သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၆ မှ ဖွဲ့စည်းပုံပြင်နိုင်မည့် အလားအလာအပေါ် NLD တုံ့ပြန်


ဖွ့ဲစည်းပုံပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲမှာ လက်မှတ်ရေးထိုးနေစဉ်
ဖွ့ဲစည်းပုံပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲမှာ လက်မှတ်ရေးထိုးနေစဉ်

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ ဖြစ်နိုင်ခြေ သိပ်နည်းပေမဲ့ လူထုဆန္ဒအမှန်ကို ဖော်ထုတ်တဲ့အနေနဲ့ တောင်းဆိုတာဖြစ်တဲ့အကြောင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ၂၀၁၅ ရွေးကောက်ပွဲပြီးမှသာ ပြင်ဆင်နိုင်မှာဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက အင်္ဂါနေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့တာကြောင့် NLD ဘက်က တုံ့ပြန်ချက် ထွက်ပေါ်လာတာပါ။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စုလွှတ်တော်မှာ လက်ရှိ ဆွေးနွေးနေချိန်မှာပဲ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာပါ။ လက်ရှိ လွှတ်တော်တွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြားပါတီတွေက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အဓိက တိုက်တွန်းနေပြီးတော့ တပ်မတော်သား ကိုယ်စားလှယ်တွေဘက်ကတော့ မပြင်ဆင်ဖို့ကို ဆွေးနွေးနေပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ သက်ဆိုင်တဲ့ ပုဒ်မ ၄၃၆ အရ တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ ထောက်ခံချက်ကို မရရင်တော့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြင်ဆင်နိုင်မယ့် အခြေအနေမှာ မရှိပါဘူး။

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ လူထုဆန္ဒဖြစ်တဲ့အကြောင်း ပြောဆိုပါတယ်။

“အစကတည်းကလည်း အန်ကယ်လ်တို့ အမြဲတမ်းပြောတယ်။ သင်္ချာနည်းနဲ့တွက်ကြည့်တော့ ၄၃၆ လည်း ကျနော်တို့ မနိုင်ပါဘူး။ ၅၉ (စ) လည်း မနိုင်ပါဘူး။ ဒီလိုဆိုရင် ဘာဖြစ်လို့လုပ်နေလဲ။ ကျနော်တို့က ဒီမိုကရေစီကို ယုံကြည်လို့လုပ်တာ။ ဒီမိုကရေစီဆိုတာ ပြည်သူ့ဆန္ဒ အဓိကပဲ။ အဲတော့ ပြည်သူ့ဆန္ဒတွေ ဒီလိုရှိတယ်ဆိုပြီး ကျနော်တို့ လွှတ်တော်အတွင်းရော၊ လွှတ်တော်အပြင်ပါ ကျနော်တို့ ဒါတွေကို နှိုးဆော်တယ်။ ဒီဥစ္စာဟာ ကျနော်တို့ရဲ့ စဉ်းစားချက်။”

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း သူရဦးရွှေမန်းက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ နိုင်ငံတော်သမ္မတတို့အပေါ်မှာ မူတည်တဲ့အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

တိုင်းရင်းသားပါတီတွေလည်း ဖွဲ့စည်းပုံပြင်ဆင်ပြီးတော့မှ ရွေးကောက်ပွဲ ကျင်းပတာကို လိုလားပြီးတော့ ဒီလိုပြင်ဆင်ဖို့အတွက် လက်ရှိ အာဏာရပါတီ၊ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေအပေါ်မှာ မူတည်တယ်လို့ ပြောဆိုနေပါတယ်။

အတိုက်အခံ နိုင်ငံရေးပါတီ တချို့ကတော့ ဖွဲ့စည်းပုံမပြင်ဆင်ဘဲနဲ့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအပေါ်မှာ သက်ရောက်နိုင်သလိုပဲ အခြား အထွေထွေ တည်ငြိမ်မှု အပေါ်မှာလည်း သက်ရောက်နိုင်တယ်လို့ ပြောဆိုဝေဖန်နေကြပါတယ်။

XS
SM
MD
LG