NLD မူဝါဒတွေနဲ့ အသွင်ကူးပြောင်းရေးဆိုင်ရာကိစ္စရပ်တွေအတွက် ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူတွေအဖြစ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်ကို မနေ့က တိုးချဲ့တာဝန်ပေးလိုက်ပါတယ်။
သူဟာ နှစ်ရှည်ထောင်ဒဏ်အများဆုံးချမှတ်ခံခဲ့ရတဲ့ NLD လွှတ်တော်အမတ်တဦးလည်းဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ယုံကြည်အားကိုးတဲ့ပုဂ္ဂိုလ်စာရင်းထဲမှာပါဝင်သူတဦးဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDက အပြတ်အသတ်အနိုင်ရပြီးနောက် အစိုးရအာဏာလွဲှပြောင်းရေးဆိုင်ရာကိစ္စရပ်တွေကို ဆောင်ရွက်လာရာမှာ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အနီးကပ်ဆောင်ရွက်နေတဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်တချို့ထဲမှာ ဒေါက်တာဇော်မြင့်မောင် အမြဲပါဝင်လာခဲ့တာပါ။
သတင်းမီဒီယာနဲ့ဆက်ဆံရေးမှာ NLD ဘက်က သတိထားကိုင်တွယ်တဲ့အပေါ် ဝေဖန်မှုတချို့ထွက်ပေါ်ခဲ့ပြီးနောက် ဒေါက်တာဇော်မြင့်မောင်ကို ပါတီရဲ့ မူဝါဒဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ်အဖြစ်တာဝန်ပေးလိုက်တာဟာ NLD နဲ့ မီဒီယာဆက်ဆံရေးပိုပြီးအားကောင်းစေတယ်လို့ မြင်ကြောင်း ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါက်တာတင့်ဆွေကပြောပါတယ်။
“ NLD မှာပြောရေးဆိုခွင့်ရှိသူကို ကန့်သတ်ထားတဲ့အတွက် မီဒီယာပိုင်းကနေထောက်ပြကြာတာရှိသလို လက်ရှိပုဂ္ဂိုလ်တွေပြောတဲ့ဆိုတဲ့အပေါ် လေယူလေသိမ်းတွေအပေါ်အားမရကြတော့ ဆရာဇော်မြင့်မောင်ဖြစ်လာတော့ ကောင်းတယ်။ သူက စကားပြောနည်းတယ်။ ဒါပေမဲ့ စကားပြောတတ်တယ်။ ပြီးတော့ လုပ်လဲလုပ်ခဲ့သူဆိုတော့ အခုလို NLD ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်လာတော့ ပါတီရဲ့ပုံရိပ်ရော၊ မီဒီယာလောကအတွက်လည်းသူက အကျိုးပြုပြီးတော့ သတင်းအမှန်ကိုပြောပြနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ ယူဆတဲ့အတွက် ကောင်းတယ်လို့ ကျနော်မြင်ပါတယ်။”
တဆက်တည်း ဒေါက်တာဇော်မြင့်မောင်ရဲ့ နိုင်ငံရေးလှုပ်ရှားမှု လုပ်ကိုင်နိုင်စွမ်းနဲ့ပတ်သက်လို့ ဒေါက်တာတင့်ဆွေက သူ့ရဲ့အတွေ့အကြုံကိုအခုလိုပြောပြပါတယ်။
“နိုင်ငံရေးထဲမှာ ကျနော်တို့အတူလုပ်ခဲ့ကြတာပါ။ အထူးသဖြင့် ၁၉၉၀ရွေးကောက်ပွဲအပြီး ဂန္ဒီခမ်းမ စည်းဝေးပွဲအပြီး ယှဉ်ပြိုင်အစိုးရဖွဲ့ရေးလုပ်တဲ့အခါမှာ သူကမန္တလေးတိုင်းတာဝန်ခံ၊ ကျနော်က မန္တလေးတိုင်းတာဝန်ခံဆိုတော့ လက်တွဲခဲ့ကြရတာပေါ့။ ဒါပေမဲ့ ကျနော်တို့နှစ်ယောက်လုံးက အပြင်ထွက်မယ့်သူတွေမဟုတ်ပဲ နောက်ကနေလုပ်ကြဖို့ တာဝန်ယူထားသူနှစ်ယောက်ပါ။ အဲဖြစ်ချင်တော့ သူကလည်း ထောင်ထဲကိုနှစ်ရှည်ဝင်သွားရပြီး ကျနော်ကလည်း တိုင်းပြည်ကနေထွက်ပြေးရတဲ့ ပြည်ပြေးဖြစ်သွားတယ်။ သူ့ဖမ်းခံရတဲ့နေ့မှာပဲ ကျနော်လည်း ဖမ်းခံရတာပေါ့နော်။ ကျနော်လဲဖမ်းတော့မယ်လို့သိတော့ သူ့ကိုလှမ်းပြီးအသိပေးမယ်လုပ်တော့ နောက်ကျသွားပြီဖမ်းခံသွားရတယ်ခင်ဗျ။”
ဒေါက်တာဇော်မြင့်မောင်ဟာ ၁၉၈၈ ရှစ်လေးလုံလူထုလှုပ်ရှားမှုမှာ မန္တလေး ဆေးတက္ကသိုလ်ဆရာများသမဂ္ဂရဲ့ အတွင်းရေးမှုးအဖြစ် ပါဝင်ခဲ့ပြီးနောက် ၁၉၉၀ ရွေးကောက်ပွဲမှာ မန္တလေးတိုင်း အမရပူရမဲဆန္ဒနယ်မြေက NLD လွှတ်တော်အမတ်အဖြစ်ရွေးကောက်ခံရပါတယ်။ ဒါပေမဲ့ ၁၉၉၀ ခုနှစ် စက်တင်ဘာလမှာ စစ်အာဏာသိမ်းပြီးနောက် ဒေါက်တာဇော်မြင့်မောင်ကို ဖမ်းဆီးပြီး နှစ်ပေါင်း (၃၀)ကျော် ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ ထောင်ထဲမှာ (၁၉)နှစ်ကျော်နေခဲ့ရပြီးနောက် ၂၀၀၉ခုနှစ်မှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ မန္တလေးတိုင်းရဲ့ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်ခံခဲ့ရပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ မန္တလေးတိုင်းဒေသကြီးရဲ့ အမရပူရမဲဆန္ဒနယ်မြေ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။