သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ်ဖွဲ့အပြီး NLD နိုင်ငံရေးပါတီ ပြန်လည်ဖွဲ့စည်းဖို့ ပြင်ဆင်


NLD ပါတီကို ပြန်လည်ဖွဲ့စည်းသွားဖို့ ရှိနေတယ်လို့ ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် ဦးဉာဏ်ဝင်းက ပြောဆိုသွားပါတယ်။ ပါတီရဲ့ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာ ဇော်မြင့်မောင် ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီဥက္ကဌအနေနဲ့ ဆက်ရှိနေမယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

ပါတီနာယကကြီး ဦးတင်ဦးကတော့ အပြောင်းအလဲက ပါတီအပေါ်မှာ အကျိုးသက်ရောက်မှု ကြီးကြီးမားမား ဖြစ်လာမှာမဟုတ်ဘဲ စုစည်းမှုနဲ့ ရှေ့ဆက်မယ်လို့ ပြောပါတယ်။ အပြည်အစုံကို နေပြည်တော်ကနေ ဗွီအိုအေသတင်းထောက် မမေခက ပေးပို့ထားပါတယ်။

နိုင်ငံတော်အာဏာ အလွှဲအပြောင်းမှာ ဝန်ကြီးဌာနတွေကို တာဝန်ယူမယ့် ပြည်ထောင်စုဝန်ကြီး ၁၈ ဦး ကတိသစ္စာပြုခဲ့တာမှာ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ဝန်ကြီးဌာန ၄ ခုကို တာဝန်ယူခဲ့ပါတယ်။ ပါတီထဲက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၆ ဦးဟာ အစိုးရအဖွဲ့အစည်းထဲမှာ တာဝန်ထမ်းဆောင်သွားမှာပါ။ ဒီပြင် ဒုသမ္မတ ဟင်နရီဗန်တီးယူ အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးမှာလည်း ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ထားပါတယ်။ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်နေရာတွေမှာလည်း ပါတီဝင်တွေ ပါဝင်ထားသလို နောက်ထပ် ခန့်အပ်ဦးမယ့် တိုင်းနဲ့ပြည်နယ်က ဝန်ကြီးဌာနတွေအတွက် ဝန်ကြီးတွေနဲ့ရှေ့နေချုပ် နေရာတွေမှာလည်း NLD ပါတီဝင်တွေ ပါဝင်ဖို့ ရှိနေပါသေးတယ်။ ဒီလိုပါဝင်မှုတွေရှိ လာတာကြောင့် ပါတီကို ပြန်လည်ဖွဲ့စည်းသွားဖို့ စီစဉ်နေတာပါ။ ပြန်လည်ဖွဲ့စည်းမှုနဲ့ ပတ်သတ်ပြီး ဦးဉာဏ်ဝင်းက အခုလို ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ ပြန်လည်ဖွဲ့စည်းရေးလုပ်မှာပါ။ ဒါပေမဲ့ လက်ရှိကတော့ အတွင်းရေးမှူး ၅ ဦးက ဦးဆောင်မှာ။ အချိန်ရတာနဲ့ လုပ်မှာ။ အခု ဒီအချိန်မှာတော့ အန်ကယ်လ် ပြောလို့မရဘူး။ ဒီအချိန် ဘာမှမလုပ်နိုင်ဘူး။”

အရင် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်မှာလည်း ဝန်ကြီးနေရာတွေ တာဝန်ထမ်းဆောင်သူတွေမှာ ကြံ့ခိုင်ရေးပါတီကနေ နှုတ်ထွက်ခဲ့တာ မရှိခဲ့ပါဘူး။ ဒီပြင် သမ္မတဟောင်း ဦးသိန်းစိန် ကိုယ်တိုင်လည်း ပါတီဥက္ကဌ နေရာယူထားသလို သမ္မတတာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ဒီအပေါ်မှာ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၄ နဲ့ ၂၃၂ အရ သမ္မတ၊ ဒုသမ္မတတွေနဲ့ ပြည်ထောင်စုဝန်ကြီးတွေဟာ လွှတ်တော်တရပ်ရပ်ရဲ့ ကိုယ်စားလှယ်ဖြစ်ခဲ့ရင် အစိုးရအဖွဲ့အစည်းမှာ တာဝန်ခန့်အပ်တဲ့ နေ့ကစပြီး လွှတ်တော် ကိုယ်စားလှယ်ကနေ နှုတ်ထွက်ရမယ်လို့ ပါဝင်ထားပါတယ်။ ဒီပြင် ရာထူးသက်တမ်းအတွင်း ပါတီအဖွဲ့အစည်း လုပ်ငန်းတွေမှာလည်း ဆောင်ရွက်ခွင့် မရှိစေရလို့ ပါပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်ထောင်စုဝန်ကြီး တာဝန်ယူလိုက်တာ ဖြစ်တာကြောင့် သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပါတီ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာဇော်မြင့်မောင် ကတော့ အခုလို ပြောပါတယ်။

“အဲတော့ ရှေ့ကသွားခဲ့တဲ့ အစိုးရကို ကြည့်လိုက်ပေါ့နော်။ ကျနော်တို့ လွှတ်တော်တွင်းမှာ ဒါကို မေးခွန်းမေးဖူးပါတယ်။ သမ္မတကြီး ဦးသိန်းစိန်က ပါတီမှာ ဘာတာဝန်ရှိသလဲပေ့ါနော် အခု အခြေခံ ဥပဒေအရဆိုရင်။ ဘာပြောလိုက်လဲဆိုတော့ ပါတီရဲ့လုပ်ငန်းတွေကို မဆောင်ရွက်တာပဲ ရှိပါတယ်။ ဥက္ကဌက ဥက္ကဌ ပါပဲဆိုပြီး ဖြေခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ရှိပါတယ်။ အဲတော့ ကျနော်တို့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပွင့်ပွင့်လင်းလင်းပြောမယ် NLD ဥက္ကဌပါ။ ပါတီလုပ်ငန်းကို မဆောင်ရွက်တာပဲ ရှိမယ်။ ဒါကြောင့်မို့လို့ အတွင်းရေးမှူး အဖွဲ့ဝင် လုပ်ပေးထားလိုက်တာကို သတိထားမိမှာပေါ့နော်။ အဲတော့ ဒေါ်အောင်ဆန်းစုကြည် ကျနော်တို့ရဲ့ ဥက္ကဌနေရာမှာ ဒေါ်အောင်ဆန်းစုကြည် ရှိနေမယ်။ ပါတီလုပ်ငန်းတော့ မဆောင်ရွက်ဘူးပေါ့လေ။”

NLD ပါတီကို ပြန်လည်ဖွဲ့စည်းသွားဖို့ ရှိနေတဲ့အပေါ်မှာ ပါတီရဲ့ ရှေ့အလားလာနဲ့ ပတ်သက်ပြီး ပါတီနာယကကြီး ဦးတင်ဦးကတော့ အခုလို မှတ်ချက်ပေး ပြောဆိုလိုက်ပါတယ်။

“တာဝန်ကတော့ မကြီးပါဘူး။ အခါတိုင်းလိုပဲ ပူးပေါင်းပြီး လုပ်နေတဲ့အခါကျတော့ ပိုပြီး ကြီးလာတယ် မဟုတ်ပါဘူး။ ဒီလိုပဲ မှန်မှန်ပဲ လုပ်သွားကြတာပေါ့။ အခက်အခဲတခုက နှစ်ပေါင်း ၂၇ ခုနှစ်လုံးလုံး ကျော်လွှားပြီးပြီ။ နောက်ဟာကို ဆက်ပြီးတော့ ကျော်လွှားနိုင်ဖို့အတွက် ဆက်လုပ်နိုင်ဖို့အတွက်ကို လမ်းပွင့်သွားတယ်။ လုပ်နိုင်မယ်လို့ ထင်ပါတယ်။ ပြည်သူပြည်သားတွေကလည်း တပါတည်း ပူးပေါင်းလာပြီးတော့ ကျနော်တို့ချည်း NLD ချည်းပဲ လုပ်လို့မရဘူး။ အားလုံး ခုနက ပြောသလိုပဲ အားလုံးပြန်ပြီးတော့ ပေါင်းပြီး စည်းရုံးသွားပြီး ဆောင်ရွက်ဖို့အတွက် ဖိတ်ခေါ်ထားတဲ့အတွက် အဲဒီအတိုင်း လိုက်ပြီးတော့ အောင်မြင်အောင် လုပ်ဖို့ဆိုတဲ့ဟာ လမ်းပွင့်သွားတယ်။ ဝမ်းသာတယ်။”

ဗုဒ္ဓဟူးနေ့က အာဏာလွှဲပြောင်းပြီးပြီ ဖြစ်တာကြောင့် NLD ပါတီကနေ ရွေးချယ်တင်မြှောက်လိုက်တဲ့ သမ္မတ၊ ဒုသမ္မတ၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဖွဲ့စည်းပုံအခြေခံခုံရုံးအဖွဲ့ဝင်နဲ့ ဝန်ကြီးချုပ်တွေဟာ လာမယ့် ဧပြီ ၁ ရက်နေ့မှာ စတင် တာဝန်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။

XS
SM
MD
LG