သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပြည်လုံးကျွတ်ညီလာခံ စတင်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံလုံးဆိုင်ရာပါတီညီလာခံကို တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပစဉ်။ (မတ်လ ၈၊ ၂၀၁၃)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံလုံးဆိုင်ရာပါတီညီလာခံကို တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပစဉ်။ (မတ်လ ၈၊ ၂၀၁၃)
မြန်မာနိုင်ငံက အဓိက နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ တနိုင်ငံလုံးအဆင့် ညီလာခံကို ဒီကနေ့ပဲ ရန်ကုန်မှာ စတင်ကျင်းပနေပါတယ်။ ပါတီရဲ့ ထိပ်တန်းခေါင်းဆောင် နေရာတွေအပါအဝင် ကိုယ်စားလှယ် အဆင့်ဆင့်ကို ရွေးချယ်တာတွေ၊ အရေးကြီးတဲ့ မူဝါဒတွေ ချမှတ်ဖို့ ရည်ရွယ်ထားတဲ့ ညီလာခံအပေါ်မှာတော့ ပါတီဝင်တွေ ထောက်ခံသူတွေကြား မျှော်လင့်ချက်တွေလည်း ကြီးထွား လာနေတာပါ။ ပြန်လည် ပြင်ဆင်ဖွဲ့စည်းမယ့် NLD ပါတီရဲ့အနာဂတ်နဲ့ မြန်မာ့နိုင်ငံရေးမှာ သက်ရောက်လာနိုင်မယ့် အလားအလာတွေကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

အဓိကအတိုက်အခံ နိုင်ငံရေးပါတီတခု ဖြစ်ပေမဲ့လည်း နှစ်ပေါင်းအစိတ်လောက် စစ်အစိုးရတွေရဲ့ ဖိနှိပ်မှုတွေအောက်မှာ မကျင်းပနိုင်ဘဲ ဖြစ်ခဲ့ရတဲ့ ညီလာခံမှာ ပါတီကို အားသစ်လောင်းနိုင်မယ့် မူဝါဒတွေ ခေါင်းဆောင်တွေ ထွက်ပေါ်လာမယ်လို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ပါတီကို ဦးဆောင်မှုပေးလာတဲ့ ခေါင်းဆောင်ပိုင်း နေရာတွေမှာလည်း မျိုးဆက်သစ်တွေနဲ့ အစားထိုးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ NLD ပါတီအတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောပါတယ်။

“NLD က အနှစ် ၂၀ ကျော် အပင်ပန်း အဆင်းရဲခံပြီးတော့ လုပ်ခဲ့ကြရတာ။ ကျန်းမာရေး ချို့တဲ့လာတာ၊ အသက်အရွယ်ကြီးမြင့်လာတာတွေ အများကြီးပါ။ ပညာတတ်လူငယ်အမျိုးသမီးတွေ ဦးစားပေးပြီး ရွေးချယ်မယ်လို့ ကျနော်တို့ မျှော်မှန်းထားပါတယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အုပ်ချုပ်မှုအဆုံးသတ်ပြီး အပြောင်းအလဲတွေနဲ့အတူ ပြီးခဲ့တဲ့နှစ်ထဲ နိုင်ငံရေး ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ပြီး လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့ သလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကိုယ်စားလှယ် တဦးအဖြစ်နဲ့ NLD ပါတီဟာ လွှတ်တော်ထဲ အထိ ရောက်လာခဲ့တာပါ။ ဒါပေမဲ့လည်း ပါတီတွင်းမှာ တလျှောက်လုံးလိုလို ဗဟိုကနေသာ အဓိကမူဝါဒတွေကို ချမှတ်နေတာတွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု အပေါ်မှာသာ အားထားလွန်း နေတာတွေဟာလည်း ပြင်ဆင်ရမယ့် ကိစ္စတွေဖြစ်မယ်လို့ ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာ ပါမောက္ခ သီထိနန် ဖွန်ဆူဒီရတ် (Thitinan Pongsudhirak) က မြင်ပါတယ်။

“ပါတီကို ပြင်ဆင်ဖွဲ့စည်းဖို့ လိုနေပြီ ဆိုတာကတော့ လျိူ့ဝှက်ချက်တခုလည်း မဟုတ်တော့ပါဘူး။ မျိုးဆက်သစ်တွေ လိုပါတယ်။ ဖွဲ့စည်းထားတဲ့ ပုံစံကို ပြင်ဆင်ဖို့လိုသလို အစည်းအဝေးတွေလည်း ပိုလုပ်ရပါလိမ့်မယ်။ ကျကျနန အဖွဲ့အစည်းပုံစံ ပိုဆန်ဖို့ လိုအပ်လာပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် အနားဝိုင်းပြီး ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတွေကို လျှော့ချရပါလိမ့်မယ်။”

တိုင်းနဲ့ပြည်နယ်အသီးသီးက ကိုယ်စားလှယ်ပေါင်း ၉၀၀ လောက် တက်ရောက်လာတဲ့ ညီလာခံ အတွင်း ပါတီရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ရှိတာဝန်ယူထားတဲ့ ဥက္ကဋ္ဌနေရာ အပါအဝင် တခြားနေရာတော်တော်များများကိုလည်း ပြန်လည်ရွေးချယ်ဖို့ စီစဉ်ထားတာပါ။ ပြန်လည် ဖွဲ့စည်းမယ့် NLD ပါတီအနေနဲ့ ပိုမိုအားကောင်းလာနိုင်တဲ့အတွက် နောက်တကြိမ် ကျင်းပမယ့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အထိ ဖြစ်လာနိုင်တယ်လို့လည်း စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်က NLD ကိုယ်စားလှယ် ဦးမြတ်သာထွန်းတို့လို ပါတီဝင်တွေက ယုံကြည်ကြပါတယ်။

“ကျနော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ ပြည်သူက အယုံကြည်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ အတွက် ကျနော်တို့က ၂၀၁၅ မှာ တရားမျှတစွာသာ ယှဉ်ပြိုင်ရမယ်ဆိုရင်တော့ အစိုးရ ဖွဲ့နိုင်လောက်တဲ့ အရေအတွက်မျိုးအထိ အနိုင်ရမယ်လို့ မျှော်လင့်ပါတယ်။”

၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး တောင်းဆိုလှုပ်ရှားမှုတွေ နောက်ပိုင်း ပေါ်ပေါက်လာတဲ့ NLD ပါတီဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရခဲ့တာဖြစ်သလို ပြီးခဲ့တဲ့နှစ်ထဲ လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲမှာလည်း အများစု အနိုင်ရခဲ့တာပါ။ အခုကျင်းပနေတဲ့ ညီလာခံကိုလည်း ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှု တစိတ်တပိုင်းအဖြစ် အများက မြင်နေကြတာ ဖြစ်ပါတယ်။ ဒီလိုပဲ ပါတီဝင်အင်အား ၁၂ သိန်း အထိ ရှိမယ်လို့ ခန့်မှန်းထားတဲ့ NLD ပါတီရဲ့ သြဇာအရှိန်အဝါ အပေါ်မှာတော့ တိုင်းရင်းသား ပါတီတွေအပါအဝင် နိုင်ငံရေး အင်အားစုတွေက စိုးရိမ်မကင်း ဖြစ်နေ တာတွေလည်း ရှိပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီပြောခွင့်ရသူ ဦးစိုင်းလိတ်ကတော့ တိုင်းရင်းသားပါတီတွေကို နေရာပေးနိုင်ဖို့လည်း NLD ရဲ့မူဝါဒတွေရေးရာ ချမှတ်ရာမှာ ထည့်သွင်းစဉ်းစားသင့်တယ်လို့ မြင်ပါတယ်။

“NLD အနေနဲ့ပေါ့နော်- သူ့ပါတီကို ဒီပိုပြီးတော့မှ ခိုင်ခိုင်မာမာ ကျစ်ကျစ် လျစ်လျစ် ဖြစ်အောင် ပြန်ပြီးတော့ Reform လုပ်မယ်ဆိုတာ ကောင်းတဲ့ ကိစ္စပါ။ နောက်လာမယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသားနယ်မြေတွေမှာ NLD အနေနဲ့ ဒေသခံ ပါတီတွေနဲ့ ယှဉ်ပြိုင်ရမယ်ဆိုတဲ့ကိစ္စက သူတို့ရဲ့ အခွင့်အရေးပဲမို့ ကျနော်တို့ ဘာမှ မပြောလိုဘူး။ ဒါပေမဲ့လို့ ဒီမိုကရေစီနဲ့ ပတ်သက်လာလို့ရှိရင် ဥပမာ- မြန်မာပြည်တစ်ခုလုံးရဲ့ စံပြ ဖြစ်သင့်တယ်။ နောက်ပြီး NLD ရဲ့ ခေါင်းဆောင်၊ NLD ရဲ့ လက်ရှိဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆိုလို့ရှိရင် ဒီမိုကရေစီရဲ့ပြယုဂ်တစ်ခုလို့တောင် တကမ္ဘာလုံးက သတ်မှတ် ထားတာပဲလေ။ ဒါကြောင့်မို့လို့ ဒီမိုကရေစီနည်းကျတဲ့အပြင်ကို တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို လေးစားလိုက်နာဖို့ လိုအပ်သလို တိုင်းရင်းသားတွေဘက်က ပိုပြီးတော့မှ စာနာ နားလည်စွာ စဉ်းစားပေးဖို့ လိုအပ်တယ်။ အဲဒီလို စည်းမျဉ်းစည်းကမ်းများကိုလည်း ပိုပြီးတော့မှ ပြဌာန်းနိုင်လာလိမ့်မယ်လို့တော့ ကျနော့်အနေနဲ့ ယူဆပါတယ်။”

NLD ညီလာခံကိုတော့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ အပါအဝင် တခြားနိုင်ငံရေး အသိုင်းအဝိုင်းက လူပုဂ္ဂိုလ်တွေကိုလည်း လေ့လာသူအဖြစ်နဲ့ ဖိတ်ကြား ထားပါတယ်။ နိုင်ငံလုံး ဆိုင်ရာ ညီလာခံအတွက်ကိုတော့ တိုင်းနဲ့ပြည်နယ် အသီးသီးက ပါတီဝင်တွေထဲကနေ ပြီးခဲ့တဲ့နှစ်လည်ပိုင်းကတည်းက အဆင့်ဆင့် ရွေးချယ်ထားတာပါ။ ၃ ရက်ကြာ ပါတီညီလာခံ အတွင်းမှာတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပြင် ပါတီရဲ့ မူဝါဒတွေကို ဆွေးနွေးဖို့လည်း NLD က ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
ပါတီညီလာခံ ကျင်းပမယ့် တော်ဝင်နှင်းဆီခန်းမကို ဝင်ရန် တန်းစီနေသော NLD ပါတီဝင်များ။ မတ်လ ၈၊ ၂၀၁၃။
ပါတီညီလာခံ ကျင်းပမယ့် တော်ဝင်နှင်းဆီခန်းမကို ဝင်ရန် တန်းစီနေသော NLD ပါတီဝင်များ။ မတ်လ ၈၊ ၂၀၁၃။
XS
SM
MD
LG