သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ခိုင်ဖြိုးရွေးကောက်ပွဲ မသမာမှု NLD တိုင်တန်း


နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲမပေးရေး စည်းရုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တာဝန်ရှိသူတဦးကို NLD ပါတီက တိုင်ကြားတာကို ရဲစခန်းက လက်ခံလိုက်ပါတယ်။ ရဲစခန်းဘက်က တိုင်ကြားချက်ကို စုံစမ်းစစ်ဆေးပြီး ပြစ်မှုထင်ရှားရင် ကျူးလွန်သူအနေနဲ့ ပြစ်ဒဏ် ကျခံရနိုင်သလို ပြစ်မှုထင်ရှား မပေါ်ပေါက်ရင်တော့ တိုင်ကြားသူ အနေနဲ့ ပြစ်ဒဏ်ကျခံရနိုင်တဲ့ အခြေအနေလည်း ရှိနေပါတယ်။ မသိင်္ဂီထိုက် က စုစည်းတင်ပြပေးပါမယ်။

နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တာဝန်ရှိသူ တဦးက အတိုက်အခံပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲမပေးရေး လှုံ့ဆော်တဲ့ စာရွက်စာတန်းတွေ ဝေငှခဲ့တာကြောင့် ဒက္ခိဏသီရိ မြို့နယ် ရဲစခန်းကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒက္ခိဏသီရိမြို့နယ် ရဲစခန်းက NLD ပါတီကိုယ်စားလှယ်ရဲ့ တိုင်ကြားချက်ကို လက်ခံလိုက်တယ်လို့ ဒက္ခိဏသီရိမြို့နယ် ကိုယ်စားလှယ်လောင်း ဦးသန့်စင်ထွန်းက ပြောပါတယ်။

“ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ မြို့နယ် အလုပ်အမှုဆောင် တွဲဘက် အတွင်းရေးမှူး ဦးဇော်ဝိတ် ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ပါတီကို မဲမပေးဖို့ အားပေးလှုံ့ဆော်တဲ့ စာတွေ ဝေလို့ပါ။ အဲဒါနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ ကျနော်က ပုဒ်မတော့ မတပ်သေးဘူး။ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေကို ချိုးဖောက်တဲ့အတွက် အရေးယူပေးပါဆိုပြီး ကျနော်က တိုင်ကြားလိုက်တာ။ ရဲစခန်းက အမှုအမှတ် ၉၉/၂၀၁၅ နဲ့ လက်ခံတယ်။ ပုဒ်မကကျတော့ ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ (ဂ) အဲဒီပုဒ်မ တပ်ပေးထားတယ်။”

ဒက္ခိဏသီရိမြို့နယ် ကြာပင်ကျေးရွာအုပ်စု ထန်းတပင် ကျေးရွာ မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတဦးက ကိုယ်တိုင် ဝေငှခဲ့တာကိုလည်း သက်သေ အခိုင်အမာ ရှိတယ်ဆိုပြီးလည်း NLD ကိုယ်စားလှယ်လောင်း ဦးသန့်စင်ထွန်းက ပြောပါတယ်။

“ဒက္ခိဏသီရိမြို့နယ် ကြာပင်ကျေးရွာအုပ်စု ထန်းတပင်ကျေးရွာပါ။ သူကိုယ်တိုင်ဝေတာပါ။ သူကိုယ်တိုင်ဝေတယ်။ ဝေတဲ့အခါမှာ ကျနော်တို့ရဲ့အဖွဲ့ဝင်တွေက သတင်းလှမ်းပေးတယ်ပေါ့။ သတင်းလှမ်းပေးတော့ ကျနော်တို့က နောက် ၂ ရက်လောက်မှာ သွားရောက် စုံစမ်းတဲ့အခါမှာ သူကိုယ်တိုင်ဝေတယ်။ ဝေတဲ့ဟာကို ဈေးဆိုင်တဆိုင်ရဲ့ ဆိုင်ရှင်အဒေါ်ကြီးက ကျနော်တို့ကို သက်သေထွက်ဆိုပေးတယ်။ သူ့ဆိုင်မှာ လူလည်းစုံတဲ့အတွက် ဒါတွေကို ရှင်းပြပေးပါပေါ့နော် ပြောပြီးတော့ ဝေသွားတယ်တဲ့။ အဲဒီအဒေါ်ကြီးက သက်သေ ထွက်ဆိုပေးထားတယ်။ သူဝေတဲ့ စာရွက်ထဲမှာကျတော့ မျိုးစောင့်ဥပဒေ ၄ ခုကိုလည်း ကျနော်တို့ ပါတီက ကန့်ကွက်တယ်ပေါ့နော်။ ကျနော်တို့ပါတီ အနိုင်ရသွားလို့ရှိရင် ဒီဥပဒေတွေကို ကျနော်တို့က ပြန်ပြီးတော့ ပယ်ဖျက်မယ်ဆိုတဲ့ အကြောင်းတွေကို ရေးတယ်။ နောက်တခါ လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြပြီးတော့ ကျနော်တို့ ဒီ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ ပါတီကို မဲမပေးဖို့အတွက် အားပေးလှုံ့ဆော်တဲ့ အရေးအသားတွေပါတယ်။”

ဆန္ဒမဲ ပေးပိုင်ခွင့်၊ ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ကို မတရားသဖြင့် နှောင့်ယှက်မှု၊ မဲရဖို့ လာဘ်ပေး လာဘ်ယူမှုတွေကစလို့ မဲစာရင်း မဲလက်မှတ်တွေကို မမှန်မကန် ပြုလုပ်မှုတွေအဆုံး ပြစ်မှုဆိုင်ရာ စွပ်စွဲချက်တွေကို ရဲထံ တိုက်ရိုက်တိုင်ကြား ကြဖို့ ရွေးကောက်ပွဲ ဥပဒေမှာ ပြဌာန်းထားတာဖြစ်ပါတယ်။ ဒီလို တိုင်ကြားတာမှာလည်း ရဲက စုံစမ်းစစ်ဆေးပြီး ပြစ်မှုထင်ရှားရင် တိုင်ကြားခံရသူ အနေနဲ့ ထောင်ဒဏ်ကျခံရမှာ ဖြစ်ပေမဲ့ ရဲက စစ်ဆေးလို့ ပြစ်မှု မထင်ရှားဘူးလို့ ဆုံးဖြတ်ခဲ့ရင်တော့ တိုင်ကြားသူကို လိမ်လည်တိုင်ကြားသူအဖြစ် သတ်မှတ်အပြစ်ပေးခံရမယ့် အရေးလည်း ရှိနေပြန်တယ်လို့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ အငြိမ်းစား ဒုတိယ ညွှန်ကြားရေးမှူး ဥပဒေပညာရှင် ဦးထွန်းခင်က အခုလို ပြောပါတယ်။

“ရဲက သူကတော့ တိုင်ချက်ဖွင့်ပေးရမှာပဲလေ။ မလျော်မကန်သုံးတာတို့၊ ခြိမ်းခြောက်တာတို့၊ ပုဒ်မ ၅၇ မှာရှိတယ်။ မသင့်တော်တာ လုပ်တာတို့၊ အဲ့လို မဲမပေးနဲ့လို့ တို့ ပြောတာတို့ဟာ ဒါ မတရားစည်းရုံးတာပဲလေ။ မလျော်သြဇာသုံးတာပဲလေ။ ပုဒ်မ ၅၇ မှာ ပါပါတယ်။ ဒါကျတော့ မလျော်သြဇာသုံးတာတို့၊ ဖြန့်ဝေတာတို့ ဖြစ်သွားတာပေါ့။ ရဲကတော့ သူကတော့ စုံစမ်းစစ်ဆေးပြီး တရားစွဲတင်ရမှာပဲ။ ဒါပေမဲ့ သူက ဖမ်းခွင့်တော့ မရှိဘူး။ အာမခံပေးနိုင်တဲ့ပုဒ်မ ဖြစ်တယ်။ ပြစ်မှုကျူးလွန်သူတွေကိုက ကျူးလွန်တာ အထမြောက်တယ်ဆိုရင်တော့ တနှစ်ဖြစ်မယ်။ မဟုတ်မမှန် တိုင်ကြားတယ်ဆိုရင် သူက အပြစ်ဒဏ် ၃ နှစ်အထိရှိတယ်။ အဲဒါ ပုဒ်မတခုပါ။”

နေပြည်တော် ဒက္ခိဏသီရိ မဲဆန္ဒနယ်မှာတော့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ မဲဆွယ်စည်းရုံးခွင့် ပေးတဲ့ရက် မတိုင်ခင် မဲဆွယ်စည်းရုံးတယ်ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်က ဒက္ခိဏသီရိ ရဲစခန်းကို တိုင်ကြားခဲ့တာကိုတော့ ရဲစခန်းက လက်မခံခဲ့ပါဘူး။ ဒါပေမဲ့ အခု တကြိမ်တိုင်ကြားမှုကိုတော့ တနင်္လာနေ့မှာ ဒက္ခိဏသီရိရဲစခန်းက လက်ခံလိုက်ပြီး အခုချိန်ထိတော့ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး အကြောင်းကြား မလာသေးဘူးလို့လည်း NLD ကိုယ်စားလှယ်က ပြောဆိုထားပါတယ်။

XS
SM
MD
LG