သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်ရေးရာ ဦးဆောင်ကော်မတီ NLD ဖွဲ့စည်း


ပြည်ထောင်စု လွှတ်တော်
ပြည်ထောင်စု လွှတ်တော်

ရွေးကောက်ပွဲမှာ အမတ်နေရာ အများစုအနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က NLD ပါတီက လွှတ်တော်ရေးရာဦးဆောင်ကော်မတီကို ဒီကနေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။

မကြာခင်စတင်မယ့် ဒုတိယအကြိမ် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ဖို့အတွက် ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ NLD ဘက်က ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်သစ်ကို စတင်တော့မှာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ၆၀၀ ကျော် တက်ရောက်မယ့် ဒုတိယအကြိမ် လွှတ်တော်အသီးသီးအတွက် လွှတ်တော်ဆိုင်ရာ လုပ်ငန်းတွေကို ပေါင်းစပ်ညှိနှိုင်းဖို့အတွက် အဖွဲ့ဝင် ၅ ဦးပါဝင်တဲ့ လွှတ်တော်ရေးရာဦးဆောင်ကော်မတီတရပ်ကို ဖွဲ့စည်းလိုက်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဒီကနေ့မှာ ကြေငြာပါတယ်။

ဒီကော်မတီက လုပ်ဆောင်မယ့် လွှတ်တော်ဆိုင်ရာလုပ်ငန်းများနဲ့ ပတ်သက်ပြီး NLD ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြင့်က အခုလို ပြောပါတယ်။

“လွှတ်တော်လုပ်ငန်းတွေသည် ကျနော်တို့မှာ ဥပမာဆိုရင် လေ့လာပြီး တက်ချင်တဲ့လူတွေရှိတယ်၊ လာချင်တဲ့ မီဒီယာတွေရှိတယ်။နောက်တခါ တချို့တက်ရောက်ချင်တဲ့ သံတမန်တွေရှိတယ်၊ တချို့တက်ရောက်ချင်တဲ့ စိတ်ပါဝင်စားတဲ့ ပြည်သူတွေရှိတယ်။ အဲဒီအခါကျတော့ ကျနော်တို့ ဒီဟာတွေအကုန်လုံးက ကျနော်တို့ပဲ တာဝန်ရှိတာကို၊ ဒါကြောင့်မို့လို့ လွှတ်တော်ရုံးနဲ့ ပေါင်းစပ်ပြီးလုပ်ဖို့ ။ ဘာကြောင့်လဲဆိုတော့ ဒီလို တက်ချင်တဲ့ လူတွေအကုန်လုံးကလည်း အကုန်ခွင့်ပြုလို့လည်း မရဘူးလေဗျာ။ ဥပမာဆိုရင် မီဒီယာကလည်း ၃၊ ၄ ရာ ဖြစ်မယ် ။ သံတမန်တွေက ၂၀၀-၃၀၀ ဖြစ်မယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေက လက်ရှိလူနဲ့ အဟောင်းနဲ့ လေ့လာသူနဲ့ တက်မှာဆိုတဲ့အခါကျတော့ နေရာအခင်းအကျင်းတွေက အစဗျာ၊ အဲဒါကြောင့်မို့လို့ အဲဒါတွေကို စီစစ်ပြီးတော့ နေရာလေး ခွဲတမ်း လေးတွေနဲ့ ချပြီးတော့ လုပ်နိုင်ကိုင်နိုင်ဖို့ကို ပေါင်းစပ်ညှိနှိုင်းပြီးလုပ်ဖို့ ဒီလွှတ်တော်ရုံးနဲ့ အဲဒါပဲ။”

NLD က အခုဖွဲ့စည်းလိုက်တဲ့ လွှတ်တော်ရေးရာ ဦးဆောင်ကော်မတီမှာ အဖွဲ့ခေါင်းဆောင်အဖြစ် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ဦဆောင်မှာဖြစ်ပြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ ရွေးချယ်ခံခဲ့ရတဲ့ ဦးမန်းဝင်းခိုင်သန်း နဲ့ ဦးမင်းဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံရတဲ့ ဒေါ်ခင်စန်းလှိုင် နဲ့ ဦးအောင်စိုး တို့ ၅ ဦးပါဝင်မှာဖြစ်တယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီက လွှတ်တော် ၂ ရပ်စလုံးမှာ အနိုင်ရရှိခဲ့သလို၊ ပြည်နယ် နဲ့ တိုင်းအများစုမှာလည်း နေရာအများစုကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီက အစိုးရဖွဲ့ဖို့အတွက် ပြင်ဆင်မှုတွေလုပ်နေသလို၊ လွှတ်တော်ဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ဦးဆောင် ဆောင်ရွက် ဖို့အတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။

နိုင်ငံရေးအကဲခတ်တွေ နဲ့ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ အခုဖွဲ့စည်းလိုက်တဲ့ လွှတ်တော်ရေးရာဦးဆောင်ကော်မတီရဲ့ အဖွဲ့ခေါင်းဆောင် ဦးဝင်းမြင့်ဟာ လာမယ့်လွှတ်တော်သစ်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာမယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။

XS
SM
MD
LG