သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စုအရေးတပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ NLD လိုလား


ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ စည်းရုံးဟောပြောမှုမှာတော့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အဓိကထား ပြောဆိုပြီး တပ်မတော်ရဲ့အခန်းကဏ္ဍကိုလည်း အထူး အလေးပေး ပြောဆိုခဲ့ပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ ဖယ်ဒရယ်ကို အာမခံပေးနိုင်တဲ့ အခြေခံဥပဒေတရပ် ဖြစ်ပေါ်လာရေးတို့ကို တပြိုင်နက်တည်းလုပ်ဆောင်ရမှာ ဖြစ်တယ်လို့လည်း တနလာၤနေ့မှာပဲ ပါတီ မူဝါဒနဲ့ပတ်သက်လို့ မြန်မာ အစိုးရရုပ်သံကနေ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီ မူဝါဒတွေကို တနလာၤနေ့မှာ ပြောဆိုတာမှာတော့ တပ်မတော်ရဲ့အခန်းကဏ္ဍကို အထူးတလည် ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တပ်မတော်ဟာ အဓိကကျတယ်ဆိုတာနဲ့ တပ်မတော်နဲ့ NLD ကြား သံသယတွေ ဖယ်ရှားပြီး ပြည်ထောင်စုအရေးအတွက် ပူးပေါင်းဆောင်ရွက်လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရာမှာ တပ်မတော်ရဲ့ကဏ္ဍက အဓိကဖြစ်တယ်ဆိုတာ ကျမတို့ ပြည်သူပြည်သားများ အသိဖြစ်ပါတယ်။ ပြင်ဆင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အမြင်နဲ့ တပ်မတော်ရဲ့အမြင်ဟာ တထပ်တည်း မဟုတ်ဘူးဆိုတာလည်း ပြည်သူပြည်သားများအသိ ဖြစ်ပါတယ်။ သို့သော်လည်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးရဲ့ အနာဂတ် တည်ငြိမ်တောက်ပရေးကို လိုလားတဲ့နေရာမှာ တပ်မတော်နဲ့ကျမတို့အကြား လုံးဝကွဲပြားမှုမရှိဘူးလို့ ယုံကြည်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းက ပြည်သူတွေနဲ့ ထူထောင်ခဲ့တဲ့ ပြည်သူ့တပ်မတော်ကို ပြည်သူ့အကျိုးကိုသာဦးတည်ဆောင်ရွက်တဲ့၊ ပြည်သူချစ်တဲ့ အဖွဲ့အစည်းအဖြစ် ပြည်သူပြည်သားများက ပြင်းပြစွာ မြင်နေလိုကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ လာမယ့် ရွေးကောက်ပွဲတွေမှာ ထွက်ပေါ်လာမယ့် ပြည်သူ့ဆန္ဒကို လေးစားကာကွယ်ရေးများအပါအဝင် နိုင်ငံ့ရဲ့ကံကြမ္မာမှာ ဖန်တီးဖို့အတွက် ပတ်သက်တဲ့ကိစ္စအဝဝမှာ ပြည်သူနဲ့ တပ်မတော် တစ်သားတည်းရှိဖို့ကို လေးလေးနက်နက် လိုလားနေကြပါတယ်။

အဖွဲ့ချုပ်ဟာ မြန်မာ့တပ်မတော်ကို ဒီမိုကရေစီစံနှုန်း စံထားများနဲ့ အညီ တိုးတက်ခေတ်မီ ပြည့်စုံစွာ ပြည်သူတွေလေးစားချစ်ခင်မှုကြောင့် ကမ္ဘာ့အလယ် တင့်တယ်တဲ့၊ နိုင်ငံနဲ့ပြည်သူ လွတ်လပ်၊ လုံခြုံ၊ အေးချမ်းရေးတို့ကို အခိုင်အမာ ကာကွယ်ပေးမယ့် နိုင်ငံက အားကိုးရတဲ့ အဖွဲ့အစည်း ဖြစ်စေလိုပါတယ်။ အဖွဲ့ချုပ်နဲ့ တပ်မတော်အကြား သံသယတွေဖယ်ရှားပြီး ပြည်ထောင်စုအရေး၊ ဒီမိုကရေစီအရေးအတွက် အပြန်အလှန် ယုံကြည်လေးစားစွာ ပူးပေါင်း ဆောင်ရွက်ချင်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ပြောင်းလဲရေးမှာလည်း နိုင်ငံရဲ့ တည်ငြိမ်မှု၊ ပြည်သူတွေရဲ့ နှလုံးစိတ်ဝမ်း အေးချမ်းမှုတို့ကို မထိခိုက်စေဘဲ ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီစွာ အတူလုပ်ဆောင်ချင်ပါတယ်။ အဖွဲ့ချုပ်ဟာ ပြည်သူပြည်သားအားလုံး အေးချမ်းတည်ငြိမ်စွာ ရှင်သန်ပြီး၊ လွတ်လပ် လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်နိုင်မယ့် လူ့အဖွဲ့အစည်းကို ထူထောင်ချင်ပါတယ်။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ တပ်မတော်ကြား တကယ်တန်း ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အလားအလာ အပေါ်မှာတော့ အရင် စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှူး အောင်လင်းထွဋ်က အခုလို ရှုမြင်ပါတယ်။

“အခုချိန်ခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်လည်း သူ့ရဲ့မူလ ၂၅ % လည်း သူ ပြောင်းသွားတဲ့အနေအထားမျိုးရှိတယ်။ ၂၅ % ကိုတော့ သူလက်ခံလို့သာ ၂၀၁၂ ဝင်ခဲ့တယ်။ ဒါပေမယ့် တဖြည်းဖြည်း ဖွဲ့စည်းပုံကို ပြောင်းသွားမယ်ဆိုတဲ့ ပေါ်လစီကို ပြောင်းလာတာရှိတယ်။ တပ်မတော်ဘက်ကလည်း ဒီ ၂၅ % ကို ဖြည်းဖြည်းချင်း လျှော့သွားမယ်ဆိုတဲ့ အနေအထားတွေ ရှိပါတယ်။ ကျနော်ပြောချင်တာက တေ့တေ့ဆိုင်ဆိုင်ပေါ့လေ- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ပေါ့လေ၊ တေ့တေ့ဆိုင်ဆိုင် တွေ့ပြီးတော့မှ ဆွေးနွေးလိမ့်မယ်ဆိုရင်တော့ တပ်မတော်နဲ့ NLD နဲ့ အဆင်မပြေစရာအကြောင်း မရှိပါဘူး။”

စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေ ပြင်ဆင်ရေး ခါးခါးသီးသီး ဖြစ်နေတဲ့ တပ်မတော်နဲ့ ပြေလည်ရေး အတွက်ကတော့ NLD အနေနဲ့ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးကို အထူးတလည် ပြင်ဆင်ဖို့ လိုအပ်တယ်လို့ မြန်မာ့အရေး သုံးသပ်သူ ဦးအောင်သူငြိမ်းက ထောက်ပြပါတယ်။

“ဟုတ်ကဲ့၊ ကျနော်မြင်တာတော့ တပ်မတော်ဆိုတာက သူ့ institution ပေါ့နော်၊ သူ့ရဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့ သူ့အနေနဲ့ အကျိုးစီးပွား ကိစ္စတွေ ရှိပါတယ်။ ဆိုတော့ အဲဒီအနေအထားပေါ်မှာ NLD အနေနဲ့က ပြောမယ်ဆိုလို့ရှိရင် သေချာလည်း သုတေသနလုပ်သင့်တယ်။ သေချာလည်း စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးပြဿနာကို ကိုင်တွယ်ဖို့ သူတို့အနေနဲ့ သေချာ မဟာဗျူဟာ ချပြီးတော့ လုပ်ကိုင်သင့်တယ်လို့တော့ မြင်ပါတယ်။ ကျနော်တို့လို နိုင်ငံမျိုးတွေမှာ စစ်တပ်က အချိန်မရွေးလည်း အာဏာပြန်သိမ်းတတ်ပါတယ်။ နောက်တခုကကျတော့ စစ်တပ်က သူ့ရဲ့ Insitution အကျိုးစီးပွားပေါ့ဗျာ- ဒါတွေ ထိလာလို့ရှိရင်လည်း အမြဲတမ်း ပြဿနာကြုံရတဲ့ အနေအထားမျိုးလေးတွေ တွေ့ပါတယ်။ ဒါက ကျနော်တို့ နိုင်ငံမှာတင် မဟုတ်ပါဘူး။ ကျန်တဲ့နိုင်ငံတော်တော်များများလည်း ဖြစ်တတ်တဲ့ဟာပါ။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်ကတော့ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် ပါတီ မူဝါဒတွေ ချမှတ်ထားရာမှာ ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးစားပေးထားပြီး အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားမျှတတဲ့အုပ်ချုပ်မှုစနစ်တရပ်ပေါ်ပေါက်ရေးနဲ့ လွတ်လပ် လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့ကြားတနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုဟာ တည်တံ့ခိုင်မြဲဖို့ လိုအပ်တယ်လို့ထောက်ပြပြီး ဒီနောက်ပိုင်း ဆက်လက် လုပ်ဆောင်ရမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေးတို့ အတွက် ပြည်သူလူထုက လိုလား ရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေနဲ့ ထမ်းဆောင်ဖို့ အသင့် ရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG