သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲယှဉ်ပြိုင်ရေး NLD နဲ့ SNLD ဆွေးနွေး


လာမဲ့ ၂၀၁၅ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ဆုံးဖြတ်ခဲ့တဲ့ NLD ခေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေ နိုင်ငံတဝန်းလုံးရှိ မဲဆန္ဒနယ်မြေအားလုံးမှာ ဝင်ရောက်အရွေးခံသွားဖို့ တိုင်းရင်းသားမဟာမိတ် အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ လက်ရှိ အနေအထား အရ တိုင်းရင်းသားပါတီထဲက CRPP ခေါ် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ ခေါင်းဆောင်ဟောင်း (၃) ဦး ဝင်ပြိုင်တဲ့ဒေသမှာ NLD အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူး လို့လည်း ဒီကနေ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာပြောဆိုခဲ့ပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားဒေသအတွင်း ဝင်ရောက်ယှဉ်ပြိုင်ရေးကိစ္စနဲ့ ပက်သက်ပြီး NLD နဲ့ မဟာ မိတ် SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့ကနေ ဒီကနေ့မှာတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

“ကျနော်တို့ပါတီ မိတ်ဆွေဟောင်းဖြစ်တဲ့ SNLD နဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ဖို့ အစပြုတဲ့တွေ့ဆုံပွဲပါ။ လောလောဆယ် ကျနော်တို့ ပြောနိုင်တာက CRPP မှာ ကျနော်တို့နဲ့ တောက်လျှောက်ထောက်ခံခဲ့တဲ့ အခက်အခဲကာလမှာ ပူးပေါင်းခဲ့တဲ့ ပါတီခေါင်းဆောင်တွေ ရွေးကောက်ပွဲဝင်ခဲ့မယ်ဆိုရင်တော့ ထိပ်တိုက်မတွေ့ဖို့ ကျနော်တို့ …ပြောကြားခဲ့ပါတယ်။ ကျန်တာတော့ ဘာမှ ဆုံးဖြတ်တာမရှိသေးပါဘူး။”

ဒီမနက်တွေ့ဆုံမှုမှာ NLDအနေနဲ့ ယခင် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP ခေါင်းဆောင်ဟောင်း (၃) ဦး ဝင်ပြိုင်တဲ့နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးဆိုတဲ့ အကြောင်းပြောဆိုခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး စိုင်းညွန့်လွင်က အခုလိုပြောပါတယ်။

“ကျနော်တို့ SNLD နဲ့လာတွေ့တာလေ။ SNLD ကို မနက်က ပြောတာတော့ တကယ်လို့ CRPP မှာပါတဲ့ ပုဂ္ဂိုလ်ကြီးတွေပေါ့၊ ဦးခွန်ထွန်းဦးတို့၊ ဦးအေးသာအောင်တို့၊ ပူကျင့်ရှင်းထန်တို့ အဲလိုလူမျိုးတွေ ဝင်တဲ့နေရာဆိုရင်တော့ သူတို့ ဝင်မှာမဟုတ်ဘူးပေါ့၊ ဒါကတော့ အဓိကပြောလို့ရပါတယ်။ ကျန်တဲ့နေရာတွေမှာကတော့ တကယ်လို့ NLD အားသာတဲ့နေရာမှာဆိုရင် NLD ကိုပဲ ပေးရမယ့်သဘောပါ။ SNLD အားသာတယ်ဆို SNLD ကို အားပေးကြမယ်ဆိုတဲ့သဘောပါ။ ဒါက နှစ်ဘက် လုပ်ငန်းအဖွဲ့တွေ ညှိပြီး ဆောင်ရွက်သွားမယ့်သဘောပါ။”

၁၉၉၀ ခုနှစ်၊ ရွေးကောက်ပွဲဝင်ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP ခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဇီုမီးအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်တို့ဝင်ပြိုင်တဲ့ဒေသမှာ ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘဲ တခြားနေရာအားလုံးမှာ ဝင်ရောက်အရွေးခံသွားမှာ ဖြစ်ပါတယ်။

NLDအနေနဲ့ နိုင်ငံတဝန်းလုံးရှိ မဲဆန္ဒနယ်မြေအားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပေမယ့် ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ်နဲ့တော့ ထိပ်တိုက်တွေ့ဆုံနိုင်တဲ့နေရာနည်းပါးတယ်လို့ SNLDရဲ့အတွင်းရေးမှူး စိုင်းညွန့် လွင်က အခုလိုဆက်ပြောပါတယ်။

“ကျနော်တို့နဲ့ NLD လည်း ထပ်နေတဲ့နေရာတွေ သိပ်အများကြီးမရှိဘူး။ အများကြီးထပ်မယ့်နေရာကတော့ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ- အဲလောက်ပါပဲ။ ဒါပေမယ့် ညှိနှိုင်းလုပ်ကြမှာပါ။”

ယခင် CRPPအဖွဲ့ဝင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့တဖြစ်လဲ မွန်အမျိုးသားပါတီကတော့ NLDအဖွဲ့ချုပ်အနေနဲ့ ဒီမို ကရေစီ လမ်းကြောင်းပေါ်မှာရှိတဲ့UNA ခေါ်စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ကို အသိ မှတ်ပြုပေးဖို့နဲ့ ပုဂ္ဂိုလ်ရေးအရ CRPP ခေါင်းဆောင် (၃) ဦးကိုသာ ကမ်းလှမ်းတဲ့ လုပ်ရပ်အပေါ်လက်မခံဘူးလို့အဖွဲ့ရဲ့ အတွင်းရေးမှူး (၁) နိုင်စိုးမြင့်က ပြောပါတယ်။

“SNLD ဦးခွန်ထွန်းဦးတို့ကို by name ပေါ့ဗျာ၊ CRPP ရဲ့အဖွဲ့ဝင်ဖြစ်ခဲ့ဖူးလို့ ဒီလောက်ပဲ သူတို့က ခွင့်ပြုတယ်ပေါ့။ အဲဒါဆိုရင်တော့ လုံလောက်တဲ့ မဟာမိတ်အပေါ် သဘောထား-လို့ ကျနော်တို့ မမြင်ပါဘူး။ NLD နဲ့ ကျနော်တို့ အမြဲတမ်း CRPP ကိုယ်စား …. နဲ့ UNA ကို အသိအမှတ်ပြုရမယ်။… UNA အဖွဲ့ဝင်တွေကို ဒီမိုကရေစီ လိုင်းပေါ်မှာ ရပ်တည်နေတဲ့ UNA အဖွဲ့ဝင်တွေကို အားလုံး အသိအမှတ်ပြုဖို့၊ ….အတတ်နိုင်ဆုံး နားလည်မှုပေးနိုင်ရမယ်။ ကျနော်တို့ SNLD ၃ ဦး…ကမ်းလှမ်းတာကို လက်မခံနိုင်ပါဘူး။”

ဇူလိုင် ၁၁ ရက်မှာ ပြုလုပ်ခဲ့တဲ့ NLD အဖွဲ့ချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကနေ ယခင် CRPP အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး တိုင်းရင်းသားပါတီတွေအားကောင်းတဲ့နေရာမှာ ရှောင်ပေးသင့်ရင် ရှောင် ပေးသွားမှာဖြစ်သလို အားမကောင်းတဲ့နေရာမှာNLD အနေနဲ့ဝင်ပြိုင်သွားမယ်လို့ မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

မဟာမိတ်တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးဖို့ အတွက်ကိုလည်း ဦးဟံသာမြင့်၊ ဦးဝင်းထိန်နဲ့ ဒေါ်နန်းခင်ထွေးမြင့်တို့ကို တာဝန်ပေးထားပြီး အမြန်ဆုံးတွေ့ဆုံ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

NLDအနေနဲ့ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီတွေနဲ့သာ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတိတွေနဲ့တွေ့ဆုံဖို့ အလားအလာမရှိသေးဘူးလို့ NLD ဘက်ကပြောပါတယ်။

လာမဲ့နိုဝင်ဘာလ (၈) ရက်နေ့မှာကျင်းပမဲ့အထွေထွေရွေးကောက်ပွဲမှာ အင်အားကြီးပါတီဖြစ်တဲ့ လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးပါတီကနေ အရွေးခံမဲ့ကိုယ်စားလှယ်ဦးရေ ထုတ်ပြန်ခြင်းမရှိသေးပေမဲ့ နိုင်ငံအဝှမ်းမှာအများဆုံး ဝင်ရောက် အရွေးခံသွားမှာဖြစ်ပြီး အမျိုးသားဒီ်မိုကရေစီအဖွဲ့ချုပ် NLD ပါတီကတော့ မဲဆန္ဒနယ် တစ်ထောင့်နှစ်ရာ နီးပါးမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကတော့ နေရာ (၇၄၉) မှာဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD မဲဆန္ဒ နယ် ၁၆၀ လောက် ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

တခြားနိုင်ငံရေးပါတီအသီးသီးကလဲ လာမဲ့ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ဖို့ တရားဝင်ကိုယ်စားလှယ်စာရင်း ထုတ်ပြန်မှုတွေရှိနေသလို ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတဲ့အနေအထားမှာရှိနေပါတယ်။

XS
SM
MD
LG