သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရသစ်အဖွဲ့ မကြာမီ ကြေညာဖို့ရှိ


ရွေးချယ်ခံသမ္မတ ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်၊ NLD အမျိုးသားလွှတ်တော်အမတ် ဦးသိန်းဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်
ရွေးချယ်ခံသမ္မတ ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်၊ NLD အမျိုးသားလွှတ်တော်အမတ် ဦးသိန်းဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်

အာဏာရပါတီဖြစ်လာတော့မယ့် NLD အစိုးရအဖွဲ့မှာ ပါဝင်မယ့်သူတွေရဲ့ အမည်စာရင်းကိုပြည်ထောင်စုလွှတ်တော်မှာ ကြာသာပတေးနေ့ မတ်လ (၁၇)ရက်နေ့မှာ တင်ပြမှာဖြစ်ပါတယ်။ ပညာရှင်တွေအများစုပါဝင်မယ့် အစိုးရသစ်အဖွဲ့မှာ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးဆောင်မှုအခန်းကဏ္ဍမှာရှိနေမယ်လို့ အများကယုံကြည်ထားတဲ့အတွက် သူ့အနေနဲ့ အစိုးရအဖွဲ့ကို ဘယ်လိုနည်းလမ်းနဲ့ ဦးဆောင်နိုင်မလဲ။ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်အောင် တားမြစ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ (စ) ကို ဆိုင်းငံဖို့ NLD ရဲ့ကြိုးပမ်းမှု လတ်တလော မအောင်မြင်တော့ဘူးလို့ မတ်လအစောပိုင်းမှာ အများသိရှိပြီးနောက် အစိုးရသစ်ကို အမြန်ဆုံးဖွဲ့စည်းပြီး အာဏာလွဲှပြောင်းနိုင်ရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ရက်ပိုင်းအတွင်း ဆောင်ရွက်လာတာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တင်မြှောက်တဲ့ ဒုသမ္မတနှစ်ဦးထဲကဦးထင်ကျော်ကို နိုင်ငံတော်သမ္မတ အဖြစ် ပြည်ထောင်စုလွှတ်တော်က အင်္ဂါနေ့မှာ ရွေးချယ်အတည်ပြုလိုက်ပြီးနောက် အစိုးရသစ်မှာပါမယ့် ဝန်ကြီးအမည်တွေရဲ့စာရင်းကို လာမယ့် ကြာသာပတေးနေ့မှာ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းမှာပါ။အာဏာရပါတီဖြစ်လာမယ့် NLD မှာ အုပ်ချုပ်ရေးအတွေ့အကြုံမရှိတဲ့အတွက် တိုင်းပြည်ရဲ့ အကျပ်အတည်းပြဿနာတွေကို နိုင်နင်းစွာကိုင်တွယ်ဖြေရှင်းနိုင်ပါ့မလားလို့ ဝေဖန်မှုတချို့ရှိနေပါတယ်။ ဒါနဲ့ပတ်သက်လို့ NLD ဗဟိုသုတေသနလမ်းညွန်အဖွဲ့ အတွင်းရေးမှူး ကိုမျိုးရန်နောင်သိမ်းကအခုလို တုန့်ပြန်ပါတယ်။

“ကျနော်သိရသလောက်ပေ့ါဗျာ။ အဖွဲ့ချုပ်အနေနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကိုရွေးချယ်ဖွဲ့စည်းပြီးသွားပါပြီ။ အဆင်သင့်လည်းဖြစ်နေပါပြီ။ အချိန်အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ထားတာပါ။ အုပ်ချုပ်ရေးအတွေ့အကြုံဆိုတာကတော့ လုပ်ရင်းနဲ့သင်ယူသွားရမှာပေါ့။ အဓိကအရေးကြီးတာက ရိုးသားမှုပါ။ နိုင်ငံအတွက်စေတနာအမှန်ထားတယ်ဆိုရင် အုပ်ချုပ်ရေးအတွေ့အကြုံဆိုတာဟာ ပညာရှင်တွေလဲပဲ ခေါ်ပြီးခန့်လို့ရပါတယ်။ ပညာရှင် အကြံပေးတွေအများကြီးကိုခေါ်ပြီး ခန့်လို့ရပါတယ်။ အဓိကစေတနာကောင်းတယ်ဆိုလို့ရှိရင် အခက်အခဲမရှိနိုင်ဘူးလို့ ကျနော်မြင်ပါတယ်။ ဒါပေမဲ့ တခုတော့ရှိပါတယ်။ အမြဲတမ်းအတွင်းဝန်ကိစ္စမှာတော့ စစ်တပ်ဘက်ကလာတဲ့သူတွေရှိနေတာကြောင့် ဗျူရိုကရေစီယန္တရားမှာရှိနေတဲ့ ညွန်ကြားရေးမှူးတွေ၊ ဗိုလ်ချုပ်တွေက ပညာပြခဲ့မယ်ဆိုရင် ကျနော်တို့ဘက်က ပညာသားပါပါနဲ့ ကျော်ဖြတ်ဖို့လိုတယ်လို့ မြင်ပါတယ်။”

သမ္မတသစ် ဦးထင်ကျော်ကို တပ်မတော်ဘက်ကလက်ခံပေမဲ့ သမ္မတဟာ နိုင်ငံတော်ရဲ့ အကြီးအကဲဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူရဲ့အထက်မှာ ဘယ်သူမှမရှိရဘူးလို့ တပ်မတော်ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင့်ဆန်းနိုင်က ပြောပါတယ်။ ဒါပေမဲ့လည်း သမ္မတနဲ့ အစိုးရအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မယ့် နည်းလမ်း NLD ဘက်မှာရှိထားကြောင်း ကိုမျိုးရန်နောင်သိမ်းက အခုလိုပြောပါတယ်။

“သမ္မတအထက်မှာ မရှိရဘူးလို့ဆိုတဲ့စကားက ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတက နိုင်ငံတော်မှာအကြီးအကဲပဲဖြစ်တယ်လို့ သူတို့ပြောတဲ့သဘောမျိုးပါ။ သမ္မတအထက်မှာ မရှိရဘူးဆိုတဲ့ စကားမှာ သမ္မတကို ထိန်းကျောင်းပဲ့ကိုင်မယ့်သူ မရှိရဘူးဆိုတဲ့ စကားမပါဘူး။ ထိန်းကျောင်းပဲ့ကိုင်တဲ့သူဆိုတာကလည်းပဲ သမ္မတ အထက်ဖြစ်စေ၊ ဘေးကဖြစ်စေ ရှိနေမှာဆိုတော့ ဒါက ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ တကယ်တန်းနိုင်ငံတကာမှာလည်းပဲ သြဇာကြီးမားတာကလည်း ဒေါ်အောင်ဆန်းစုကြည်ပဲ။ ဘယ်သူပဲသမ္မတဖြစ်ဖြစ်ပါ။ ဦးသိန်းစိန် သမ္မတဖြစ်တော့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အားကိုယူခဲ့ရတာပဲ။ ဒါကြောင့် ဘယ်သူပဲ သမ္မတဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းကကဏ္ဍက လိုအပ်နေအုံးမှာပဲ။”

ဒါကြောင့် အခုလို အစိုးရအဖွဲ့ကို ဦးဆောင်မယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့ NLD ပါတီလုပ်ငန်းတွေကို ယုံကြည်ရသူတွေကို လွဲှထားမယ်လို့မြင်ကြောင်း ကိုမျိုးရန်နောင်သိမ်းကဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကာ နိုင်ငံကို ထိန်းကျောင်းမယ့်နေရာမှာ နေမယ်ဆိုတော့ အုပ်ချုပ်ရေးမှာနေရမယ်လို့ ကျနော်မြင်ပါတယ်။ ဥပမာအားဖြင့် သမ္မတရုံးဝန်ကြီး၊ သမ္မတရုံးဆိုတာက အစိုးရအဖွဲ့ကို ကွပ်ကဲတဲ့ ဝန်ကြီးဌာနတခုပေါ့။ ပါတီမှာရှိနေမယ်ဆိုရင် သူ့အနေနဲ့ အစိုးရအဖွဲ့ကို ထိန်းကျောင်းလို့ရမှာ မဟုတ်ပါဘူး။ အဲတော့ ပါတီကိုတော့ ယုံကြည်တဲ့လူနဲ့ လွဲှထားမယ်လို့ ကျနော်မြင်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့အနေနဲ့ အစိုးရအဖွဲ့ကို ဦးဆောင်မယ်ဆိုတာဟာ တိုင်းပြည်မှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့၊ စီးပွားရေးဖွံဖြိုးတိုးတက်ဖို့နဲ့ နိုင်ငံတကာမှာ ပြန်ပြီး ဦးမော့လာနိုင်ဖို့ဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG