သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ကော်မရှင်လုပ်ရပ် NLD ဝေဖန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေက ရွေးကောက်ပွဲဆိုင်ရာ အခက်အခဲတွေနဲ့ပတ်သက်လို့ သတင်းဌာနများကို တွေ့ဆုံရှင်းလင်းစဉ်။ (စက်တင်ဘာ ၂၁၊ ၂၀၁၅)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေက ရွေးကောက်ပွဲဆိုင်ရာ အခက်အခဲတွေနဲ့ပတ်သက်လို့ သတင်းဌာနများကို တွေ့ဆုံရှင်းလင်းစဉ်။ (စက်တင်ဘာ ၂၁၊ ၂၀၁၅)

နိုဝင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း မှားယွင်းနေမှုတွေအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဝေဖန်လိုက် ပါတယ်။ ဒါ့အပြင်ရွေးကောက်ပွဲကော်မရှင် အနေနဲ့ ဥပဒေနဲ့မညီတဲ့လုပ်ဆောင်မှုတွေရှိတယ်လို့လည်း ပြောလိုက်ပါတယ်။ ပါတီအချို့ရဲ့ ဥပဒေမဲ့ လုပ်ဆောင်နေမှုတွေကို ကော်မရှင်ကိုတိုင်ကြားပေမယ့် အရေးယူပေးခြင်းမရှိဘဲ မျက်ကွယ်ပြု ထားတယ်လို့လည်း NLD က ပြောပါတယ်။ ဒီအခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခကသတင်းပေးပို့ထားပါတယ်။

ဒီကနေ့ ပါတီအောင်နိုင်ရေးရုံးခန်းမှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မီဒီယာနဲ့တွေ့ဆုံ ပြောကြား ချိန်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ခုလိုပြောဆိုလိုက်တာပါ။

“ဦးတင်ဝင်း..ဆိုတဲ့ အနေနဲ့ပေါ့။ ………… သွားရောက်ပြီးတော့ မှတ်ပုံတင်တင်တယ်။ အဓိပ္ပာယ်ကတော့ တပ်မတော်က ကင်းရှင်းသွားပြီ ဖြစ်တယ်၊ ဒါကြောင့်မို့လို့ သူဟာ ရွေးကောက်ပွဲဝင်ရောက်တယ်ဆိုပြီးတော့ကာ …အဲဒီမှာသွားပြီးတော့ ကြေညာချက်အတိုင်းပဲ သွားပြီး ပြောတယ်၊ လုပ်တယ်ပေါ့။ သို့ပေမယ့် အဲဒီပုဂ္ဂိုလ်ဟာ ပြန်လာပြီးတဲ့အခါမှာ ဦးတင်ဝင်းမဟုတ်တော့ဘဲနဲ့ မူလတာဝန်ဖြစ်တဲ့ ဗိုလ်မှူးကြီး တင်ဝင်းအနေနဲ့ တန်းပြည့် ပြန်လည် စစ်မှုထမ်းခိုင်းတယ်ဆိုတာပေါ့။ စစ်မှုထမ်းဆောင်ရွက်တဲ့အဆက်ဆက်ကို ပြန်လည်ပြီးတော့ တန်းပြည့် ပြန် ဆောင်ရွက်ခွင့်ပေးလိုက်တယ် ဆိုပြီးတော့ လုပ်တဲ့ကိစ္စဟာ ဒါကိုလည်း ကန့်ကွက်လွှာတင်တာကိုလည်း နောက်ကျသွားပြီဆိုပြီး အကြောင်းပြချက်နဲ့ ….လျစ်လျှူရှုလိုက်တဲ့ကိစ္စပုံစံမျိုး တွေ့ပါတယ်။”

မကြာသေးခင်က ရန်ကုန်တိုင်းလုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတာဝန်ကနေ အငြိမ်းစားယူခဲ့တဲ့ ဦးတင်ဝင်းနဲ့ပတ်သက်ပြီး NLD နာယက ဦးတင်ဦးက ခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိမှာ တပ်မတော်ကနေအငြိမ်းစားယူပြီး နိုင်ငံရေးနယ်ပယ်ထဲဝင်ရောက်လာတဲ့ တပ်မတော်သားဟောင်းတွေဖြစ်ကြတဲ့ ဦးလှဌေးဝင်း၊ ဦးဝေလွင်နဲ့ ဝန်ကြီးဟောင်း ဦးမြင့်လှိုင်တို့ဟာ ထုတ်ပြန်ထားတဲ့စည်းကမ်းချက်ကို မလိုက်နာဘဲ မဲဆွယ်စည်းရုံးမှု လုပ်ဆောင်ခဲ့တဲ့ အထောက်အထားတွေ ရှိပေမယ့် ရွေးကောက်ပွဲကော်မရှင်က အရေးမယူခဲ့ဘူးလို့ သူက ထောက်ပြ ပြောဆိုခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဗဟိုကော်မတီဝင်ဦးဝင်းထိန်ကလည်း မအူပင်ကနေ ကြံ့ခိုင်ရေးပါတီလွှတ်တော် ကိုယ်စားလှယ် အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးသိန်းညွှန့်မှာ မိဘနှစ်ပါးစလုံး နိုင်ငံခြားသားဖြစ်ကြောင်း အထောက်ထားတွေရှိနေပေမယ့် လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပေးထားကြောင်း ဒီအပေါ် NLD အနေနဲ့တင်ပြခဲ့ပေမယ့် ကော်မရှင်အနေနဲ့ ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းခြင်းမရှိဘဲ စစ်ဆေးနေဆဲ ဖြစ်တယ်လို့သာ အကြောင်းပြချက်ပေးခဲ့တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

ဒါ့အပြင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မဲမပေးရေး ပါတီကြီးတခုနဲ့ မဘသအဖွဲ့က လှုံ့ဆော်တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့တော့ သူက အခုလို ပြောပါတယ်။

“အဲဒီကြေညာချက်က မဘသကထုတ်တာ၊ သေချာတယ်။ ကျနော်တို့ပါတီဥက္ကဋ္ဌကို နာမည်နဲ့တကွ ဖော်ပြတဲ့အပြင်ကို ကျနော်တို့ဟာ သူတို့ အမျိုး၊ ဘာသာ၊ သာသနာ၊ ဥပဒေကို မထောက်ခံတဲ့အတွက်ကြောင့် မဲမပေးဖို့ဆိုတဲ့ လှုံ့ဆော်တဲ့စာ။ အဲဒါနဲ့ပတ်သက်လို့ ဖြန့်ဝေတဲ့ပုဂ္ဂိုလ်က အာဏာရ ပါတီကြီးက ပုဂ္ဂိုလ်။ မြစ်ဝကျွန်းပေါ်တို့၊ ဟင်္သာတတို့၊ ပုသိမ်တို့မှာဆိုလို့ရှိရင် အဲဒီ ရန်ကုန်ကနေ ပို့လိုက်တဲ့ကြေညာချက် အထုတ်လိုက်၊ အထုတ်လိုက်ကို ဓာတ်ပုံရှိတယ်၊ ဖြန့်ဝေတဲ့စာတွေရှိတယ်။ ဖြန့်ဝေတဲ့ပုဂ္ဂိုလ်တွေရှိတယ်။အဲဒါတွေနဲ့ပတ်သက်ပြီးတော့ အကျိုးအကြောင်း ဖော်ပြပြီးတော့ UEC ကို တင်ပြတဲ့ အခါမှာ ကျနော်တို့ ပြောတာကို ဘယ်လိုမှ အရေးယူမပေးဘူး။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဗဟိုကော်မတီဝင်ဦးဝင်းထိန်ပြောဆိုထားတာပါ။ လက်ရှိ နောက်ဆုံးထုတ်ပြန်ထားတဲ့ မဲစာရင်းနဲ့ ပတ်သက်ပြီး ကြုံတွေ့ နေရတဲ့အပေါ်မှာလည်း သူကခုလိုပြောပြပါတယ်။

“ရန်ကုန်တိုင်းက တချို့မြို့နယ်တွေမှာတွေ့တာရော၊ ရှမ်းပြည်မှာရော၊ တနင်္သာရီမှာရော တိုင်းနဲ့ပြည်နယ်အနှံ့မှာတွေ့တာက တချို့ မိသားစုတွေမှာ ကိုယ့်မိသားစုမဟုတ်ဘဲနဲ့ လေးယောက်ပိုတာရှိတယ်။ ၈ ယောက်ပိုတာရှိတယ်။ အဲဒါကို သက်ဆိုင်ရာမိသားစုတွေက မြို့နယ်ကော်မရှင်ကို သွားပို့တယ်။ ကန့်ကွက်မယ်လို့ပြောတာ၊ ကန့်ကွက်ပိုင်ခွင့်မရှိဘူး။ လဝက-သွား၊ လဝက-ကို သွားပြီးပြောတဲ့ အခါကျတော့ လဝက-က သူတို့နဲ့မဆိုင်ဘူး၊ ကော်မရှင်နဲ့ ဆိုင်တယ်- အဲဒီလို ဘောလီဘောပုပ်တယ်-တဲ့။ ပိုတဲ့ပုဂ္ဂိုလ်တွေက ဘယ်သူတွေလဲ မသိဘူး။ အဲဒီတော့ တမြို့နယ်၊ တမြို့နယ်မှာ ပိုနေမယ် ဆိုလို့ရှိရင် တတိုင်းလုံးဆိုလို့ရှိရင်သောင်းနဲ့ သိန်းနဲ့ချီ ရှိမယ်လို့ ကျနော်တို့ မှန်းဆရ တယ်။”

မဲစာရင်းမှားယွင်းမှုတွေကြောင့် ပါတီအောင်နိုင်ရေးအပေါ်မှာထိခိုက်နိုင်တယ်လို့ လည်း ဦးဝင်းထိန်က ခုလိုပြောပါတယ်။ ပါတီအောင်နိုင်ရေး လုပ်ဆောင်တဲ့ အပေါ်မှာ အခက်ခဲတွေရှိနေပေမယ့် ရာခိုင်နှုန်းပြည့်အောင်မြင်အောင်လုပ်ဆောင်မှာ ဖြစ်ကြောင်း နာယကဦးတင်ဦးက ပြောပါတယ်။

XS
SM
MD
LG