သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုလုပ်ကြံဖို့ ခြိမ်းခြောက်သူကို တရားစွဲဖို့ NLD ပြင်ဆင်


ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်အောင် တားဆီးပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉ စ ကို ဆိုင်းငံ့မယ်ဆိုရင် ဒေါ် အောင်ဆန်းစုကြည်ကို လုပ်ကြံမယ်ဆိုပြီး ဖေ့ဘုတ် လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ရေးသားခဲ့တဲ့သူကို ဥပဒေ ကြောင်းအရ ဘယ်လို အရေးယူနိုင်မလဲ ဆိုတာ အဖြေရှာနေတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောဆိုလိုက်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ ( စ )ကို ယာယီ ဆိုင်း ငံ့မယ့် အရေးကြီးအဆိုကို လက်ရှိ လွှတ်တော်အသစ်မှာ တင်သွင်းမယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အချိန် မှာ ရဲလွင်မြင့် Ye Lwin Myint အမည်နဲ့ Facebook အသုံးပြုသူ က ဒေါ်အောင်ဆန်းစုကြည် ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ရေးသားခဲ့တာပါ။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မြင့်မြင့်ခိုင် က တင်ပြပေးမှာပါ။

ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၅၉ စကို ယာယီဆိုင်းငံ့မယ့် အရေးကြီးအဆို လွှတ်တော်မှာ တင်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ရအောင် ကြိုးပမ်း သွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ရဲလွင်မြင့် Ye Lwin Myint ဆိုတဲ့ Facebook အသုံးပြုသူက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ "ပုဒ်မ ၅၉ စ ကို ဆိုင်းငံ့ရင် သေအောင်သတ်ပေးမယ်" ဆိုပြီး ဖေဖော်ဝါရီ ၃ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက် ရေးသားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ရေးသားခဲ့သူကို အရေးယူဆောင်ရွက်ဖို့ ဥပဒေကြောင်းအရ အဖြေရှာနေပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အခုလို အစိုးရအဖွဲ့ဖွဲ့စည်းနိုင်ရေး ကြိုး ပမ်းနေချိန်မှာ လုပ်ဆောင်ရမယ့် တာဝန်တွေ အင်မတန်များတာမို့ ဒီကိစ္စနဲ့ ပတ်သက်လို့ ချက်ချင်း အရေးယူ ဆောင်ရွက်နိုင်မှာတော့ မဟုတ်ဘူးလို့ NLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောပါတယ်။

" ကျနော်တို့ ဥပဒေကြောင်းအရ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ စိစစ်နေပါတယ်။ ဦးစားပေး လုပ်ကိုင်ရတာတွေ များနေတဲ့အတွက်ကြောင့် စဉ်းစားမယ် လို့ ပြောတာပါ။ ဘာအလုပ်မှ မရှိရင်တော့ ချက်ခြင်း အရေးယူရမှာပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ရေးသားနေ တာတွေကတော့ အခုမှ အဆန်းမဟုတ်ဘူးလေ။ ဟို နဝတ အစိုးရခေတ်၊ နအဖ အစိုးရခေတ် တို့ခေတ်တုန်းက ရစရာမရှိအောင် ပြောတာ ဘာဆန်းလို့လဲ။ ဘာမှမဆန်းဘူး။ ကျနော်တို့အတွက် ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း မဆန်းသလို ကျနော်တို့အတွက်လည်း မဆန်းဘူး။ ဒါကို ရေးကြီးခွင်ကျယ် လုပ်ပြီးတော့ မလုပ်ချင်တော့ဘူး။ အလုပ်က နင်းကန်များနေလို့။"

ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံမယ်ဆိုပြီး လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ရေးသားတာဟာ ဆက်သွယ်ရေးဥပဒေ၊ အီလက်ထရောနစ် ဥပဒေပါ ပြဌာန်းချက်တွေနဲ့ အကျုံးဝင်ပြီး လူသတ်ဖို့ ကြံစည်တာဖြစ်တဲ့ အတွက် ပြစ်မှုဆိုင်ရာဥပဒေနဲ့ပါ အရေးယူလို့ ရတယ်လို့ ဥပဒေပညာရှင်တွေက သုံးသပ်ကြပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့ ဒီအမှုဟာ ရဲအရေးပိုင်တဲ့ အမှုဖြစ်တာကြောင့် ရဲတပ်ဖွဲ့မှာ အပြည့်အဝ တာဝန်ရှိတယ်လို့ပြောပါတယ်။

" ကျနော်ပြောချင်တာက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားတဲ့ သူတွေကိုကျတော့ အလျင်အမြန် ရှာဖွေပြီး ရိုက်နှက်ဖမ်းဆီးတယ်။ အခုဒီကိစ္စကျတော့ မရှာဖွေနိုင်ဘူး။ မဖမ်းဆီးနိုင်ဘူး ဆိုရင် ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာ ကျတော့မှာပေါ့။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း အရေးပါတဲ့သူ တယောက်ဖြစ်သလို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကလည်း သန်းငါးဆယ်သော လူထုအတွက် အရေးပါသော ခေါင်းဆောင်ဖြစ်တဲ့အပြင် အရှေ့တောင်အာရှနဲ့တကွ နိုင်ငံတကာအတွက် အရေးပါ အရာရောက်တဲ့ ခေါင်းဆောင် တယောက်ဖြစ်တော့ ဒီဟာကျတော့ ရဲတပ်ဖွဲ့က အခုထက်ထိ တရားခံဖမ်းဆီးတာ ဘာတာ ဘာမှ မရှိသေးတာကိုက ထူးခြားချက်ဖြစ်နေတယ်။ ကျနော်တို့က စိုးရိမ်နေတယ်။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်သူကို ဘယ်သူမဆို တရားစွဲဆိုမယ်ဆိုရင် ဥပဒေ ကြောင်းအရ ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိတယ်လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

" ကျနော့်အနေနဲ့ကတော့ တရားစွဲဆိုမယ့်သူကို စားရိတ်ငြိမ်း အခမဲ့ ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိပါတယ်။ ဒါက ရဲကနေ ဖမ်းဆီးပြီး လုပ်ရမယ့်ကိစ္စပါ ။ ကျနော်တို့က ဟိုလူက တိုင်ရမယ်။ ဒီလူက တိုင်ရမယ်လို့ ရဲတပ်ဖွဲ့က ပြောတဲ့ဟာက တာဝန်မဲ့တဲ့ စကားဖြစ်နေတယ်။ "

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သရော်လှောင်ပြောင်တဲ့ ဓာတ်ပုံကို လူမှု ကွန်ယက် စာမျက်နှာတွေမှာ ဖြန့်ဝေခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မချောစန္ဒီထွန်း ခေါ် ချစ်သမီး နဲ့ ကချင်တိုင်းရင်းသား ပတ်ထရစ်ကွန်ဂျာလီတို့ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃအရ ထောင်ဒဏ် ၆လစီ မကြာသေးခင်က ချမှတ်ခဲ့တာမို့ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ရေးသားသူကိုလည်း ဘယ်လို အရေးယူမလဲ ဆိုတာ လူထုက စိတ်ဝင်စားနေကြပါတယ်။

XS
SM
MD
LG