သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော် ခေါင်းဆောင်များ အဆိုပြုချက် NLD ထုတ်ပြန်


ပြည်ထောင်စုလွှတ်တော်
ပြည်ထောင်စုလွှတ်တော်

လာမယ့်လမှာ စတင်မယ့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် မဲအများစု အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်အတွက် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ထားသူတွေကို ဒီကနေ့ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။ ဒီလို ထုတ်ပြန်တဲ့ အထဲမှာ ပြည်သူ့ လွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ထားတဲ့ ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော် ဦးတီခွန်မြတ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းက ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က လာမယ့်လွှတ်တော် တက်ရောက်မယ့် သူ့ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် အတွက် ဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌ အဖြစ် ရွေးချယ်ထားသူတွေ စာရင်းကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီလို ရွေးချယ် ထားသူတွေကိုတော့ NLD ပါတီက ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က အခုလို ပြောဆိုပါတယ်။

" အတည်ပြုတာကတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဦးဝင်းမြင့်၊ ဒုတိယဥက္ကဋ္ဌက ကြံ့ခိုင်ရေးပါတီက ဦးတီခွန်မြတ်၊ နောက်အမျိုးသားလွှတ်တော်က ကျတော့ ကျနော်တို့ NLD ကပဲ ကရင်အမျိုးသား ဦးမန်းဝင်းခိုင်သန်း၊ သူက အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်ရဲ့ မြေး၊ ဒုတိယဥက္ကဋ္ဌ ကတော့ ရခိုင်က ဦးအေးသာအောင် အဲ့တာကို အတည်ပြုလိုက်ပါတယ်။"

လက်ရှိ ရွေးချယ်ထားသူ ၄ဦးအနက်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် လျာထားသူတွေဟာ NLD ပါတီဝင်တွေဖြစ်ပြီး ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် လျာထားသူ ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လည်းဖြစ် ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်လည်း ဖြစ်တဲ့ ဦးတီခွန်မြတ်ကိုတော့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်မှုရှိသူတဦးအဖြစ် ဝေဖန်တာတွေ ရှိနေပါတယ်။

ရှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာရေးအဖွဲ့ တာဝန်ခံ ဦးခွန်ဆိုင်းက ဦးတီခွန်မြတ်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

" အများက သူ့ကို လက်ညိုး ထိုးတဲ့ကိစ္စကတော့ မူးယစ်ဆေးဝါးကိစ္စပဲဖြစ်တယ်။ သူကိုယ်တိုင် ပါဝင်ပတ်သက်တယ် ဆိုတဲ့ သက်သေ၊ သာဓက မျိုးကိုတော့ ဘယ်သူမှ သက်သေမပြနိုင်ဘူး။ သို့သော်လည်းပဲ သူ့ရဲ့ လက်အောက်မှာ ရှိတဲ့ လက်ထောက်ခေါင်းဆောင်တွေ၊ ရင်းနှီးတဲ့ အဖွဲ့သားတွေ ရှိတော့ သူတို့က ပတ်သက်နေတဲ့အခါကျတော့ ဒီတော့ သူက ခေါင်းဆောင်တော့ ဟုတ်တယ်။ ခေါင်းရှောင်တဲ့သဘောတော့ လုပ်လို့မရဘူးထင်တယ်လို့ အဲ့လိုမျိုး ပြောကြတာပေါ့နော်။"

၂၀၁၀ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်အတွင်းက ပြည်သူ့စစ်ခေါင်းဆောင်တချို့ လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရချိန်မှာ မူးယစ်ရာဇာတွေ လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာပြီလားဆိုပြီး အစီရင်ခံစာတွေ ထုတ်ပြန်ခဲ့ဘူးပါတယ်။

ဒီလိုဝေဖန်တာတွေ ရှိပေမဲ့ ဦးတီခွန်မြတ်ဟာ လူမှုဆက်ဆံရေးကောင်းသူ တယောက်အဖြစ် နဲ့ NLD ပါတီနဲ့ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အကြား ပေါင်းကူးပေးနိုင်မယ်လို့ မျှော်လင့်နိုင်ကြောင်းလည်း ဦးခွန်ဆိုင်းက ဆက်ပြောပါတယ်။

" ဒီ့ပြင်ပြည်သူ့စစ်ခေါင်းဆောင်တွေထက် စာလို့ရှိရင်တော့ သူက အပြစ်အနာအဆာ အနည်းဆုံး ပုဂ္ဂိုလ်တယောက်လို့ ကျနော်တို့ ပြောနိုင်တာပေါ့။ သူက ပညာလည်း တတ်တယ်။ အားလုံးနဲ့အဆင်ပြေအောင် ဆက်ဆံနိုင်တယ်။ ဒီကွတ်ခိုင်တဝိုက်၊ ရှမ်းပြည်နယ်မြောက်ပိုင်း တဝိုက် ကိုကြည့်မယ်ဆိုလို့ရှိရင် သူ့ကိုလေးစား ချစ်ကြည်တဲ့လူ လည်း အများကြီးရှိတယ်။ အဲ့တော့ NLD နဲ့ USDP ဆက်ဆံရေး မှာလည်း အထောက်အကူပေးနိုင်မယ်လို့ ထင်တာပေါ့လေ။ "

ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်တဲ့ ဦးတီခွန်မြတ်ဟာ ဥပဒေဘာသာနဲ့ ဘွဲ့ရရှိပြီး ရှေ့နေချုပ်ရုံး မှာ ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၀ခုနှစ်မှာ ကွတ်ခိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးချယ်ခံရတဲ့နောက် ပထမကြိမ် လွှတ်တော်သက်တမ်း အတွင်းမှာ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ တာဝန်ယူခဲ့ပါတယ်။

XS
SM
MD
LG