံစာထဲမှာ ဘယ်ကိစ္စတွေ၊ ဘယ်အရာတွေကို မီးမောင်းထိုးတယ် ဆိုတာကိုတော့ ကျမ မသိပါဘူး။ ဒါပေမဲ့ ကျမတို့ရဲ့ အဖွဲ့အစည်းအတွက်သာ မဟုတ်ဘဲ အဓိကကတော့ နိုင်ငံနဲ့ ပြည်သူ့အကျိုးကို ကြည့်ပြီးတော့ ဘယ်ကိစ္စတွေကို ကျမတို့ အလေးထားရမလဲဆိုတာကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အစကတည်းက ဒီအဖွဲ့ချုပ်ကို ထူထောင်စဉ်ကတည်းကကို ပြောခဲ့ပါတယ်။ အဖွဲ့ချုပ်ဟာ တိုင်းပြည်အတွက် ဖြစ်ရမယ်။ တိုင်းပြည်ဟာ အဖွဲ့ချုပ်အတွက် မဖြစ်ရဘူး။ တိုင်းပြည်ရဲ့အကျိုးဟာ အမြဲပဲ ဒီပါတီ ဒီအဖွဲ့အစည်းရဲ့ အကျိုးထက် ပိုပြီးတော့ အရေးကြီးတယ်ဆိုတာ ကျမတို့ အားလုံး နားလည်ရမယ်ဆိုတာ ကျမတို့ ပြောခဲ့ပါတယ်။”

ပါတီတွင်း ပြဿနာတွေ ဖြစ်ပွားခဲ့တာတွေနဲ့ ပတ်သက်ပြီးလည်း ဒေါ်အောင်ဆန်းစုကြည် က ဗဟိုကော်မတီဝင်တွေကို အထူး သတိပေးစကား ပြောကြားခဲ့ပါတယ်။

“မရှိတဲ့ ကုလားထိုင်အတွက် ရန်မဖြစ်နေကြပါနဲ့။ မရှိတဲ့ ကုလားထိုင်ကို မလုနေပါနဲ့ ဆိုပြီးတော့ ကျမ ခဏခဏ ပြောပါတယ်။ အခု ကုလားထိုင်လေးကတော့ ရှိသလိုလို၊ မရှိသလိုလို ဖြစ်လာတော့ နည်းနည်းပိုပြီးတော့ ဒီကိစ္စကို သတိပေးရပါလိမ့်မယ်။ ကုလားထိုင်ဆိုတာ ဘယ်တော့မှ တည်မြဲတဲ့ကိစ္စ မဟုတ်ပါဘူး။ သေချာစဉ်းစားကြည့်ရင် ကုလားထိုင်ပေါ်မှာ ကြာကြာထိုင်လို့ရှိရင် အင်မတန်မှ ညောင်းလာပါတယ်။ ကျန်းမာရေးနဲ့လည်း မကိုက်ညီပါဘူး။ ဒီတော့ ကျမ သတိပေးပါရစေ။ ကုလားထိုင်မှာ ကြာကြာထိုင်တဲ့သူတွေဟာ ကျန်းမာရေး ချို့တဲ့တတ်ပါတယ်။ အဲ့ဒါဟာ ကိုယ်၏ကျန်းမာခြင်းတင် မဟုတ်ဘူး။ စိတ်၏ကျန်းမာခြင်းလည်း ချို့တဲ့တတ်ပါတယ်။ ဒါကြောင့်မို့လို့ ကုလားထိုင်ပေါ်မှာ ကြာကြာထိုင်ချင်တဲ့ စိတ်ဓာတ်တွေကို အခုကတည်းက ဖယ်ရှားပါ။ ကိုယ်က ကျန်းမာဖို့၊ သန်စွမ်းဖို့၊ ပြည်သူနဲ့ နိုင်ငံကို အကျိုးပြုနိုင်ဖို့ဆိုရင် ဖျတ်ဖျတ်လတ်လတ် သွက်သွက်လက်လက်နဲ့ တက်တက်ကြွကြွ ရှိရမယ်။ ကုလားထိုင်မှာ ထိုင်နေယုံနဲ့ ဘယ်လိုမှ မဖြစ်ဘူး။ တခါတလေတော့ အမောအောင် ထိုင်တာတော့ ကျမ မဆိုလိုပါဘူး။ ဒါပေမဲ့ တချိန်လုံး ကုလားထိုင်မှာ ကပ်နေချင်တယ်ဆိုရင်တော့ ကျမတို့ရဲ့ ရည်ရွယ်ချက်တွေကို အောင်မြင်အောင် လုပ်ပေးနိုင်မယ့် အဖွဲ့ဝင်တွေ ဟုတ်မှာ မဟုတ်ပါဘူး ဆိုတာကို ကျမ ပြောပါရစေ။”

ပြည်နယ်နဲ့ တိုင်းအလိုက် တက်ရောက်လာကြတဲ့ ဗဟိုကော်မတီဝင်တွေက ဒေသတွင်းမှာ အရင်ကထက် ပိုပြီး စိုးရိမ်ရမယ့် အနေအထားမှာ ရှိလာနေတဲ့ မူးယစ်ဆေးဝါး ပြဿနာကို အဓိက ဦးစားပေးပြီး အလေးထား ဆွေးနွေးတင်ပြခဲ့ကြတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ဗွီအိုအေ ကို ပြောပါတယ်။

“အဓိကဆွေးနွေးသွားတာက ပြည်နယ် တိုင်း အားလုံးမှာ မူးယစ်ဆေးဝါး ပြဿနာတွေ ကြီးထွားလာတယ်။ အရင်ထက်ကို ပိုပြီးတော့ မြင့်မားလာတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသုံးစွဲတာ။ မူးယစ်ဆေးဝါး ပြန့်ပွားလာတာဟာ သူ့ အလိုအလျောက်လား။ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေရဲ့ အရေးယူမှု နှေးကွေးလို့ ဖြစ်တာလား။ ဒါမှမဟုတ် ဂရုမစိုက်လို့ ဖြစ်တာလား။ ဒါတွေကို လေ့လာဖို့ လိုအပ်ပါတယ်။ ဒီဟာတွေကို လေ့လာပြီးတော့ လိုအပ်ချက်တွေကို ကျနော်တို့ ဝေဖန်သုံးသပ်ပြီး ထုတ်ပြန်ဖို့ လိုတယ်လို့ ကျနော်တို့ ဆွေးနွေးကြပါတယ်။”

ပြည်နယ်/တိုင်း အသီးသီးက ဗဟိုကော်မတီဝင်တွေက ပါတီတွင်း ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်ပြီး ဗဟို ချုပ်ကိုင်မှုစနစ်ကနေ ပါတီတွင်း ဒီမိုကရေစီစနစ် ကျင့်သုံးပြီး မူဝါဒပိုင်းဆိုင်ရာ ပြောင်းလဲသင့်တဲ့ အချက်တွေကို ပြောင်းလဲဖို့ ဆွေးနွေးဆုံးဖြတ်ချက် ချခဲ့ကြတယ်လို့လည်း ဦးဉာဏ်ဝင်း က ပြောပါတယ်။

“ရှေ့လုပ်ငန်းစဉ်တွေက ချပြီးသား။ လိုအပ်တဲ့ ပြင်ဆင်ချက်တွေ ဆက်လုပ်မယ်။ အကြံပြုတင်ပြတာတွေရှိတယ်။ လိုအပ်တဲ့ ပြောင်းလဲသင့်တဲ့ဟာတွေ အန်ကယ်လ်တို့ ပြောင်းလဲမယ်။”

ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ မေလ ၂ရ ရက်နေ့က ကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေးကို ပြည်နယ်တိုင်း အသီးသီးက ဗဟိုကော်မတီဝင် ၁၀၀ ကျော် တက်ရောက်ပြီး ပြည်နယ်တိုင်းအလိုက် ဆွေးနွေးချက် စာတမ်းတွေကို တင်ပြ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်ရှင်။
XS
SM
MD
LG