သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရဖွဲ့ခွင့်ရရင် NLD ကျင့်သုံးမယ့် ပါတီမူဝါဒထုတ်ပြန်


တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ တပ်မတော်ကို ပြုပြင်ပြောင်းလဲရေးတို့ ပါဝင်တဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းကို အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်လိုက်ပါတယ်။

ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ရှင်းလင်းပြီး ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာဖို့၊ အစိုးရဝန်ကြီးဌာနတွေကို လျှော့ချပြီး ကျစ်လစ်တဲ့ အစိုးရတရပ် ဖွဲ့စည်းနိုင်ဖို့တို့ကို အာရုံစိုက် လုပ်ဆောင်သွားဖို့ ရည်ရွယ်သလို တပ်မတော်ဟာ နိုင်ငံ့အတွက် မရှိမဖြစ် အရေးပါတယ်လို့လည်း အတိုက်အခံပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းက ရည်ညွှန်းထားပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော် ရွေးကောက်ပွဲတွေမှာ အများစုအနိုင်ရပြီး အစိုးရ ဖွဲ့နိုင်ခဲ့ရင် ကျင့်သုံး ဆောင်ရွက်သွားမယ့် အခြေခံမူဝါဒတွေအဖြစ် နိုင်ငံရေး ကြေညာစာတမ်းကို ထုတ်ပြန်လိုက်ပါတယ်။ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို အဓိက ဦးစားပေးထားတဲ့ NLD ရဲ့ နိုင်ငံရေး ကြေညာစာတမ်းနဲ့ ပတ်သက်လို့တော့ ပါတီရဲ့ပြောခွင့်ရ ဦးဝင်းမြင့် က အခုလို ပြောပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ ဒါက ကျနော်တို့က ရွေးကောက်ပွဲဝင်တဲ့အခါမှာ ကျနော်တို့ရဲ့ မဲအများစုရခဲ့လို့ အစိုးရဖွဲ့နိုင်လို့ရှိရင် ကျနော်တု့ိမှာ လုပ်ပိုင်ခွင့်ရှိလို့ရှိရင် ဒီမူတွေအညီ လုပ်ပါမယ်ဆိုတာ ပြည်သူကို ကျနော်တို့က ကြိုအသိပေးတာ။ ကျနော်တို့နိုင်ငံကို ပြည်ထောင်စုနိုင်ငံ တည်ထောင်မယ်ဆိုရင် တိုင်းရင်းသားတွေမပါဘဲနဲ့ ပြည်ထောင်စုနိုင်ငံ တည်ထောင်လို့ မရဘူးဗျ။ တိုင်းရင်းသားလူမျိုးစုတွေ အားလုံးပါဝင်မှ ပြည်ထောင်စုနိုင်ငံ တည်ထောင်လို့ရမှာ။ အဲတော့ တိုင်းရင်းသား လူမျိုးစုတွေကလည်း တန်းတူညီမျှတဲ့ အခွင့်အရေးတင်မဟုတ်ဘူး။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိရမယ်ဆိုတာ နဂို ၈၈ ပါတီထောင်ကတည်းကိုက ပါတီရဲ့ မူဝါဒ သဘောထားမှာပါသလို၊ ၉၀ ခုနှစ် ရွေးကောက်ပွဲ ကြေညာစာတမ်းမှာလည်း အဲဒါ ပါခဲ့တယ်ဗျ။ အဲဒီတုန်းကတည်းက ပါခဲ့တာ။ အခုမှ ပါတာမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့က တိုင်းရင်းသားအရေးကို အစဉ်အမြဲ ကျနော်တို့က အလေးထားတယ်၊ အရေးပေးတယ်။ ဘာလို့လဲဆိုတော့ ပြည်ထောင်စုနိုင်ငံ တကယ်တည်ထောင်မယ်၊ ပြည်ထောင်စုနိုင်ငံ တကယ်တည်ထောင်ရင် တိုင်းရင်းသားမပါဘဲ လုံး၀ တည်ထောင်လို့မရဘူး။ တိုင်းရင်းသားတွေပါမှ တည်ထောင်လို့ ရမှာမို့လို့ ဒါကြောင့် ကျနော်တို့က တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးထားတာဗျ။”

အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသားနယ်မြေ မဲဆန္ဒနယ်တိုင်းလိုလိုမှာ ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ပါတီအနေနဲ့လည်း တိုင်းရင်းသား မဟာမိတ်တို့နဲ့ အစဉ်တစိုက် ဆွေးနွေးညှိနှိုင်းမှုတွေ ရှိတယ်လို့လည်း ပါတီဘက်က ပြောပါတယ်။ ဒါပေမဲ့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲကာလက အဓိက အတိုက်အခံ NLD ပါတီရဲ့ မဟာမိတ်ဖြစ်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးကတော့ NLD အနေနဲ့ လွတ်လပ်တဲ့ တိုင်းရင်းသားပါတီတို့နဲ့ တန်းတူဆက်ဆံဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

“လွတ်လွတ်လပ်လပ် တန်းတူရည်တူ ပြောနိုင်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ တခုခုကတော့ သူနဲ့ ပါသွားရမှာပဲလေ။ သူ့အောက်က တိုင်းရင်းသားတွေကတော့ ဘာမှလုပ်လို့ ပြောလို့ရမှာမဟုတ်ဘူး။ ကျနော်တို့တတွေပေါ့ အထူးသဖြင့်တော့ UNA မပါဘဲနဲ့တော့ ကျနော်ထင်တယ် ဘယ်လိုနည်းနဲ့မှ တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုကတော့ ရမယ်မထင်ဘူး။ နောက်ပြီးတော့ ဗမာ့နိုင်ငံရေးက တိုင်းရင်းသားတွေလည်း အရေးပါတာပဲ။ အဲတော့ ဘာပဲဖြစ်နေဖြစ်နေ လွတ်လွတ်လပ်လပ်ရှိတဲ့ တိုင်းရင်းသားတွေ၊ တန်းတူရည်တူ ပေါင်းပြီးတော့မှ အကြံဉာဏ်ယူမှပဲ ရမယ်။ ကျနော်တို့ကိုတော့ ဒုတိယတန်းစားအနေနဲ့ ဆက်ဆံလို့လည်း ကျနော်တို့က လက်ခံမှာ မဟုတ်ဘူးလေ။ ကျနော်တို့ကတော့ တန်းတူရည်တူပေါင်းမယ်၊ ရှင်းရှင်းပြောရင်တော့ အဲဒီ ပြောတယ်ဆိုတဲ့နေရာမှာလည်း တပည့်မရှိဘူး။ ဒါ ရှင်းရှင်းပြောရင်တော့ မိတ်ဆွေကောင်းအနေနဲ့ ကျနော်တို့ စကားပြောကြမှာပဲ။”

နှစ်ပေါင်းများစွာ တည်တံ့နေတဲ့ တိုင်းရင်းသားပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့အတွက် ပါတီကိုယ်စားလှယ် တိုင်းရင်းသားတွေနဲ့တင် ဆောင်ရွက်လို့ ရနိုင်မှာမဟုတ်ဘဲ တိုင်းရင်းသားပါတီတွေ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှ ဖြစ်မယ်လို့ ဦးခွန်ထွန်းဦးက ထောက်ပြ ပြောဆိုခဲ့တာပါ။ အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု ဖော်ဆောင်နိုင်ရေးကို တစိုက်မတ်မတ် အာရုံစိုက် လုပ်ဆောင်နေတယ်လို့ ပြောဆိုပါတယ်။ ပါတီရဲ့ နိုင်ငံရေး ကြေညာစာတမ်းမှာတော့ တိုင်းရင်းသားအရေးအပြင် အခြေခံဥပဒေပြင်ဆင်ရေး၊ ခေတ်မီပြီး အဆင့်အတန်း မြင့်မားတဲ့ တပ်မတော်ကို တည်ဆောက်ဖို့၊ ကျစ်လစ်တဲ့ အစိုးရတရပ် ပေါ်ပေါက်ရေး၊ လယ်သိမ်းယာသိမ်းကိစ္စတွေ ဖြေရှင်းပေးဖို့၊ ပြည်တွင်း ပြည်ပ အလုပ်သမားတွေအရေး၊ ပညာရေးအဆင့် မြှင့်တင်ဖို့နဲ့ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်း တိုးမြှင်ဖို့ အပါအဝင် လူငယ်၊ အမျိုးသမီး အရေးတွေကိုလည်း ထည့်သွင်းထားပါတယ်ရှင်။

XS
SM
MD
LG