သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းရေး NLD စတင် ပြင်ဆင်


ရခိုင်ပြည်နယ် သံတွဲမြို့ကိုရောက်လာတဲ့ NLD ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေကြိုဆိုနေကြစဉ် (အောက်တိုဘာ ၁၇ ရက်၊ ၂၀၁၅)
ရခိုင်ပြည်နယ် သံတွဲမြို့ကိုရောက်လာတဲ့ NLD ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေကြိုဆိုနေကြစဉ် (အောက်တိုဘာ ၁၇ ရက်၊ ၂၀၁၅)

တိုင်းဒေသကြီး၊ပြည်နယ် အစိုးရတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်မယ်လို့ NLD ပါတီက ပြောဆိုထားပြီး ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မြို့မိမြို့ဖတွေ လူမှုရေး အဖွဲ့အစည်းတွေနဲ့ ရွေးကောက်ခံ NLD ကိုယ်စားလှယ်တွေ ရှေ့လာမယ့် နိုင်ငံရေး အခင်းအကျင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ တချိန်တည်းမှာဘဲ ရခိုင်ပြည်နယ်တွင်း အများစု အနိုင်ရထားတဲ့ ရခိုင်အမျိုးသား ပါတီဘက်ကလည်း ပြည်နယ် အစိုးရနဲ့ လွှတ်တော်မှာ အင်အားကြီး NLD ပါတီက ဦးဆောင်မှုရယူရင် ဘယ်လို ပုံစံမျိုးနဲ့ ပူးပေါင်းဆောင်ရွက်မလဲ ဆိုတာကို ဆွေးနွေးကြဖို့ ပြင်ဆင်နေပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက တနိုင်ငံလုံးမှာ အမတ်နေရာ အများစု အနိုင်ရထားတယ်ဆိုပေမယ့် ရခိုင်ပြည်နယ်ထဲမှာတော့ အနည်းစုဘဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်ထောင်စု အစိုးရဖွဲ့စည်းမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတွေကိုလည်း ဦးဆောင်ဖွဲ့စည်းမယ်လို့ တရားဝင် ထုတ်ဖော် ပြောဆိုထားပြီး ဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဂွ မြို့နယ်ရဲ့ ရွေးကောက်ခံ ပြည်နယ်လွှတ်တော်အမတ် ဦးညီပုက ပြောပါတယ်။

“ကျွန်တော်တို့ ဆီက ပြောရေး ဆိုခွင့်ရှိတဲ့ ဒေါ်နန်းခင်ထွေးမြင့်က ပြောခဲ့တာ ရှိပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေမှာ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကပဲ အစိုးရကို ဦးဆောင်ပြီးတော့ ဖွဲ့ စည်းသွားမယ်။အဲဒီ အစိုးရကို ဦးဆောင်တဲ့ ပုဂ္ဂိုလ် ဟာလည်းပဲ အမျိုးသား ဒီမို ကရေစီအဖွဲ့ ချုပ်ကပဲ ဖြစ်မယ်ဆိုတာ ပြောထားပါတယ်။”

လွှတ်တော်သစ်တွေ ခေါ်ယူဖို့ နီးကပ်လာချိန် အစိုးရသစ် ဖွဲ့စည်းဖို့ တစ တစ နီးကပ်လာချိန်မှာဘဲ ရခိုင်ပြည်နယ်ထဲက ရွေးကောက်ခံ NLD ကိုယ်စားလှယ်တွေနဲ့ ဒါဇင်နဲ့ချီတဲ့ စစ်တွေမြို့ခံ တချို့လည်း မကြာခင်ကတွေ့ဆုံခဲ့ကြပြီး NLD ရဲ့ ရပ်တည်ချက်ကို ဆွေးနွေးခဲ့ကြတယ်လို့လည်း ဦးညီပုက ပြောပါတယ်။

“လူမှုရေး အဖွဲ့ အစည်းတွေပါတဲ့ အရပ်ဖက် အဖွဲ့ အစည်းတွေ၊ အရပ်ဘက်က ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေး ပါတီတွေ တော်တော် စုံစုံလင်လင်လေး ပါပါတယ်။ အခု ကျွန်တော်တို့ တွေ့တဲ့ နေရာမှာတော့ သိပ်ပြီး တော့ စိုးရိမ်တဲ့ အနေအထား သိပ်ပြီးတော့ မတွေ့ ပါဘူး။ ကျွန်တော်တို့ တာဝန်ယူခဲ့လို့ ရှိရင် ကျွန်တော်တို့ နဲ့ ပူးပေါင်း ဆောင်ရွက်မယ့် အနေအထားတွေ ပြောတယ်။ သူတို့ တတ်နိုင် သမျှ အကူအညီတွေ အကြံညဏ်တွေ ပေးဖို့ ကို ပြောပါတယ်။ ကျွန်တော်တို့ ဆက်လုပ်ဖို့ ကို အားလုံးက ဆက်ပြီးတော့ အားပေးကြပါတယ်။”

ရခိုင်ပြည်နယ်ရဲ့ လွှတ်တော် အမတ်နေရာ အများစုကို အနိုင်ရရှိထားပြီး ပြည်နယ် အစိုးရကို ဦးဆောင်နိုင်ဖို့ မျှော်လင့်ထားတဲ့ ရခိုင်အမျိုးသား ပါတီဘက်ကတော့ တကယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဘက်က ပြည်နယ် အစိုးရကို ဦးဆောင်လာရင် ဘယ်လို မူဝါဒမျိုးနဲ့ ပူးပေါင်းဆောင်ရွက်မလဲ ဆိုတာကို စည်းဝေး ဆုံးဖြတ်ဖို့ ပြင်ဆင်နေကြပါတယ်။ ရခိုင်အမျိုးသား ပါတီရဲ့ ပြောခွင့်ရ ဦးခိုင်ပြည်စိုးက ပါတီရဲ့ သဘောထားကို အခုလို ပြောပါတယ်။

“ကျွန်တော်တို့ ပါတီရဲ့ အစည်းအဝေးမှာ NLD က ကမ်းလှမ်းလာလို့ ရှိရင် ကျွန်တော်တို့ ပါတီက ဆွေးနွေးမယ်ဆိုပြီးတော့ ကျွန်တော်တို့ ပါတီက သုံးယောက်ကို ရွေးထားပါတယ်။ ဒါပေမယ့် NLD က ကျွန်တော်တို့ ပါတီနဲ့ မဆွေးနွေးပဲနဲ့ ရခိုင်ပြည်နယ်မှာ စိတ်ထင်ရာကို လုပ်မယ်၊ သူတို့ ဝန်ကြီးချုပ်တွေ လုပ်မယ် ဟိုဟာလုပ်မယ် ဒီဟာ လုပ်မယ်ဆိုပြီးတော့ လိုင်းချတဲ့ ဟာကို စစ်တွေမြို့ က ပုဂိုလ်တွေနဲ့ ဆွေးနွေးတဲ့ အပေါ်မှာ ကျွန်တော်က တော့ ဘာမှ ပြောဖို့ မရှိပါဘူး။ အဲသလို လုပ်မယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ပူးပေါင်း ဆောင်ရွက်မှု လုပ်သင့် မလုပ်သင့် ဆိုတာကို ကျွန်တော်တို့ ဒီလအတွင်းမှာ အစည်းအဝေးရှိတယ်။ အဲဒီ အစည်းအဝေးမှာပဲ ကျွန်တော်တို့ ဆုံးဖြတ်မှာပါ။ ကျွန်တော်တို့က ဘာသာရေးနဲ့ လူမျိုးရေး ပြဿ နာကို ဒီလောက် မစဉ်းစားပါဘူး။ ကျွန်တော်တို့ က တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဒါန်းခွင့်ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ့် အပိုင်းကိုပဲ တစ်စိုက်မတ်မတ် သွားနေတဲ့ ပါတီပါ။”

ရခိုင်ပြည်နယ်တွင်းမှာ အများစု အနိုင်ရ ရခိုင်အမျိုးသား ပါတီက ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းရေး အပါအဝင် အကူးအပြောင်းကာလ အတွက် တနိုင်ငံလုံး အများစု အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ ဆွေးနွေးညှိနှိုင်းဖို့ အတွက် ကိုယ်စားလှယ်တွေလည်း ရွေးချယ်ထားတာပါ။ ဒါပေမယ့် လွှတ်တော်သစ်တွေ ခေါ်ယူတော့မယ့် အချိန်၊ အစိုးရသစ် ဖွဲ့စည်းဖို့ နီးကပ်လာချိန်ထိ နှစ်ဘက် ဆွေးနွေးမှုတွေတော့ ထွက်ပေါ်မလာသေးပါဘူး။

XS
SM
MD
LG