သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအာဏာ လွဲှပြောင်းရေးဆိုင်ရာ အစည်းအဝေးကျင်းပ


နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းမှု အထောက် အကူပြု ကော်မတီနှင့် NLD ပါတီ ညှိနှိုင်း အစည်းအဝေး ကျင်းပ (သတင်းဓါတ်ပုံ-MOI)
နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းမှု အထောက် အကူပြု ကော်မတီနှင့် NLD ပါတီ ညှိနှိုင်း အစည်းအဝေး ကျင်းပ (သတင်းဓါတ်ပုံ-MOI)

အစိုးရသစ်ကို တာဝန်လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်ဟာ အဆင်ပြေ ချောမွေ့နေပြီး လာမယ့် မတ်လကုန်မှာ တာဝန်လွှဲပြောင်းရေး အလုံးစုံ ပြီးစီးမယ်လို့ မျှော်လင့်တဲ့ အကြောင်း လက်ရှိ အစိုးရနဲ့ အစိုးရသစ် ဖွဲ့မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ကိုယ်စားလှယ်တွေက ပြောဆိုကြပါတယ်။ နှစ်ဘက်တို့ ဒီကနေ့ တွေ့ဆုံ ပွဲမှာတော့ သမ္မတ အိမ်တော်မှာ ကျင်းပမယ့် သမ္မတ တာဝန်လွှဲပြောင်းမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ အဓိကထား ဆွေးနွေး ခဲ့ကြပါတယ်။ အစိုးရသစ် တာဝန်လွှဲပြောင်းရေး အခြေအနေ ဘယ်လောက်ထိ ရှိနေပြီလဲ ဆိုတာကိုတော့ မသိင်္ဂ ီထိုက်က စုစည်းတင်ပြထားပါတယ်။

အစိုးရသစ် တာဝန် အလွှဲအပြောင်း ညှိနှိုင်းမှုတွေဟာ အဆင်ပြေ ချောမွေ့မှု ရှိနေပြီး လာမယ့် မတ်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး အစိုးရသစ်ကို လွှဲပြောင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတဲ့ အကြောင်း လက်ရှိ အစိုးရ အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ အစိုးရသစ် ဖွဲ့စည်းမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ကိုယ်စားလှယ်တွေ ဆွေးနွေးမှု အပြီးမှာ ထုတ်ဖော်ပြောဆို လိုက်တာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတရုံး ဒုတိယ ညွှွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က သမ္မတ တာဝန်လွှဲပြောင်းရေး လက်ရှိ ဆွေးနွေးနေရတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“အစိုးရ လွဲပြောင်းရေး အဲဒါတွေကတော့ ပြီးခဲ့တဲ့ အစည်းအဝေးတွေမှာ ကျနော်တို့ လုပ်ခဲ့ပြီးပြီပေါ့နော်။ လုပ်ခဲ့တယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘက်က ဆောင်ရွက်နေတဲ့ အနေအထားလေးတွေ ရှင်းပြတယ်။ အဓိက အချက်ကတော့ ကျနော်တို့က ဘာလဲဆိုတော့ နိုင်ငံတော် အကြီးအကဲတာဝန် လွှဲပြောင်းတဲ့ အခမ်းအနားပေါ့နော်။ အဲဒီအခမ်းအနားနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ သမ္မတ အိမ်တော်မှာ ကျင်းပမယ်။ ကျင်းပမယ့်ဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဘက်က သမိုင်းကြောင်းအရ ရှာဖွေလေ့လာပြီးတော့ စီစဉ်ထားတဲ့ အစီအစဉ်ကို သူတို့ကို အသေးစိတ် ရှင်းပြတယ်။ ပြီးတော့ အပြန်အလှန်ဆွေးနွေးပါတယ်။”

အစိုးရသစ်ကို တာဝန်လွှဲပြောင်းပေးရေး မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့နဲ့ အစိုးရသစ် ဖွဲ့စည်းမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ကိုယ်စားလှယ်တွေကြား ဗုဒ္ဓဟူးနေ့ တွေ့ဆုံ ညှိနှိုင်းပွဲမှာတော့ နှစ်ဘက်တို့ အပေးအယူ မျှတစွာ ရှိခဲ့ပြီး တာဝန်လွှဲပြောင်းရေး အလားအလာ အခြေအနေ ကောင်းပါတယ်လို့လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ကိုယ်စားလှယ် အဖြစ် အစိုးရအဖွဲ့ ကိုယ်စားလှယ်နဲ့ ဆွေးနွေးခဲ့တဲ့ ဦးဝင်းထိန်က ပြောပါတယ်။

“အခြေအနေကတော့ ဒီလိုချောမွေ့တဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းဖြစ် ဖို့က သေချာသလောက်ပါပဲ။သူတို့ကလည်း ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နေတယ်။ ကျနော်တို့ဘက်က တောင်းဆိုတဲ့ဟာတွေလည်း သူတို့ လိုက်လျောတဲ့ အခါကျတော့ ဘာမှ ပြဿနာမရှိပါဘူး။ တခုတော့ရှိတယ် မတ်လ ၃၀ ရက်နေ့ဆိုရင်တော့ အားလုံး တရားဝင်လွှဲပြောင်းပြီး သမ္မတ လွှဲပြောင်းတာရော ၊ ဝန်ကြီးအဖွဲ့လွှဲပြောင်းတာရော မတ်လ ၃၀ ရက်နေ့မှာ နောက်ဆုံး လုပ်ဆောင်ဖြစ်မှာပါ။”

လက်ရှိ အစိုးရကတော့ လာမယ့် မတ်လကုန်မှာ သက်တမ်းကုန်မှာ ဖြစ်တာကြောင့် မတ်လ ၃၀ ရက် မတိုင်ခင်မှာ အစိုးရသစ်ကို အာဏာလွှဲပြောင်းပေး ရမှာ ဖြစ်ပါတယ်။ ဒီလို အာဏာလွှဲပြောင်းပြီးမှသာ အစိုးရသစ် အဖွဲ့ဝင် ဝန်ကြီးတွေနဲ့ အရင် အစိုးရမှာ တာဝန်ယူခဲ့ကြတဲ့ ဝန်ကြီးတွေ ကြား တွေ့ဆုံနိုင်မှာ ဖြစ်တယ်လို့လည်း NLD ပါတီရဲ့ ပြောခွင့်ရ ဦးဝင်းထိန်က ပြောပါတယ်။

“ကျနော်တို့ဘက်က ရှိတာ ကျနော်တို့ခန့်မယ့် ဝန်ကြီးတွေက ဝန်ကြီးဌာနတွေ လျှော့မှာ ဆိုတဲ့ အခါကျတော့ ဝန်ကြီးဌာန ၂ ခု၊ ၃ ခုပေါင်းပြီးတော့ တယောက်တာဝန် ပေးရမှာ ဆိုတော့ သူတို့ကို တာဝန်မပေးခင်မှာ ဒီလက်ရှိ ဦးသိန်းစိန်အစိုးရဝန်ကြီးတွေနဲ့ ပေးတွေ့လို့တော့ မဆီလျော်သေးဘူး။ ကျနော်တို့က ဝန်ကြီးဌာနတွေ ဝန်ကြီးတွေ ခန့်ပြီးပြီဆိုတော့မှ သူတို့နဲ့ ညှိပြီးတော့မှ အတိအကျပြောင်းလဲဖို့ ဆက်လုပ်ရမှာဖြစ်တယ်။”

လောလောဆယ်မှာတော့ အစိုးရသစ် ဖွဲ့စည်းမယ့် NLD ပါတီဘက်က သမ္မတလောင်း အမည်စာရင်းရော၊ အစိုးရ အဖွဲ့ဝင်တွေ စာရင်း လျာထားချက်ရော ထုတ်ဖော် ပြောဆိုနိုင်ခြင်း မရှိသေးပါဘူး။ လာမယ့် မတ်လ ၁၇ ရက်နေ့ ကျမှ လွှတ်တော်မှာ တင်သွင်းဖို့လည်း စီစဉ်ထားတာ ဖြစ်ပါတယ်။ လွှတ်တော်မှာ သမ္မတအမည်စာရင်း တင်သွင်းမှု အတည်ပြုမှုတွေ အပြီး သတင်း ၂ ပတ်လောက် အတွင်း အစိုးရ တာဝန် အလွှဲအပြောင်းဟာ ပြောဆိုထားသလောက် ချောမွေ့မှု ရှိနိုင်ပါ့မလားဆိုတဲ့ အပေါ်မှာတော့ သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အခုလို ပြောပါတယ်။

“Transition Smooth ဖြစ်အောင် ကျနော်တို့ ဒီဘက်အဖွဲ့ ၂ ဖွဲ့က လုပ်တာဖြစ်ပါတယ်။ ဟိုဘက်က အစိုးရတင်မြှောက်တာ သမ္မတရွေးတာ ဒါ NLD ပါတီအတွင်းက ကိစ္စတွေ အဲဒါနဲ့ပတ်သက်ပြီး ကျနော်တို့ ပြောဖို့မရှိပါဘူး။”

လာမယ့် မတ်လကုန် အစိုးရသစ်ကို အာဏာလွှဲပြောင်းနိုင်ရေး ဆောင်ရွက်မှု ကတော့ ဆယ်စုနှစ်တွေ အတွင်း ပထမဆုံး အကြိမ် အရပ်သား အစိုးရ တရပ်ကို အာဏာလွှဲပြောင်းမှု ဖြစ်တာကြောင့် နှစ်ဘက်စလုံးတို့က သတိထား ဆောင်ရွက်နေကြတဲ့ အနေအထားမှာလည်း ရှိနေပါတယ်။ လက်ရှိ မြန်မာ အစိုးရရဲ့ နိုင်ငံတော် အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အသွင်ကူးပြောင်းရေး အဖွဲ့ကြား ဗုဒ္ဓဟူးနေ့ နေ့လည်က ဆွေးနွေးပွဲမှာတော့ အစိုးရဘက်က ဝန်ကြီး ဦးလှထွန်း ခေါင်းဆာင်ပြီး NLD ဘက်က ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်တို့ ဦးဆောင် ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။ နောက်တကြိမ် ဆွေးနွေးပွဲတွေကိုတော့ လာမယ့် မတ်လဆန်းမှာ ထပ်ပြီး ကျင်းပဖို့ စီစဉ်ထားပြီးလိုအပ်ရင် နောက်ထပ် ဆွေးနွေး ပွဲတွေလည်း ထပ်ရှိလာနိုင်တယ် လို့ နှစ်ဘက်လုံးက ပြောဆိုကြပါတယ်။

XS
SM
MD
LG