သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးအမည်စာရင်း NLD လွှတ်တော်မှာတင်သွင်း


လွှတ်တော်
လွှတ်တော်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်ဖွဲ့စည်းမယ့် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ အမည်စာရင်းကို လွှတ်တော်ကို ပေးပို့လိုက်ပြီ ဖြစ်တဲ့အကြောင်း ပါတီပြောခွင့်ရသူ ဒေါက်တာဇော်မြင့်မောင် ကပြောပါတယ်။ အစိုးရအဖွဲ့ထဲမှာတော့ NLD ပါတီက သာမက တိုင်းရင်းသားတွေ ပြင်ပကကျွမ်းကျင်သူတွေပါ ပါဝင်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။

NLD အစိုးရသစ်လက်ထက်မှာ ပြန်လည်ဖွဲ့စည်းမယ့် ဝန်ကြီးဌာန ၂၁ ခု အတွက် ဝန်ကြီးတွေရဲ့ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်ကို ပေးပို့လိုက်ပြီ မနက်ဖြန်မှာ လွှတ်တော်တွင်း တရားဝင် ကြေညာလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ NLD က ခန့်အပ်တာဝန်ပေးမယ့် သူတွေထဲမှာတော့ ပါတီဝင်တွေရော ပြင်ပကလူတွေပါ နယ်ပယ်အသီးသီးက ပါဝင်မှာ ဖြစ်တယ်လို့ ပါတီပြောခွင့်ရသူ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

“ပြည်ထောင်စုလွှတ်တော်ကို ပေးရတာ ဒီ ရွေးကောက်တင်မြှောက်ခံထားရတဲ့ သမ္မတကနေပြီးတော့ ပေးရတာပေါ့ကွာ။ အမျိုးသမီး ဘယ်နှစ်ယောက်တွေမမေးပါနဲ့ ၊ အမျိုးသမီးပါတယ်။ NLD ပါတယ် ။ ပညာရှင်လည်းပါတယ်။ NLD ပါတယ် ။ တိုင်းရင်းသားလည်းပါတယ်။ ပညာရှင်လည်းပါတယ်နော်။”

NLD အစိုးရသစ် လက်ထက်မှာ အသစ်ဖွဲ့စည်းမယ့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနအတွက်ကိုတော့ တိုင်းရင်းသား ခေါင်းဆောင် တဦးကိုတာဝန်ပေးဖို့ စီစဉ်ထားတယ်လို့လည်း ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

“တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမှာ တိုင်းရင်းသား တဦးကို တာဝန်ပေးတယ်ဆိုတာပြောတာပါ။ နောက် နိုင်ငံရဲ့အကျိုးကိုပြုတာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ အကျိုးပြုနိုင်တာလား၊ ကျန်တဲ့ အပြင်ကလူတွေက အကျိုးမပြုနိုင်ဘူးလား ဒါတွေလည်း စဉ်းစားရဦးမှာပေါ့။”

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတတာဝန်ယူခွင့်မရှိတဲ့ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အစိုးရသစ်မှာ ဘယ်လို အခန်းကဏ္ဍက တာဝန်ယူမလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဒါပေမဲ့လည်း ပါတီနဲ့ အစိုးရသစ်ကိုပါ ဦးဆောင်မှု ပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ အဲတော့ NLD ဖွဲ့တဲ့ အစိုးရကိုလည်း ဒေါ်အောင်ဆန်းစုကြည်ပဲ ဦးဆောင်မှာပေါ့ဗျာ။NLD ကြီးကို ဦးဆောင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဖြစ်တဲ့အတွက် NLD ဖွဲ့တယ်ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်မှာပါ။ အဲဒီကျတော့ ရာထူူး Position ဆိုတာ အရေးကြီးသေးသလား။”

NLD အစိုးရသစ်က ဝန်ကြီးဌာန အများစုအတွက် ခန့်အပ်တာဝန်ပေးမှာ ဖြစ်ပေမဲ့ အရေးကြီးတဲ့ ဝန်ကြီးဌာန ၃ ခုဖြစ်တဲ့ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်သွားမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG