သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယအကြိမ် လွှတ်တော်အတွက် NLD အသင့်ရှိ


NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။၂၈ ဇန်နဝါရီ ၂၀၁၆ (သတင်းဓါတ်ပုံ-NLD Chairperson)
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။၂၈ ဇန်နဝါရီ ၂၀၁၆ (သတင်းဓါတ်ပုံ-NLD Chairperson)

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေ ရွေးချယ်တင်မြှောက်ခဲ့ကြတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေ စတင်ဦးဆောင်တော့မယ့် ဒုတိယအကြိမ်မြှောက် လွှတ်တော်အစည်းအဝေးအတွက် NLD ကိုယ်စားလှယ်တွေ အဆင်သင့်ဖြစ်နေပြီလို့ NLD တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စတင်ပြီး လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့ကို အတည်ပြုမှာ ဖြစ်သလို ဖေဖဝါရီလ ၃ ရက်နေ့မှာလည်း အမျိုးသား လွှတ်တော်ကို စတင်မှာဖြစ်တယ်လို့ NLD တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

အပြည့်အစုံကိုတော့ နေပြည်တော်မှာ ရောက်ရှိနေတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။

စစ်အုပ်ချုပ်ရေး စနစ်ကနေ အသွင်ပြောင်းပြီး အရပ်သားအစိုးရတစ်ပိုင်း ကိုယ်စားလှယ်တွေ လွှတ်တော်တွင်းမှာ အများစု နေရာယူခဲ့ကြတဲ့၅ နှစ်တာ လွှတ်တော် အစည်းအဝေးတွေ ပြီးတဲ့နောက် ဒုတိယ အကြိမ်မြှောက် လွှတ်တော်အသစ်ကိုတော့ ပြည်သူတွေ ရွေးချယ် တင်မြှောက်ခဲ့ကြတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ကိုယ်စားလှယ်တွေက ဦးဆောင် တော့မှာဖြစ်ပါတယ်။

ဒီ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွေအတွက် အဆင်သင့်ဖြစ်နေပြီလို့ NLD ရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ဗွီအိုအေမြန်မာပိုင်းနဲ့ သီးသန့်တွေ့ဆုံခန်းမှာ အခုလို ပြောဆို လိုက်ပါတယ်။

“အဆင်သင့်ဖြစ်နေပါပြီ။ အခု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေလည်းရောက်နေပြီ ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ၂၅၅ ယောက်။ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် က ၁၃၅ ယောက်၊ ပေါင်း ၃၉၀ ။ အားလုံး ဒီ ဝန်းထဲမှာရှိကြတယ်။ တော်တော်ထူးခြားတယ် အရင် ၂၀၁၂ တုန်းကတော့ ကျနော်တို့နဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ၊ဘာကြောင့်လဲဆိုတော့ ကြံ့ခိုင်ရေးက သူတို့ ဝန်းနဲ့ သူတို့ ရှိတာကို ။ နောက်လာမယ့် လွှတ်တော်ကို ထိထိရောက်ရောက်နဲ့ သပ်သပ်ရပ်ရပ်နဲ့ တိုင်းသူပြည်သားအများမျှော်လင့်သလို သိက္ခာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ဖို့အတွက် ကျနော်တို့က ကြိုပြီးတော့မှာ သူတို့ကို ပံ့ပိုးပေးနေတာ။ အဆင်သင့်ဖြစ်နေပါပြီ။ ”

ဒါ့အပြင် NLD ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်အားလုံးကိုလည်း အဂတိလိုက်စားမှုမရှိအောင် ဒေါ်အောင်ဆန်းစုကြည်က တင်းတင်းကြပ်ကြပ် သတိပေးထားတယ်လို့ ဦးဝင်းထိန်က ဆိုပါတယ်။

“သမိုင်းဝင် အပြောင်းအလဲ၊ ဒါ ပေါ့ပေါ့တန်တန်မထားကြဖို့ ၊ ဒီမိုကရေစီလမ်းကြောင်းကို ချီတက်တဲ့အခါမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ရအောင်လုပ်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှုနဲ့ ပံ့ပိုးမှုက အဓိက အခရာပဲ၊ ဘာပဲလုပ်လုပ် နှလုံးသွင်းပြီးတော့ လုပ်ကြဖို့။ ဒါပေမယ့် သတိပေးတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူပေါ့ Corruption ကို လုံးဝလက်မခံဘူး။ အဂတိတရားကို လုံးဝလက်မခံဘူး။ လက်မခံတဲ့အကြောင်းက ကျနော်တို့က ပြောင်းလဲချိန်တန်ပြီဆိုပြီး ကြွေးကြော်သံနဲ့ ပြည်သူလူထုက ထောက်ခံတာ။ အရင်က အစိုးရလိုပဲ လာဘ်စားပြီးတော့ ချမ်းသာလာလို့ရှိရင် ဘာမှ အဓိပ္ပါယ် လည်းမရှိဘူး။ ကြိုးစားရတာလည်း မနှပ်ဘူး။ ဒါကြောင့်မို့လို့ အကုန်လုံးကို သတိပေးတယ် ။ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် က သတိပေးတယ်။”

ဒီကနေ့ မနက် ၁၀ နာရီမှာ ကျင်းပမယ့် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော် သဘာပတိကို ရွေးချယ်သွားမှာဖြစ်သလို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နဲ့ ဒုတိယဥက္ကဋ္ဌ တို့ကိုလည်း အတည်ပြုရွေးချယ်သွားမှာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကိုတော့ ဖေဖော်ဝါရီလ ၃ ရက်နေ့ ကျမှ စတင်မှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၇၈ အရ ပြည်သူ့လွှတ်တော်ရဲ့ ပထမအစည်းအဝေးစတင်နေ့ကစလို့ ၁၅ ရက်အတွင်းမှာ ပြည်ထောင်စုလွှတ်တော် ခေါ်ယူရမှာ ဖြစ်တာကြောင့် လွှတ်တော် ၂ ရပ် ကိုယ်စားလှယ်တွေ တတ်ရောက်ကြမယ့် ပြည်ထောင်စုလွှတ်တော်ကိုလည်း ဒီရက်ပိုင်းအတွင်းမှာ ခေါ်ယူသွားမယ်လို့ NLD ရဲ့ ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင်က ဗွီအိုအေ ကို ပြောပါတယ်။

“ဥပဒေအရ ကတော့ ပြည်သူ့လွှတ်တော်ခေါ်ပြီးရင် ကျနော်တို့မှာ အချိန်တပတ် ရပါတယ်။ အဲဒီ အချိန်တပတ်မှာ အမျိုးသားလွှတ်တော်ခေါ်ရပါတယ်။ အမျိုးသားလွှတ်တော်ခေါ်ပြီးလို့ နောက်တပတ်မှာ ပြည်ထောင်စုလွှတ်တော်ကိုခေါ်ရပါတယ်။ အဲတော့ ကျတော်တို့ကတော့ ကျနော်တို့ရဲ့ process အတိုင်းပဲပေါ့နော်၊ အချိန် Gap ရယ် ၊ ကျနော်တို့လုပ်မယ့် process တွေရယ်၊ အားလုံးကို အဆင်ပြေချောမွေ့ဖို့အတွက်၊ပထမဆုံး၂ ရက်ကတော့ ပြည်သူ့လွှတ်တော်ကိုခေါ်ပါတယ်။ တတိယနေ့မှာ အမျိုးသားလွှတ်တော်ကို ခေါ်ပါတယ်။ အဲဒါပြီးလို့ရှိရင် သင့်တင့်တဲ့နေ့မှာ ပြည်ထောင်စုလွှတ်တော်ကို ခေါ်ပါမယ်။ ၂၀၁၁ တုန်းကတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် တပြိုင်တည်းခေါ်ပါတယ်။ ကျနော်တို့ကျတော့ ကျနော်တို့ အချိန်ရပါတယ်။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော်ခေါ်ပြီး ၂ ပတ်အချိန်ရပါတယ်။ ဒါပေမယ့် ကျနော်တို့ သင့်တင့်တဲ့အချိန်ရောက်ရင်ခေါ်မှာပါ။ ဒီအတွင်းမှာ within the period အတွင်းမှာပဲ၊ ကျနော်တို့ ပြည်ထောင်စုလွှတ်တော်ခေါ်မှာပါ။ ကျနော်တို့မှာ timetable ရှိပါတယ်။”

ပြည်သူ့လွှတ်တော် အမျိုးသား လွှတ်တော်နဲ့ တပ်မတော်သား ကိုယ်စားလှယ် တွေကနေ ရွေးချယ်မယ့် ဒုတိယ သမ္မတ ၃ ယောက်ထဲကနေ နိုင်ငံတော် သမ္မတကို ပြည်ထောင်စု လွှတ်တော်မှာ မဲပေးရွေးချယ်ကြမှာ ဖြစ်ပါတယ်။ NLD လွတ်တော်ကိုယ်စားလှယ်တွေ အများစု နေရာရထားတဲ့ လွှတ်တော် ၂ ရပ်က ဘယ်သူ့တွေကို ဒုသမတ ရွေးကောက်တင်ပြသွားမလဲဆိုတာနဲ့ နိုင်ငံရဲ့သမ္မတ ဘယ်သူဖြစ်မလဲဆိုတာကိုတော့ ပြည်တွင်းကော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ စောင့်ကြည့်နေကြပါတယ်။ ပြည်သူအများစုကတော့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်လာဖို့ မျှော်လင့်နေကြပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ စလုံးက အတားအဆီးဖြစ်နေပါသေးတယ်။ ဒါနဲ့ ပတ်သက်လို့ ဒေါက်တာ ဇော်မြင့်မောင်က အခုလို ပြောဆိုပါတယ်။

“အခုအချိန်မှာတော့ ဂျာနယ်တွေ ဘာတွေရေးနေတာကတော့ အများကြီးပေါ့ဗျာ။ ကျနော်တို့လည်း ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူနဲ့ဘောင်နဲ့ စည်းကမ်းနဲ့အရ အကောင်းဆုံးတော့လုပ်မှာပါ။ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေချင်ပါတယ်။ ကျနော်တို့ ကိုယ်တိုင် လည်း ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ချင်ပါတယ်။”

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခဲ့ကတည်းက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ ရှေးရှု့ခဲ့သလို ပြီးခဲ့တဲ့ လွှတ်တော်တွင်း အစည်းအဝေးတွေမှာလည်း ပုဒ်မ ၅၉ စနဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့်လို့ မအောင်မြင်ခဲ့ပါဘူး။

ဒါပေမဲ့လည်း ဒီတစ်ခေါက် မှာ ကျင်းပမယ့် လွှတ်တော်အစည်းအဝေးတွေမှာ ဒီ ပုဒ်မတွေ ပြင်ဆင်နိုင်ရေး ဆက်ကြိုးစားသွားမယ်လို့ NLD ကပြောဆိုထားပါတယ်။ ဖေဖော်ဝါရီ(၃)ရက် မှာ အမျိုးသားလွှတ်တော်စတင်ပြီး ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွေကို နောက်သီတင်းပတ်အတွင်းမှသာ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီးလွှတ်တော်တွေကိုလည်း ဖေဖော်ဝါရီ(၈) ရက်နေ့မှာ ခေါ်ယူသွားမှာဖြစ်ပါတယ်။

XS
SM
MD
LG