သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော် အကြီးအကဲ လျာထားမှု NLD အတည်မပြုသေး


လွှတ်တော်၊ နေပြည်တော်။
လွှတ်တော်၊ နေပြည်တော်။

၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ရှေ့လ ၁ ရက်နေ့ စတင်ကျင်းပမယ့် လွှတ်တော်သစ် ၂ ရပ်အတွက် လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ နေရာ ၄ နေရာအတွက် ဘယ်သူတွေ ရွေးချယ်ထားသလဲ ဆိုတာ ကို လောလောဆယ် အတည်မပြုနိုင်သေးဘူးလို့ ပါတီပြောခွင့်ရတဦးက ဗွီအိုအေကို ပြောပါတယ်။ ရွေးချယ်မှုတွေမှာ အငြင်းပွားစရာတွေ ဖြစ်မှာစိုးတဲ့အတွက် ထိန်းထိန်းသိမ်းသိမ်း ထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက အပြည့်စုံ ပြောပြပါမယ်။

တိုင်းရင်းသား လွှတ်တော်အမတ် ၃ ဦး အပါအဝင် လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ ၄ နေရာကို NLD ပါတီက ရွေးချယ်ထားပြီးဖြစ်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက မနေ့က ဗုဒ္ဓဟူးနေ့မှာ AFP သတင်းဌာနကို ပြောဆိုခဲ့တာပါ။ ဒီကိစ္စ NLD ပါတီကို တိုက်ရိုက် မေးမြန်းတဲ့ အခါမှာတော့ -NLD အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်နေတဲ့ ကိစ္စဖြစ်လို့ လောလောဆယ် အတည်မပြုနိုင်သေးဘူးလို့ ပါတီပြောခွင့်ရ ဦးဝင်းထိန်က ဗွီအိုအေကို ပြောပါတယ်။

" နံပတ်တစ်- လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ ဆိုတာ အင်မတန် အရေးကြီးတဲ့ ရာထူးတွေ၊ အဲ့ဒီ့ရာထူးတွေကို သတင်းဌာနတခုကို တယ်လီဖုန်းနဲ့ ဆက်ပြီး ပြောတာမျိူး ဘယ်တော့မှ မလုပ်ဘူး။ နံပတ်နှစ်- အဲ့ဒီ့ကိစ္စက CEC ဆုံးဖြတ်ချက် မဟုတ်ဘူး။ ဦးဉာဏ်ဝင်း သူ့ဘာသာသူ ပြောတဲ့ကိစ္စဖြစ်လို့ ဒီကိစ္စဟာ ပါတီတွင်းမှာ အငြင်းပွားနေတာဖြစ်နေတယ်။ နံပတ်သုံး- ကျနော်တို့က အမျိုးသားရင်ကြားစေ့ရေးမူ လည်းပါတယ်။ နောက် တိုင်းရင်းသားတွေရော အခြား ပါတီ့ သင့်တော်တဲ့သူတွေကိုလည်း ရွေးချယ်မှာမို့လို့ အဲ့ဒီ့လူတွေကို ထုတ်ပြောလိုက်လို့ရှိရင် သူတို့ဆီမှာ ပြဿနာဖြစ်မှာစိုးတယ်။ အဲ့တာကြောင့်မို့လို့ ကျနော်တို့က ထိန်းထိန်းသိမ်းသိမ်းလုပ်နေတယ်။ နောက်တခုက ဒီဥစ္စာကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သတိထားပြီးတော့မှ လုပ်နေတဲ့ ကိစ္စဖြစ်တော့ သူကိုယ်တိုင် Timing ပေါ့။ သင့်တော်တဲ့ အချိန်ကျမှ ပြော ပါလိမ့်မယ်။ ကြေညာချက် ထုတ်ပါလိမ့်မယ်။ သတင်းဌာနတခုကို ဟိုဟာ လုပ်တယ်ဆိုပြီးမှ ကျနော်တို့ မလုပ်ပါဘူး။ ကျနော့် ဘေးနားက လူတွေအားလုံး ကိုပြောပါတယ်။ စိတ်ရှည်ရှည်နဲ့ သီးခံစောင့်ကြပါလို့ပြောထားတယ်။ ဦးဉာဏ်ဝင်းပြောတဲ့ကိစ္စကို ငြင်းလည်း မငြင်းဘူး။ အတည်လည်း မပြုဘူး။ "

၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ NLD ပါတီအနေနဲ့ ရှေ့လ ၁ ရက်နေ့ စတင်ကျင်းပမယ့် လွှတ်တော်သစ် ၂ ရပ်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် NLD ပါတီပြောခွင့်ရ ပုဂ္ဂိုလ် တဦးဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် NLD ပါတီရဲ့ ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဦးမန်းဝင်းခိုင်သန်း တို့ကို အသီးသီး ရွေးချယ်ထားပြီး ဒုဥက္ကဋ္ဌ နေရာတွေ အတွက်ကိုတော့ ANP ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်တဦးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကချင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တဦးကို ရွေးချယ်ထားတယ်လို့ ဦးဉာဏ်ဝင်းက ပြောဆိုခဲ့တာပါ။ ဒါပေမဲ့ ပြောခွင့်ရ ဦးဝင်းထိန်ကတော့ ဒီကိစ္စကို မတည်ပြုသလို ငြင်းဆိုခြင်းလည်း မလုပ်ခဲ့ပါဘူး။

NLD ပါတီ အနေနဲ့ အခုလို ကိစ္စမျိုးတွေမှာ အဖွဲ့စည်းတွင်း စိန်ခေါ်မှုတွေ ရှိနေရတာဟာ ပါတီ တည်ဆောက်ရေးနဲ့ ဖွဲ့စည်းမှုအပိုင်းမှာ အားနည်းချက်တွေ ရှိနေတာကြောင့်ဖြစ် တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတဦးဖြစ်တဲ့ ဦးရန်မျိုးသိမ်းက ပြောပါတယ်။

" ကျနော့်အမြင်ကတော့ဗျာ လွှတ်တော်ဥက္ကဋ္ဌပဲဖြစ်ဖြစ်၊ သမ္မတပဲဖြစ်ဖြစ် ဒုသမ္မတပဲဖြစ်ဖြစ် ဝန်ကြီး အဖွဲ့ဝင်တွေပဲဖြစ်ဖြစ် ကြိုပြီး ကြေညာတာ၊ ပြည်သူလူထုကို ကြိုပြီး အသိပေးတာ ပြဿနာမရှိဘူးလို့ ကျနော်ကမြင်တယ်။ အဲ့ဒီ့လိုကြိုပြီး အသိမပေးနိုင်ဘူး ဆိုရင် ဒါဟာ အဖွဲ့အစည်းအတွင်းမှာ အားနည်းချက်တွေ၊ အဖွဲ့အစည်း အတွင်းမှာ စိန်ခေါ်မှုတွေ အခက်အခဲတွေရှိနေတယ် ဆိုတာကို ထောက်ပြသလိုမျိုး ဖြစ်နေတယ်။ အဲ့တော့ လက်ရှိအခြေအနေမှာလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေအထားကို ကြည့်လိုက်လို့ရှိရင်တော့ သမ္မတ၊ ဒုသမ္မတ ဘယ်သူဖြစ်မလဲဆိုတာကို မပြောနိုင်သေးဘူး။ လွှတ်တော်ဥက္ကဋ္ဌတွေ ဘယ်သူဖြစ်မလဲ ဆိုတာ ထုတ်မပြောနိုင်သေးဘူးဆိုတာ အဲဒီ့ရွေးချယ်မှုတွေနဲ့ ပတ်သက်ပြီး အဲ့ဒီ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီး ပါတီထဲမှာ ထုတ်ပြောလိုက်ရင် ပါတီထဲမှာ အကျပ်အတည်းတွေဖြစ်လာမလား ဝေဖန်သုံးသပ်မှုတွေ မြင့်တက်မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတာဟာ သဘာဝမကျဘူးလို့ ကျနော်ကတော့ မြင်တယ်။ နောက်ပြီး တကယ်တမ်း ပါတီဖွဲ့စည်းမှုပိုင်းနဲ့ပတ်သက်ပြီး အားနည်းချက်တွေ ဟာ ရွေးကောက်ပွဲ မတိုင်ခင် လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးချယ်ကတည်းက စပြီး ရှိခဲ့တဲ့ အားနည်းချက်တွေ အပေါ်မှာ အခြေခံနေတယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ "

လက်ရှိသတင်းထွက်ပေါ်နေသလို NLD ပါတီက လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌနေရာတွေ အတွက် တိုင်းရင်းသား လွှတ်တော်အမတ်တွေကို ဦးစားပေး ရွေးချယ်ထားတယ် ဆိုရင်တော့ လာမယ့်လွှတ်တော်သစ်ဟာ အရင်လွှတ်တော်ထက် ပိုမို အားကောင်းပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်တဲ့ လွှတ်တော် ဖွဲ့စည်းမှု ပုံစံမျိုး ဖြစ်လာနိုင်တယ်လို့လည်း ဦးရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

NLD ပါတီက ရွေးချယ်မယ့်သူတွေကိုတော့ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ နေရာတွေမှာ တရားဝင် ခန့်အပ်ခံရဖို့ကိုတော့ လွှတ်တော်က မဲခွဲ အတည်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လွှတ်တော်အမတ်နေရာ အများစုကို NLD ပါတီက အနိုင်ရထားတာကြောင့် သူတို့အနေနဲ့ အတည်ပြုချက် အလွယ်တကူရမယ့် အခြေအနေ ဖြစ်ပါတယ်။

XS
SM
MD
LG