သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ NLD နဲ့ ၈၈ သတိပေး


မြန်မာနိုင်ငံမှာ ဒီနှစ်နှောင်းပိုင်း ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ လွတ်လပ်ပြီး၊ တရားမျှတမှုရှိဖို့ လိုအပ်ချက်တွေ အများအပြား ရှိနေတယ်လို့ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေက သတိပေးလိုက်ပါတယ်။

ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး စတာတွေလို အခြေခံကျကျ ပြင်ဆင်စရာတွေ သာမက ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့် မဆုံးရှုံးစေဖို့ ဆောင်ရွက်ရမယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း NLD ပါတီနဲ့ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) တို့ရဲ့ ဒီကနေ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့ အချိန်အတိုင်း ကျင်းပနိုင်ဖို့၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက်ဖို့၊ နိုင်ငံတကာက အကဲခတ်သူတွေကို လွတ်လွတ်လပ်လပ် လေ့လာခွင့်ပြုဖို့ စတာတွေလို ရွေးကောက်ပွဲနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စတွေမှာ လိုအပ်ချက်တွေကို NLD ပါတီနဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) တို့က ခေါင်းဆောင်တွေက ထောက်ပြခဲ့ကြတာပါ။ ဒီလိုပဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်ဖို့ အဓိက လိုအပ်ချက်တခုအဖြစ် ၂၀၀၈ ခုနှစ် ဖွဲစည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဖို့ NLD အနေနဲ့ ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့လည်း ပြောခွင့်ရသူ ဦးဉာဏ်ဝင်း က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

“ရွေးကောက်ပွဲ မှန်မှန်ကန်ကန်လုပ်ဖို့၊ ဥပဒေအတိုင်းလုပ်ဖို့နဲ့ ကောင်းမွန်တဲ့ ဥပဒေတွေရှိဖို့ အဲဒီလိုတွေ ပြောထားတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ရင် ၄၃၆ တင် မကပါဘူး၊ လိုအပ်တဲ့ပြင်ဆင်မှုတွေကို ဆက်လက် ကြိုးစားနေမှာပဲ။ အဲဒီမှာ ကျနော်တို့ပြောထားတယ်။ လွှတ်တော်တွင်း၊ လွှတ်တော်ပ။ လွှတ်တော်တွင်းဆိုတာက လွှတ်တော်မှာရှိနေတဲ့ အင်အားတော့မများဘူး၊ သို့သော် ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေရှိတယ်။ လွှတ်တော်ပဆိုတာ နိုင်ငံရေးအရ ထင်ရှားလာအောင် အစိုးရသဘောပေါက်လာအောင်၊ ပြည်သူလူထု ထောက်ခံလာအောင် ဒီလိုလုပ်ရပ်တွေတော့ ရှိတာပေါ့။”

မြန်မာအစိုးရကတော့ ရွေးကောက်ပွဲတွေကို အောက်တိုဘာလကုန်၊ ဒါမှမဟုတ် နိုဝင်ဘာလမှာ ကျင်းပနိုင်ဖို့ ရည်မှန်းထားပြီး၊ မဲပေးခွင့်ရှိသူတွေရဲ့ စာရင်းတွေကိုလည်း တနိုင်ငံလုံးမှာ ၄ သုတ်ခွဲ ထုတ်ပြန်ဖို့ စီစဉ်ထားပါတယ်။ ပထမအကြိမ်အဖြစ် မတ်လ ၃၀ ရက်နေ့ကနေ၊ ဧပြီလ ၁၂ ရက်နေ့အထိ ရန်ကုန်တိုင်းမြို့နယ် ၁၀ မြို့နယ်မှာ ထုတ်ပြန်ပေးခဲ့ပါတယ်။ ဒုတိယအကြိမ်အဖြစ် ရန်ကုန်တိုင်း ၁၄ မြို့နယ်နဲ့ နေပြည်တော်ကောင်စီ ၈ မြို့နယ်မှာ မေလ ၂၅ ရက်နေ့ကနေ ဇွန်လ ၇ ရက်နေ့အထိ မဲဆန္ဒရှင်စာရင်းတွေကို ထုတ်ပြန်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း စာရင်းထုတ်ပြန်ရာမှာ အမှားအယွင်းတွေ တွေ့နေရတဲ့အတွက် မဲပေးပိုင်ခွင့် ဆုံးရှုံးမှာကို စိုးရိမ်ရတယ်လို့လည်း NLD က သတိပေးပါတယ်။

“အခု ထုတ်ပြန်နေတဲ့ မဲစာရင်းတွေ မှားယွင်းမှုကတော့ အံ့သြစရာကောင်းလောက်အောင် များနေတယ်။ ဒါလည်း အန်ကယ်လ်တို့ စနစ်တကျ ပြုစုပြီးတော့ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြမှာပါ။ ဘာကြောင့် ဒီလို အမှားများနေသလဲဆိုတာတော့ အန်ကယ်လ်တို့ မသိသေးဘူး။ ကျနော်တို့ လူ ၁၀ ယောက် မှတ်ပုံတင်တခုတည်း တန်းစီပြီးတော့ မဲစာရင်းထဲပါတယ်။ ဒါ ဘယ်လိုဖြစ်နိုင်မလဲ ဟုတ်တယ်မဟုတ်လား။ နောက်တခု အန်ကယ်လ်ုတို့ ပတ်ဝန်းကျင်မှာရှိနေတဲ့ NLD က လူတွေရဲ့ မဲစာရင်းတွေ အကုန်လုံးလောက်ကို အချက်အလက်တွေ မှားတယ်။ မှတ်ပုံတင်မှားတယ်၊ မိဘနာမည်မှားတယ်။ ရပ်ကွက်နာမည်မှားတယ်။ တခုမဟုတ် တခုမှားနေတယ်။ ဥပမာပေးပြောရရင်တော့ မဲပေးခွင့် အခွင့်အရေးတွေ လူတော်တော်များများ ဆုံးရှုံးရမလို ဖြစ်နေတယ်။”

ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ခဲ့ပြီးတဲ့နောက် မှားယွင်မှုတွေရှိကြောင်း ပြန်လည် ပြင်ဆင်မှုတွေလုပ်မယ့် အကြောင်းကိုတော့ အစိုးရပိုင်သတင်းတွေက ထုတ်ပြန်ခဲ့ပါတယ်။ ကျန်တဲ့မဲစာရင်းတွေကိုတော့ လာမယ့် ဇွန်လ ၈ ရက်နေ့နဲ့ ဇွန်လ ၂၅ ရက်နေ့တွေမှာ ထုတ်ပြန်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပညာပေးမှုတွေကိုတော့ လူထုအခြေပြု အဖွဲ့အစည်း အတော်များများက လိုက်လံဆောင်ရွက်နေကြပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့နဲ့ ပြည်သူတွေက သူတို့ဆန္ဒအတိုင်း မဲပေးပိုင်ခွင့်ရဖို့တွေကို ပညာပေးလှုံ့ဆော်မှုတွေကိုလည်း လုပ်ဆောင်နေကြပါတယ်။

မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကတော့ တရားနည်းလမ်းကျတဲ့ ရွေးကောက်ပွဲ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ကြီးကြပ်သူအဆင့်ဆင့်ရဲ့ ဘက်လိုက်မှုကင်းတဲ့ ဆောင်ရွက်ချက်တွေ လိုအပ်ကြောင်းနဲ့ လက်ရှိ အခြေအနေအရတော့ ဗဟိုကစပြီး အောက်ခြေအဆင့်ထိ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေအနေနဲ့ ဘက်လိုက်မှုကင်းကင်းနဲ့ ဆောင်ရွက်နိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာတွေ ရှိတယ်လို့လည်း ဒီနေ့ NLD နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ပူးတွဲထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်ရှင်။

XS
SM
MD
LG